Pages

Friday, May 22, 2015

မိန်းမလျာဇာတ်ရုပ်နဲ့ အကယ်ဒမီရမယ်ဆိုရင် လိုချင်ပါတယ်ဆိုတဲ့ ရန်အောင်


RangonNewsDaily:: May . 22 .2015
အကယ်ဒမီခြောက်ဆုရှင် သရုပ်ဆောင် ရန်အောင်တယောက် အခုနောက်ပိုင်း ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ မိန်းမလျာ ဇာတ်ရုပ်ကို ပီပီပြင်ပြင် ဖန်တီးသရုပ်ဆောင်လာတာများလာတာကိုတွေ့ရပါတယ်။ တချို့ ဇာတ်ကားတွေထဲက သရုပ်ဆောင် ရန်အောင်ရဲ့ မိန်းမလျာပုံစံဇာတ်ရုပ်ဟာ ရန်အောင်လို့တောင် မထင်ရလောက်အောင် ၀တ်စားဆင်ယင်သရုပ်ဆောင်မှုဟာ လုံးဝကွဲထွက်နေတာပါ။
ဒီ့အပေါ် သရုပ်ဆောင် ရန်အောင် ရဲ့ ပရိတ်သတ်တွေအနေနဲ့ သူ့ရဲ့ ပီပြင်တဲ့ မိန်းမလျာဇာတ်ရုပ်ကို သဘောကျ နှစ်ခြိုက်ကြတဲ့သူရှိသလို အကယ်ဒမီများရှင် ရန်အောင်တယောက် ဒီလို ဇာတ်ရုပ်မျိုးနဲ့ ခေါက်ရိုးကျိုးသွားတော့မှာလားဆိုတဲ့ သို့လောသို့လော အတွေးတွေနဲ့ပါ။ ဒါကြောင့် အကယ်ဒမီများရှင် သရုပ်ဆောင် ရန်အောင်ကို ဧရာဝတီက မိန်းမလျာဇာတ်ရုပ်နဲ့ပတ်သက်လို့ စပ်စပ်စုစု မေးမြန်ထားတဲ့ အတိုအထွာလေးတွေကို ပြန်လည်တင်ပြလိုက်ပါတယ်။

မေး နောက်ပိုင်းဇာတ်ရုပ်တွေမှာ မိန်းမလျာဇာတ်ရုပ်တွေ အမြင်များလာရတဲ့အပေါ် ရှင်းပြပေးပါဦး။
ဖြေ မိန်းမလျာဇာတ်ရုပ်ဆိုတာက ကျနော် တချက်ရှင်းပြမယ်နော်။ ၂၀၁၄ ထဲမှာတော့ နှစ်ကားရိုက်ဖြစ်တယ်။ အဲ့ဒီနှစ်ကားမှာတော့ ရိုးရိုး အလှအပလုပ်ရတာပေါ့နော်။ အခု ၂၀၁၅ မှာကျတော့ အရင်တုန်းက “နတ်ကတော် မယ်ကင်း” ဆိုတာနဲ့ “ဆွဲစားပစ်လိုက်တော့” ဇာတ်ရုပ်ကို ရိုက်ဖြစ်တယ်။ အမှန်တော့ ရိုက်တာကတော့ နည်းနည်းကျဲတယ်။ 

ဇာတ်ကားကတော့ ကျဲတယ်။ ဒါပေမယ့် ဖေ့ဘုတ်ပေါ်တို့ အွန်လိုင်းပေါ်မှာ တို့ကတော့ ပြန်ပြန်တက်လာတဲ့အခါကျတော့ ခဏခဏရိုက်တယ် ထင်တာဖြစ်မယ်။ ကျနော်နဲ့ စိုးမြတ်သူဇာနဲ့တွဲထွက်တဲ့ “ဆွဲစားပစ်လိုက်တော့” ဆိုတဲ့ သွားခေါမ ကားဆို လွန်ခဲ့တဲ့ ၃ နှစ်က ရိုက်ခဲ့တဲ့ကားပါ။ ၂၀၁၂ ခုနှစ် ဒီလိုအချိန် က ရိုက်ခဲ့တာ။ 

ဒါကို ပြီးခဲ့တဲ့လကမှ ထွက်တာဆိုတော့ ၃နှစ်လောက်တော့ ကြာနေပြီပေါ့။ အဲ့ဒါတွေက ပြုံသွားတဲ့အခါကျတော့ အများကြီးရိုက်ခဲ့တယ်လို့ ထင်ကောင်း ထင်သွားလိမ့်မယ်။ ကျနော်ကတော့ သိပ်စိပ်စိပ် ကြီး မရိုက်ဘူး။ အခုတောင်မှ အန်တီမြင့်မြင့်ခိုင်တို့ ပုပ္ပါးမှာ သွားရိုက်နေတဲ့ ကားမှာလည်း ကျနော်ကို မိန်းမလျာ ဇာတ်ရုပ်လုပ်ပေးပါလို့ ပြောလာတာပေါ့နော်။ ကျနော်က အဲ့လိုပေါ့ ဇာတ်ရုပ်တွေလည်း များနေလို့လေ။ ဟိုတ လောကလည်း ကုမ္ပဏီတခုကနေပြီးတော့ ဒါရိုက်တာ သားညီ ရိုက်မယ့် ကားတခုပဲ။ အဲ့ဒီမှာလည်း ကျနော် မိန်းမလျာဇာတ်ရုပ်တွေများနေပြီလို့ မရိုက်ချင်လို့ မဟုတ်ပါဘူးပေါ့နော်။ မရိုက်ပါရစေနဲ့တော့လို့ တခြားဇာတ် လုပ်ပါလို့ ပြန်ပြောရတယ်။ အဲ့လိုပါ။

 နောက်တခုက ဒီ သွားခေါမ ဇာတ်ရုပ်ကို ရိုက်ဖြစ်တယ်ဆိုတာက အဲ့ဒါက ကျနော့်ရဲ့ ကာရိုက်တာပေါင်းများစွာက ဇာတ်ကောင်တခုပေါ့နော်။ ဘယ်လိုပြောမလဲ။ ကျနော့်ကိုယ်ပိုင် ဇာတ်ကောင် ပေါ့။ ရန်အောင်ရဲ့ ဇာတ်ကောင်တွေများထဲက တခုပါပဲ။ ပရိတ်သတ် သတိထားမိတဲ့ ဇာတ်ကောင်တခု ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါရိုက်တာအနေနဲ့ကလည်း ဒီကားမှာ ဒီ ဇာတ်ကောင်အဖြစ် ပါဝင်ပေးပါဆိုလို့ပါ။ နောက် ကိုကျော်ဇောလင်းကလည်း “ကိုတင့်တို့ စူပါရပ်ကွက်” မှာလည်း ခေါ်လို့ ပါပေးခဲ့တယ်။

မေး ဒီလို ဒါရိုက်တာတွေရော ထုတ်လုပ်သူတွေရောက အကို့ကို ဒီလို ဇာတ်ရုပ်မျိုးသရုပ်ဆောင်ပေးဖို့ လာလာ ကမ်းလှမ်းနေရခြင်းက အကို့ရဲ့ မိန်းမလျာပုံစံသရုပ်ဆောင်မှုမျိုးကို ပရိတ်သတ်က ကြိုက်နှစ်သက်လို့ အားပေးရင်း ဈေးကွက်အရအောင်မြင်လာလို့ ကမ်းလှမ်းလာခြင်းလို့ ဆိုလို့ရမလား။

ဖြေ အဲ့လိုလဲ မှတ်ယူလို့ရတယ်။ ကျနော်ဆို ဖေ့ဘုတ်မှာ ကျနော်ရှိုက်တဲ့ ပုံလေးတွေကို အမှတ်တရ အမြဲတမ်း တင်တယ်။ တင်တယ်ဆိုတာက သိပ်လည်း မျက်စိနောက်အောင် မတင်ပါဘူး။ တင်တဲ့အခါမှာ တစ်ရာမှာ ၁၀ ရာခိုင်နှုန်းလောက်ကတော့ သိပ်မကြိုက်ကြဘူး။ မကြိုက်ဘူးဆိုတာက ကျနော့ကို အရင်တုန်းကလို ချောချော လှလှ ခန့်ခန့်ညားညား တွေ့ထားဖူးတဲ့သူတယောက်က အဲ့လိုကြီးဆိုတော့ ကျနော်ကလည်း ကျနော်တို့ အသက်အရွယ်မှာကျတော့လည်း ဘယ်လိုလဲဆိုတော့ သရုပ်ဆောင်ဆိုတဲ့ ဘ၀တခုကို ခံယူထားတာကိုး။ 

အဲ့တော့ ကျရာဇာတ်ရုပ်ကို ငါ ပီပြင်အောင် လုပ်မယ်ပေါ့နော်။ အဲ့ဒီစိတ်ကူးနဲ့ပဲ လုပ်တာပါ။ ကျန်တာကတော့ ကျနော်တို့အနေနဲ့ ထူးပြီးလုပ်လာလည်း ဘာမှ ထူးမလာပါဘူး။ ပရိတ်သတ်ကို ဖျော်ဖြေမှုတခုအနေနဲ့ ကျနော် တို့ ဒါ ဟာသကားဆိုလည်း ဟာသကားအနေနဲ့ စိတ်ညစ်တာလေးတွေ ပြေပျောက်အောင် ရယ်စရာ မောစရာ လေးတွေဖြစ်အောင်လို့ပါ။ ကျနော်တို့လည်း ဒီဇာတ်ရုပ်ကို ရိုက်ပြီဆိုရင် နဂိုရုပ်ကို ဖျောက်ပစ်လိုက်တာလေ။ ကျနော်တို့ နဂို ရုပ်ကို မှတ်မိနေရင် ရန်အောင်ကြီးဆိုပြီး မြင်နေဦးမှာဆိုးလို့။ နဂိုရုပ်ကို အပြီးဖျောက်ပြီးတော့ကို အကုန်ပြောင်းပြီးတော့ ရိုက်တာ ဇာတ်ကောင် တကောင်သက်သက်ထွက်လာတာပေါ့နော်။ အဲ့လိုလေး ဖန်တီးပြီး ရိုက်တာပါ။ 

ပရိတ်သတ်က နောက်ပိုင်းကျတော့ နည်းနည်း နားလည်လာတယ်ပေါ့နော်။ အနုပညာအပေါ်မှာ။ နားလည်လာတဲ့အတွက်ကြောင့်လည်း ပရိတ်သတ်ကို အများကြီးကျေးဇူးတင်တယ်။ ဘာကြောင့်လည်းဆိုတော့ အရင်တုန်းကဆိုရင် ဦးရွှေဘတို့ ခေတ်ကဆိုရင် ရွှေဘ မနိုင်လို့ ပိတ်ကားကို ခဲနဲ့ ပေါက်တဲ့ခေတ်ပေါ့။ နားမလည်သေးဘူး။ အခုခေတ်ကျတော့ နားလည်လာပြီ။ ဒါဟာ အနုပညာ သရုပ်သဏ္ဍာန် တခုကို ဖန်တီးတာပဲဆိုတာကို နားလည်လာတဲ့ခေတ်မှာ လုပ်ရကိုင်ရတာလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် သိပ် လွန်လွန်ကျုးကျုးတော့ ကျနော်တို့မလုပ်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့လုပ်ရတာ တအား ပင်ပန်းတယ်။ ရတဲ့ အနုပညာကြေးနဲ့ ကျနော်တို့ အားထုတ်ရတာနဲ့ မကာမိပါဘူး။

မေး ပုံမှန်ဇာတ်ရုပ်ထက်ပိုအားထုတ်ရတယ်လို့ဆိုတော့ နဂို ပုံမှန်သရုပ်ဆောင်ရတာနဲ့ မိန်းမလျာပုံစံ သရုပ်ဆောင်ရတာ ပိုကွာခြားတယ်လို့ ပြောချင်တာပါလား။

ဖြေ တအားကွာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပြောရမယ့် စကားတွေ၊ မျက်လုံးအကြည့်တွေ၊ စကားပြောတဲ့ အသွားအလာတွေ ပြီးတော့ သူ့ရဲ့ culture မှာ ကိုင်တွယ်တဲ့ ပစ္စည်းတွေပေါ့။ ပိုက်ဆံအိတ်တို့ လက်ကောက် ဆွဲကြိုး၊ နားကပ် အဲ့လိုမျိုးတွေပေါ့။ ဆံပင်ဆိုရင်လည်း ဆံပင်အပေါ်က ဖဲပြားလေးတွေ လုပ်ရတာမျိုး အဲ့လိုမျိုးတွေပေါ့။ 

ဒါတွေက နိုင်ငံခြားမှာဆိုရင် dressing ပိုင်းကို တာဝန်ယူတဲ့သူရှိတယ်။ သူတို့ဟာသူတို့ အကုန်ဖန်တီးပြီးတော့မှ သရုပ်ဆောင် တယောက်က လာထိုင်ပေးရုံပဲ။ ဒီမှာကျတော့ ကိုယ့်ဘာသာကိုယ် အကုန်လုပ်မှတ်ပြီး အကုန်လုံး ဖန်တီးနေရတာ။ ကျနော်တို့ သာမာန်ရိုက်နေကျ ဇာတ်ရုပ်ထက်ကို သူ့ကို ၃ ဆလောက် အားပိုထုတ်ရတယ်။ မိန်းမတယောက်ရဲ့ ကိုင်နေကျ ပိုက်ဆံအိတ်တို့၊ စီးနေကျ ဖိနပ်မျိုးတွေကို ကိုယ့်ခန္တာကိုယ်နဲ့လိုက်မယ့်ဟာမျိုးတွေပေါ့။ကျနော့် ခန္တာကိုယ်ကလည်း အကြီးကြီးဆိုတော့လေ။ 

