Pages

Sunday, April 12, 2015

DKBA ဗိုလ်မှူးကြီးစောဆန်းအောင်ကို မူလတာဝန်ပြန်လွှဲရန် သဘောတူဆုံးဖြတ်


RangonNewsDaily:: April . 12 .2015
ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ်မတော်( DKBA)၏ တပ်မှူးများ အစည်းအဝေးမှ ကလူးထူးဘော ဗျူဟာမှူး ဗိုလ်မှူးကြီး စောဆန်းအောင်အား မူလ တာဝန်ကို ပြန်လည် လွှဲအပ်ရန် သဘောတူဆုံးဖြတ်လိုက်သည်ဟု တပ်ဖွဲ့၏ အထွေထွေ အတွင်းရေးမှူး စောလုံ့လုံက မဇ္ဈိမကို ပြောသည်။

ဧပြီလ ၈ ရက်နှင့် ၉ ရက်များတွင် ကလူးထူးဝါးဒေသတွင် ကျင်းပသော တပ်မှူးများ အစည်းအဝေးအတွင်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမူကြမ်း တွေ့ဆုံဆွေးနွေးမှုများကို ရှင်းလင်းခဲ့ပြီး တပ်ပိုင်းဆိုင်ရာနှင့် စီးပွားရေး ဆိုင်ရာကိစ္စများကို ဆွေးနွေး၍ ဗိုလ်မှူးကြီး စောဆန်းအောင်အား မူလတာဝန် ပြန်လွဲပေးအပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ တပ်မှူးစုံညီ အစည်းအဝေးမှာ စောဆန်းအောင်ကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံသဘောတူညီမှု ချမှတ်လိုက်တယ်။ အဓိက စစ်ရေးကဏ္ဍတွေ ဆွေးနွေးတဲ့နေရာမှာ သူ့ကို ဒီလိုလွတ်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ပါလာနိုင်တယ်။ ဒါကြောင့် တပ်ဖွဲ့ဝင်အဖြစ် လက်ခံခြင်းက ကျွန်တော်တို့ မလိုလားချက်တွေ ရှောင်ရှားနိုင်ပြီးတော့ ငြိမ်းချမ်းရေးကို သွားနိုင်တဲ့ ကိစ္စမှာမဟုတ်ရင် ဒေသတွင်း တည်ငြိမ်မှုတွေ ပျက်ပြားပြီးတော့ မလိုလားအပ်တဲ့ ပြဿနာတွေ ပေးလာမှာကြောက်လို့ ကျွန်တော်တို့ အားလုံး ပြန်လက်ခံခြင်း ဖြစ်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ DKBA ၏ ခေါင်းဆောင်အဖြစ် တာဝန်ယူထားသော စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမူရှေးတို့က မိသားစု ကျန်းမာရေးကြောင့် ခရီးလွန်နေသဖြင့် အစည်းအဝေးသို့ မတက်ရောက်နိုင်ခဲ့သော်လည်း အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သတင်းပို့ထားကြောင်း သူက ပြောသည်။

ဗိုလ်မှူးကြီး စောဆန်းအောင်အား တာဝန်ပြန်လည် လွဲအပ်လိုက်မှုနှင့် ပတ်သက်၍ အစိုးရနှင့် DKBA တို့ ဆက်ဆံရေးနှင့် ပတ်သက်၍ ဆက်သွယ်မေးမြန်းရန် ဆက်သွယ်ရေးတာဝန်ခံ ဗိုလ်မှူးကြီး မောင်လေးအား တာဝန်ပေးအပ်ထားသည်ဟု စောလုံ့လုံက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းက DKBA နှင့် အစိုးရ စစ်တပ်တို့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲနှင့်ပတ်သက်၍ ဌာနချုပ်သို့ အကြောင်းဖြေရှင်းရန် ပျက်ကွက်ခဲ့သဖြင့် ထိုနှစ် အောက်တိုဘာလ ၂၁ ရက်က ဗိုလ်မှူးကြီး စောဆန်းအောင်ကို အဖွဲ့မှ ထုတ်ပယ်ခဲ့ရာမှ ယခုနှစ် မတ်လ ၇ ရက်တွင် သူ့အား တပ်ဖွဲ့ဝင်အဖြစ် ပြန်လည် လက်ခံခဲ့ခြင်း ဖြစ်သည်။

သူ့အား ပြန်လည် တပ်ဖွဲ့အတွင်း ပြန်လည် လက်ခံလိုက်ပြီးနောက် မတ်လ ၁၁ ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်း အစိုးရ စစ်တပ်နှင့် DKBA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိခဲ့သည်။ လက်ရှိတွင် တည်ငြိမ်နေပြီ ဖြစ်ကြောင်း သူက ပြောသည်။

မဇ္ဈိမ , KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment