Pages

Sunday, April 12, 2015

ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေး သင်္ကြန် ဘယ်သွားချင်လဲ


RangonNewsDaily:: April . 12 .2015
၂၀၁၅ နှစ်သစ်ကူး သင်္ကြန်ပွဲတော် ရန်ကုန်မှာ ရေကစားကြမယ့် မဏ္ဍပ်တွေ ကတော့ ထုံးစံအတိုင်း ပြည်လမ်းမကြီးနဲ့ ကမ္ဘာအေးဘုရား လမ်းမကြီးပေါ်မှာ အများဆုံး ရှိနေမှာပါ။ မဏ္ဍပ်မှာထိုင်ပြီး သင်္ကြန်အလည်အပတ် ကားတွေကို ကြည့်ချင်သူတွေ၊ သူငယ်ချင်း၊ မိသားစုဝင်တွေနဲ့ အတူ ရေပက်ကစားချင်သူ အများစုကတော့ မဏ္ဍပ်ထိုင်ဖို့ကိုပဲ ရွေးချယ်ကြပါတယ်။

“ကလေးတွေ အတွက် Kid Zone ဆိုတာ လုပ်ပေးထားတယ်။ မိဘတွေ ကလည်း ကလေးတွေနဲ့ အတူ ရေကစားချင် တာမျိုး ရှိမှာ ဆိုတော့လေ။ လုံခြုံရေး အင်အားလည်း အများကြီးချထားပေးတယ်။ Water Cooling System တွေ လည်း ပါမယ်။ ဒီနှစ်မှာ ကားတွေက အရမ်းများလာတော့ လုံးဝ မရွေ့တော့ဘဲ ကြပ်နေမှာ စိုးရိမ်တယ်။ မဏ္ဍပ် လုပ်ရတာ မနှစ်ကထက် သစ်၊ အလုပ်သမား ဈေးနှုန်းတွေက အစ အများကြီး တက်သွားတယ် ဆိုတော့ ခက်ခဲတာ တွေရှိတယ်” လို့ ရွှေပိတောက် မဏ္ဍပ် စီစဉ်သူ မော်ဒယ်လ် သရုပ်ဆောင် စမိုင်းလ်က ဧရာဝတီကို ပြောပါတယ်။

ဗဟန်းမြို့နယ် ဆရာစံ လမ်းမကြီးပေါ်မှာ တည်ရှိမယ့် ရွှေပိတောက် ရေကစားမဏ္ဍပ်မှာ ဒီဂျေ အစီအစဉ်တွေ အပြင် အဆိုတော် အများအပြား ရှိမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ ၄ ရက်စာ ရိုးရိုးဈေးနှုန်း ၆၀ဝ၀ဝ ကျပ်နဲ့ VIP လက်မှတ် ကတော့ ကျပ် ၁ သိန်း ဖြစ်ပါတယ်။ VIP လက်မှတ် အတွက်ကတော့ ဘီယာ အကန့်အသတ်မရှိ သောက်သုံးနိုင်ပြီး အရက်ကိုတော့ Gold Label သောက်ခွင့်ပေးမှာ ဖြစ်သလို သီးသန့်နေရာကနေ ရေကစားခွင့် ရမယ်လို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ဆောက်လုပ်မယ့် မဏ္ဍပ်စီစဉ်သူ အများအပြား ကတော့ ဒီနှစ်မှာ ပါမစ်လျှောက်ထားခြင်း၊ အလုပ်သမား ငှားရမ်းခြင်းနဲ့ မဏ္ဍပ်ဆောက်လုပ်ခြင်း စတဲ့ကိစ္စ အများအပြားမှာ ဈေးနှုန်းတွေ တက်နေတာကြောင့် အခက်အခဲတွေ ကြုံနေရ ပေမယ့် မဏ္ဍပ်ဈေးနှုန်းကတော့ မနှစ်ကနဲ့ ကွာခြားမှု အနည်းငယ်သာ ရှိတယ်လို့ ပြောဆိုကြပါတယ်။

ပေ ၁၂၀ ရှည်ပြီး လူ ၁၅၀ဝ ခန့် ရေကစားနိုင်တဲ့ မဏ္ဍပ်တခုရဲ့ ကုန်ကျစရိတ်က ကျပ် သိန်း ၆၀ဝ ခန့်ရှိပြီး မဏ္ဍပ် အလှအပ ဆင်ယင်မှု၊ လုံခြုံရေး ကင်မရာတွေနဲ့ လုံခြုံရေး အစောင့်တွေ အတွက် ကုန်ကျစရိတ် မပါဝင်ပါ။ မဏ္ဍပ်ကြီး တခု တည်ဆောက်ဖို့ အချိန် ၅ ရက်က ၈ ရက် အထိ ကြာမြင့်နိုင်ပြီး မဏ္ဍပ်ဦးစီး ပြုလုပ်သူက ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီကို စပေါ်ငွေ ကျပ် သိန်း ၁၀ဝ တင်ရပါတယ်။

ညနေ ၆ နာရီထက် ကျော်လွန် ရေကစားခြင်း၊ ပတ်ဝန်းကျင်ကို ထိခိုက် ပျက်စီးစေခြင်းနဲ့ သစ်ပင်ပန်းမန်များ ထိခိုက် ပျက်စီးခြင်း စတဲ့ ဥပဒေ ချိုးဖောက်မှုတွေ တွေ့ရှိခဲ့ရင်တော့ အဲဒီစပေါ်ငွေ ပြန်ရတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ မဏ္ဍပ် စီစဉ်သူတချို့ကလည်း သူတို့ရဲ့ မဏ္ဍပ်မှာ လာရောက် ရေကစားသူ များပြားဖို့ အတွက် ပြည်ပက ဒီဂျေ ပညာရှင် တချို့ ခေါ်ယူ အသုံးပြုကြမယ် လို့ ဆိုပါတယ်။

“လုံခြုံရေး အင်အားကိုတော့ မနှစ်ကထက် တိုးမြှင့်ထားတယ်။ ပါမစ်လျှောက်ရတာ ခက်သလို ဈေးတွေ ကတော့ အကုန် တက်တယ်။ ဒါပေမယ့် မနှစ်ကနဲ့ ဒီနှစ် လက်မှတ်ဈေးနှုန်းက သိပ်မကွာဘူး။ လက်မှတ် အရောင်းကိုလည်း မနှစ်ကထက် လျှော့ထားတယ်။ Project X မှာ ဒီနှစ် Lucky Draw အစီအစဉ် ပါမယ်။ ဒီဂျေ အစီအစဉ်တွေ ရှိမယ်။ ၁၂ ရက်နေ့ ညမှာလည်း ပါတီ ရှိမယ်။ ၁၀ စောင်ဝယ်ရင် ၁ စောင် လက်ဆောင် ပေးတာမျိုးလည်း လုပ်ထားတယ်” လို့ Project X မဏ္ဍပ် စီစဉ်သူ တဦးဖြစ်တဲ့ မဆုပြည့်အောင်က ရှင်းပြပါတယ်။

ကမ္ဘာအေး ဘုရားလမ်းပေါ်မှာ တည်ရှိမယ့် Project X မဏ္ဍပ်ဈေးနှုန်းတွေ ကတော့ ၄ ရက်စာ လက်မှတ် အတွက် ၄၀ဝ၀ဝ ကျပ်၊ သင်္ကြန် အကျနေ့ အတွက် ၁၈၀ဝ၀ ကျပ်၊ အကြတ်နေ့ အတွက် ၂၂၀ဝ၀ ကျပ်နဲ့ အတက်နေ့ အတွက် ၃၀ဝ၀ဝ ကျပ် ဖြစ်ပါတယ်။ ဒီဈေးနှုန်းတွေက မတ်လ ၃၁ ရက်နေ့ အထိ ဖြစ်ပြီး ဧပြီလ ၁ ရက်က စလို့ ဈေးနှုန်း အပြောင်းအလဲ ရှိမယ် လို့ သိရပါတယ်။

ဒီနှစ် မဏ္ဍပ်လက်မှတ် ဈေးနှုန်းတွေက ၄ ရက်စာအတွက် ဈေးနှုန်း ၅၀ဝ၀ဝ ကျပ် မှ ၇၀ဝ၀ဝ ကျပ် ဝန်းကျင်၊ တနေ့ချင်း အတွက် ဈေးနှုန်းတွေ ကတော့ ကျပ် ၁၅၀ဝ၀ ကနေ ၃၅၀ဝ၀ ဝန်းကျင်မှာ ရှိတယ်လို့ မဏ္ဍပ် စီစဉ်သူတွေက ပြောပါတယ်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ မဏ္ဍပ် နေရာချထားရေး ကော်မတီရဲ့ ပြောဆိုချက်အရ မတ်လ ၃၀ ရက်အထိ ရေကစား မဏ္ဍပ် အကြီး ၃၄ ခုနဲ့ အလတ် ၂ ခု ချထားပေးပြီး ဖြစ်ကြောင်း၊ ကိုယ်ပိုင် မဏ္ဍပ်နေရာတွေ ထပ်မံ လျှောက်ထား လိုသူတွေ အတွက်လည်း စိစစ်ပြီး ချထားပေးဖို့ အစီအစဉ် ရှိကြောင်း သိရပါတယ်။

“မဏ္ဍပ် ဆောက်မယ့်သူတွေ အတွက် လျှောက်လွှာတွေ ဝယ်ကတည်းက စည်းကမ်းချက် ၄၄ ချက်ကို ထည့်ပြောပြပြီး သားဖြစ်တယ်။ လောလောဆယ်တော့ မဏ္ဍပ်အကြီးနဲ့ အလတ်က ၃၆ ခု ရှိပြီ။ နောက်ထပ် ကိုယ်ပိုင်မဏ္ဍပ်နေရာ လျှောက်ထား လာတဲ့ အပေါ်မှာလည်း စိစစ်ပြီး ချထားပေးဖို့ ရှိမယ်” လို့ မဏ္ဍပ် နေရာချထားရေး ကော်မတီ တာဝန် ရှိသူတဦးက ဧရာဝတီကို ပြောပါတယ်။

လူငယ် အများစုကတော့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ မဏ္ဍပ်ထိုင် ရေကစားဖို့ အဝတ်အစား၊ ဆံပင် အပြင်အဆင်တွေ ကအစ ပြင်ဆင်နေကြပြီလို့ ပြောပါတယ်။
“သူငယ်ချင်းတွေ စီစဉ်ထားတဲ့ မဏ္ဍပ်မှာ ဒီနှစ် ကစားမယ်။ ဒီဂျေတီးလုံး မြူးမြူးကြွကြွတွေ ကြားမှာ စည်းချက်လိုက် က,ရင်းနဲ့ ရေပက် ကစားရတာကို ပျော်တယ်။ မဏ္ဍပ်ထိုင်တာ ဒီနှစ်ပါဆို ၃နှစ်ရှိပြီ။ အခုကတည်းက ရင်တွေ ခုန်နေပြီ” လို့ အသက် ၂၁ နှစ် အရွယ် မသဲဇာမျိုးက ပြောပြပါတယ်။

၂၀၁၅ ခုနှစ်အတွက် မဏ္ဍပ်နေရာ ချထားရေး ကော်မတီက မတ်လအတွင်း ချထားပေးခဲ့တဲ့ မဏ္ဍပ်တွေ ကတော့ ရွှေပိတောက်၊ ပိတောက်ချစ်သူ၊ သင်္ကြန်ချစ်သူ၊ ရန်ကုန်သင်္ကြန် ၂၀၁၅၊ နွေဦးသင်္ကြန်၊ နှစ်သစ် ပိတောက်၊ ဟန်နွေဦး၊ တန်ခူးရေ၊ တန်ခူးလေပြေ၊ ပိတောက်ဝါ၊ အားသစ်မာန်၊ နွေရာသီပွဲတော် ၂၀၁၅ အပါအဝင် မဏ္ဍပ် ၃၆ ခု ရှိပြီ ဖြစ်ပါ တယ်။
မြန်မာနိုင်ငံမှာ သင်္ကြန်ဆိုရင် အစည်းကားဆုံး ရန်ကုန်သင်္ကြန် ပြီးရင် နေပြည်တော်နဲ့ မန္တလေး သင်္ကြန်တွေပါပဲ။ ရန်ကုန်သင်္ကြန်ကိုပဲ နှစ်တိုင်းလည် နေရလို့ ပျင်းလာရင် တခြားရွေးချယ်စရာ နေရာတွေ ဖော်ပြပါမယ်။

မန္တလေး သင်္ကြန်
မန္တလေး သင်္ကြန်ဆိုရင် ပထမဆုံး ပြေးမြင်ကြ မှာကတော့ မန္တလေးကျုံးကြီးနားက ရေကစား မဏ္ဍပ်တွေပါပဲ။ တကယ်လည်း မန္တလေးမှာ အစည်ကားဆုံးက မန္တလေးကျုံးဘေးက ရေကစား မဏ္ဍပ်တွေ ပါပဲ။ မန္တလေးသင်္ကြန်က ကျုံးပတ်ဝန်းကျင်မှာပဲ သွားစုပြီး စည်းကားနေတာမျိုး ပါ။

မန္တလေးမြို့ခံတဦး ဖြစ်တဲ့ ကိုပြည်စိုင်းက “လည်ပတ်စရာက မန္တလေးကျုံး ပတ်မယ်။ ပြီးရင် ဦးပိန်တံတား သွားမယ်။ စွယ်တော်လေးတို့ ရေတံခွန်တို့ သွားလို့ ရတယ်။ စစ်ကိုင်းဘက်ကိုလည်း သွားလည်တဲ့ သူတွေ ရှိတယ်။ တော်တော် များများက ဦးပိန်တံတားကို သွားကြတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

မန္တလေး သင်္ကြန်မှာ မဏ္ဍပ်တိုင်း ရက်အပြည့် ပက်ကြပြီး ဒီနှစ်မှာတော့ မဏ္ဍပ်တွေကို ကျုံးတဖက်စီမှာ ၁၀ ခုစီလောက် ပဲ ထားမယ်လို့ သိရပါတယ်။ ကျုံးရဲ့ တောင်ဘက်ကတော့ အစည်ကားဆုံး ဖြစ်ပြီး ကျုံး အရှေ့ဘက်မှာ ဌာနဆိုင်ရာ မဏ္ဍပ်တွေ၊ အနောက်ဘက်မှာ ကတော့ တနိုင်တပိုင် မိသားစု မဏ္ဍပ်လေးတွေ ရှိပါတယ်။

စီးပွားရေး လုပ်တဲ့ မဏ္ဍပ်တွေကတော့ ရက်အပြည့်ပက်မယ် ဆိုရင် ကျပ် ၅ သောင်း ဝန်းကျင် ရှိနိုင်တယ် လို့ သိရပါ တယ်။ အဲဒါက အစားအသောက်ပါသလို ဖယ်ရီလည်း စီစဉ်ပေးထားပါတယ်။

ပြီးတော့ မန္တလေးသင်္ကြန်မှာ စတုဒီသာ မုန့်လုံးလေးတွေ အပါအဝင် မြန်မာမုန့် လုပ်ကျွေးတာ၊ အအေးတိုက်တာတွေ ရှိသလို သင်္ကြန်တွင်း ဒုလ္လဘဝတ်တဲ့ ဘုန်းကြီးကျောင်းတွေ ကလည်း ဆွမ်းကပ် တာတွေ ရှိပါတယ်။ အများစု လည်ပတ်ကြတာ ကတော့ ကားတွေနဲ့ မော်တော် ဆိုင်ကယ်တွေ ပါပဲ။

မန္တလေး သင်္ကြန်ဆိုရင် ယဉ်ကျေးမှု သင်္ကြန်လို့ ပြောလို့ရတဲ့ မန္တလေး သင်္ကြန်၊ အလှပြကားတွေနဲ့ သင်္ကြန်ဟာ အခုဆိုရင် ကွယ်ပျောက်သွားရတဲ့ အခြေအနေကို ရောက်နေပြီလို့ မန္တလေးမြို့ အခြေစိုက် စာရေးဆရာ ဆူးငှက်က ဧရာဝတီကို ပြောပါ တယ်။ မန္တလေးမှာ တူးပို့ တူးပို့သံ သင်္ကြန်သီချင်းလေးတွေ ရှားပါးလာသလို Pop တွေ၊ Rock တွေ နေရာ ယူလာပြီး DJ ပွတ်တာတွေနဲ့ ကခုန်ရတဲ့ သင်္ကြန်ဖြစ် လာတာပါပဲ။

“ညပိုင်းမှာ ဆိုရင်လည်း ဖျော်ဖြေရေး မဏ္ဍပ်တွေ သိပ်မရှိတော့ဘဲ မြို့တော်ဝန် မဏ္ဍပ်လောက်ပဲ ရှိတော့တယ်။ ရပ်ကွက်တွေ ထဲမှာ ရပ်ကွက်အသင်း မဏ္ဍပ်တွေ မရှိတော့ဘူး။ အလှပြယာဉ် ဆိုရင်လည်း အရင်တုန်းက အသင်း ပေါင်း ၅၀ ကျော်လောက် ရှိတာ အခုက မြို့မ တသင်းပဲ ကျန်တော့တယ်။ အထူးသဖြင့် ညပိုင်းမှာ က,ပြဖျော်ဖြေတဲ့ မဏ္ဍပ်က လုံးဝ မရှိတော့တာပဲ” လို့ စာရေးဆရာ ဆူးငှက်က ဆိုပါတယ်။

နေပြည်တော် သင်္ကြန်
ဒီနှစ် နေပြည်တော် သင်္ကြန်ကတော့ နေပြည်တော် ဟိုတယ်ဇုန်မှာ ရှိတဲ့ ဟိုတယ်တွေ စုပေါင်းပြီး မဏ္ဍပ်ထိုးဖို့ စီစဉ်နေတယ် လို့ သိရပါတယ်။
“ကျနော်တို့ Max ကလည်း နေပြည်တော်မှာ မဏ္ဍပ်တခု ထိုးမှာပါ။ အဲဒီက ဟိုတယ်ဝန်ထမ်းတွေပဲ ပါဝင်မှာပါ” လို့ Max ကုမ္ပဏီရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုမိုးဝေက ပြောပါတယ်။

နေပြည်တော်က မဏ္ဍပ်တွေမှာ ဖျော်ဖြေရေး ကဏ္ဍအတွက် ကျပ်သိန်းပေါင်းများစွာ အသုံးပြုကြ သလို မဏ္ဍပ်တွေ ကိုလည်း စည်းကားအောင် ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်လေ့ ရှိပါတယ်။ အကျွေးအမွေး မျိုးစုံရှိသလို မော်ဒယ်၊ ဖက်ရှင်အဖွဲ့၊ ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်တွေ၊ တီးဝိုင်းတွေကို ဈေးကြီးပေး ခေါ်ယူထားကြပါတယ်။

ယခင် နှစ်တွေတုန်းက နာမည်ကြီး ကုမ္ပဏီကြီးတွေ အနေနဲ့ နေပြည်တော် သင်္ကြန် စည်ကားအောင် တာဝန်ယူ ကျင်းပပေးဖို့ နေပြည်တော် အာဏာပိုင်တွေက ညွှန်ကြားတာတွေ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အဲဒီလိုမျိုး တိုက်တွန်း တောင်းဆိုတာတွေ မရှိတော့ဘူးလို့ နေပြည်တော် ဟိုတယ် အသိုင်းအဝိုင်းက ပြောပါတယ်။

နေပြည်တော် မြို့ခံ ဦးမင်းဇော်ဇော်ထက်က “အခုနောက်ပိုင်း နေပြည်တော် သင်္ကြန်က Sky Net မဏ္ဍပ်မှာပဲ လူသွား အုံနေတယ်။ မြို့တော်ဝန် မဏ္ဍပ်မှာလည်း လူရှိတယ်။ လူငယ်တွေ ကတော့ အကုန်လုံး တနေကုန် က,ကြ ခုန်ကြတယ်။ မဏ္ဍပ်တွေက လူစည်ကားပြီး မပြန်အောင် မဏ္ဍပ်တွေက အစားအသောက်တွေလည်း ကျွေးကြတယ်၊ ဆိုတော့ ညနေပိုင်းလည်း ဆက်ပြီး က,ကြခုန်ကြတာပေါ့” လို့ ဧရာဝတီကို ပြောပါတယ်။

နေပြည်တော်မှာက သင်္ကြန်ဆိုရင် တနေရာနဲ့ တနေရာက သွားလာရေးက အနည်းငယ်တော့ အခက်အခဲ ရှိပါတယ်။ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေ ရှိရင် ပိုအဆင်ပြေပါ လိမ့်မယ်။ နေပြည်တော်မှာ ကားနဲ့ လည်တဲ့သူလည်း ရှိသလို ဆိုင်ကယ်နဲ့ လည်တဲ့သူတွေလည်း များပါတယ်။

နေပြည်တော်မှာ အစည်ကားဆုံးကတော့ ဟိုတယ်ဇုန်နား တဝိုက်မှာပဲ။ နေပြည်တော် သင်္ကြန် စလုပ်ကာစ တုန်းကတော့ တော်တော်စည်ကားပြီး အခုနောက်ပိုင်း အရင်လောက် မစည်ကားတော့ဘူး လို့လည်း သိရပါတယ်။ ၂၀၁၀၊ ၂၀၁၁ ဝန်ကျင်းလောက်မှာ အလွန်စည်ကားခဲ့ပြီး အဲဒီနှစ်တွေတုန်းက ဟိုတယ်တိုင်း နီးပါး မဏ္ဍပ်ထိုးကြတယ်။ အဲနောက်ပိုင်းမှာတော့ ဟိုတယ်တိုင်း မဏ္ဍပ် မလုပ်နိုင်ကြတော့ပါဘူး။

နေပြည်တော်က စည်ပင်အရာရှိ တဦးဖြစ်တဲ့ ဦးကိုကိုဦးကလည်း “ဒီနှစ် စည်ပင်မဏ္ဍပ်မှာ ယိမ်းပေါင်း ၂၁ ခု လာ က,မယ်လို့ စာရင်းပေးထားတယ်။ မနှစ်က ၂၉ ယိမ်း ဝင်ပြိုင်တာ ဆုတွေ ချီးမြင့်တယ်။ ပထမဆုက သိန်း ၂၀ ရတယ်။ ဒုတိယဆုက ၁၈ သိန်းနဲ့ ၂ သိန်းစီ လျော့ပေးသွားတယ်။ ကျန်တဲ့ ပြိုင်တဲ့ ယိမ်းအားလုံးကို နှစ်သိမ့်ဆု အဖြစ် ၄ သိန်းစီ ပေးခဲ့တယ်။ ဒီနှစ်တော့ ဘယ်လို သတ်မှတ်မလဲ ဆိုတာ မသိရသေးဘူး” လို့ ပြောပါတယ်။ ။

မန္တလေး ဦးပိန်တံတားမှာဆိုရင် လာရောက်သူ များလွန်းလို့ လူဦးရေ ကန့်သတ်မယ်လို့ သိရတယ် 

(ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
KOLATT(PBDN)
RangonNewsDaily









0 comments:

Post a Comment