ဒါပေမယ့် ကျနော့်ကို အများကြီး ကူညီကြတဲ့သူတွေအများကြီးပါပဲ။ အဲ့လိုကူညီလို့လည်း ဒီလိုဖန်တီးလို့ရတာပါ။ ကျနော်တို့ရဲ့ လက်နက်လို့ခေါ်မလား။ ကျနော်တို့မှာ ၀ယ်ဝယ်ပြီး စုထားရတာတွေ ရှိတာပေါ့နော်။ လူဆိုးလာမလား၊ ရုံးစာရေးလာမလား၊ ချမ်းသာတဲ့ သူဌေးကြီးလာမလား၊ ကျောင်းဆရာလာမလား အဲ့လိုကာရိုက်တာတွေအတွက် အဆင်သင့်ရှိတယ်။ အဲ့လို မိန်းမလို ၀တ်ရတော့မယ်ဆိုတော့ ခေတ်မှာလည်း ဘယ်လိုမျိုးတွေ ၀တ်နေလဲဆိုတာကို ပြန်လေ့လာရပြန်ရော။ သူတို့လောကမှာ ဘယ်လို စကားလုံးမျိုးတွေ အသုံးများတယ်ဆိုတာလည်း လေ့လာပြီး ပြန်မှတ်သားရပြန်ရော။

မေး ဒီလို မိန်းမလျာဇာတ်ရုပ်မျိုး သရုပ်ဆောင်တာများလာတဲ့အပေါ် ဒါကြီးက အကို့အနုပညာလမ်းကြောင်းမှာ ခေါက်ရိုကျိုးသွားမလားဆိုတဲ့ စိုးရိမ်မှုမျိုးရော ရှိခဲ့ဖူးလား။

ဖြေ ကျနော့်အနေနဲ့က ကျနော်ဖန်တီးထားတဲ့ ဇာတ်ရုပ်တွေထဲမှာ ထူးထူးခြားခြားရှိတာ ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ ဆိုတဲ့ ဇာတ်ကားမှာ ၀၀တုတ်တုတ်ကြီး ဇာတ်ကောင်တကောင်လုပ်ထားတယ်။ ဒီလိုဇာတ်ကောင်မျိုးကို ကြုံရင် ကြုံသလို သုံးနေမှာပဲ။ သူနဲ့လိုက်တဲ့ ဇာတ်တခုမှာပေါ့လေ။ နောက် ထိပ်ပြောင် ကြီးနဲ့ သက်သက်ကို ဖန်တီးထားတဲ့ ဇာတ်ရုပ်ပေါ့နော်။ အဲ့လို ဇာတ်ရုပ်မျိုးလေးတွေကတော့ အမြဲတမ်းပြန်ပြန် ပြီး ရိုက်ဖြစ်နေမှာပါ။

အဲ့ဒီအပေါ်ကို ကျနော် နောင်တတော့မရဘူး။ သွားခေါမ ဆိုတဲ့ဇာတ်ရုပ်ကိုလည်း ကျနော် နှစ်နှစ် သုံးနှစ်လောက်ထားလိုက်ဦးမယ်။ မရိုက်သေးဘူး။ နောက် ပရိတ်သတ်က ပြန်တောင်းတတဲ့အချိန်မျိုး ကျရင်လည်း သွားခေါမ ခွင်တခွင်ထပ်တော့ ရိုက်ရင် ရိုက်ဦးမှာပါပဲ။

မေး ဒီလို မိန်းမလျာ ဇာတ်ရုပ်နဲ့ အကယ်ဒမီရသွားမယ်ဆိုရင်ရော ဘယ်လိုသဘောရပါသလဲ။
ဖြေ ကျနော်တို့ကတော့ ဒါဟာ အနုပညာတခုကို ဖန်တီးတာပဲလေ။ ဖန်တီးတဲ့ အနုပညာပေါ်မှာ အကယ်ဒမီဘုတ် အဖွဲ့ကလည်း ဒါဟာ ကာရိုက်တာ ဖော်ကျုးတဲ့နေရာမှာ သဏ္ဍန်လုပ်သရုပ်တူတယ်၊ ပီပြင်တယ်ဆိုရင်တော့ ကျနော်တို့လည်း ထိုက်ထိုက်တန်တန်ရချင်တာပေါ့။ ဒါဟာ ကျနော်တို့ လုပ်နေကြအလုပ်တခုမဟုတ်တာကို ဖောက်လုပ်ရတာလေ။ 
ဧရာဝတီ , KOLATT(PBDN)
RangonNewsDaily






0 comments:

Post a Comment