Pages

Friday, May 22, 2015

မုတ်သုံနှင့် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် ဒေသအချို့ ရေကြီးမှုအန္တရာယ်ရှိ ဟုဆို

RangonNewsDaily:: May . 22 .2015
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်း အရှိန်နှင့် မုတ်သုံလေ အားကောင်းနေခြင်းကြောင့် မြန်မာနိုင်ငံ အောက်ပိုင်းဒေသ အချို့တွင် နေရာကွက်၍ မိုးကြီးပြီး ရေကြီးမှုအန္တရာယ်ကို ကြုံတွေ့ရ နိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက သတိပေး ပြောကြားသည်။
“လေဖိအားနည်းရပ်ဝန်းက အားပျော့သွားပေမယ့် သူ့အရှိန်ရယ်၊ မုတ်သုံလေ အားကောင်းနေတဲ့ အနေအထားအရ နှစ်ရက်၊ သုံးရက်လောက် မိုးဆက်ရနေပြီး ရေကြီးတာတွေ ဖြစ်လာနိုင်တယ်”ဟု ၎င်းက သတိပေးပြောဆိုသည်။

မုတ်သုံလေ အားကောင်းနေသည့် အပြင် လေဖိအားနည်းရပ်ဝန်း အရှိန်ကြောင့် နေရာကွက်၍ မိုးကြီးနိုင်သည့် ဒေသများမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ ဖြစ်ကြောင်း ဦးကျော်မိုးဦးက ဆက်လက် ပြောကြားသည်။

ထို့ပြင် ကမ်းရိုးတန်းဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်တွင် မိုးသက်လေပြင်း ကျရောက်နိုင်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း၊ မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်၊ မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည့်အတွက် ငါးဖမ်းရေယာဉ်များ အနေနှင့် သတိပြုသွားလာရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန် ကြေညာထားသည်။

မေလ ၂၁ ရက်နေ့ တိုင်းထွာချက်များအရ ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီးမှု အလားအလာ နေရာများ မြင့်တက်လာနေကြောင်း၊ ရေကြီးရေလျှံမှု ဖြစ်ပေါ်နိုင်သည့် ဒေသများမှာ ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီးနှင့် ဧရာဝတီတိုင်းဒေသကြီး ပုသိမ် မြို့အနီး ဝန်းကျင်တို့ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးနှင့် ပြင်ဦးလွင်မြို့ တို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့ခြင်းကြောင့် မိုးရေချိန် စံချိန်သစ်တင်ကာ လမ်းမများပေါ်ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရသည်။
The Voice, KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment