Pages

Friday, March 6, 2015

အိမ်နီးချင်း အပါအဝင် အာရှနှင့် စစ်ခင်းစရာမရှိဟု တရုတ်သံအမတ် ပြောကြား


RangonNewsDaily:: March . 6 .2015
တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေး မပြေမလည် ဖြစ်လာသည့် အရေးကိစ္စတို့နှင့် ပတ်သက်၍ လေ့လာစောင့်ကြည့်သူ ပညာရှင်အချို့က “တရုတ်ပြည်သည် အာရှနှင့် စစ်ခင်းတော့မည်” ဟု ဝေဖန် သုံးသပ်ခဲ့ခြင်းသည် မည်သို့မျှ ယုတ္တိမရှိဟု တရုတ်သံတမန်ကြီး တစ်ဦးက ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြသည်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ဘယ်လ်ဂျီယံ နိုင်ငံရေးပညာရှင်တစ်ဦး ဖြစ်သူ ဂျွန်နသန်ဟိုးစ်လက်၏ “အာရှနှင့် ဖြစ်လာမည့် တရုတ်စစ်ပွဲ” ဟူသော စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအပေါ် ထားရှိသော မူဝါဒ အပါအဝင် အာရှနိုင်ငံများနှင့် ဆက်ဆံရေးနှင့် ပတ်သက်၍ ဒီဘိတ်ပြုလုပ်ရာ၌ ဘယ်လ်ဂျီယံနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး အူဇင်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“တရုတ်ပြည်ရဲ့ ပင်မအကျိုးစီးပွားဟာ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ အိုင်ဒီယာနှင့် သဟဇာတဖြစ်၊ မဖြစ် အဲဒီစာအုပ်ထဲမှာ ဖော်ပြထားတယ် ဆိုတော့ တရုတ်ပြည်ရဲ့ အဓိကအကျဆုံးသော အကျိုးစီးပွားတွေဟာ ဘာလဲဆိုတာကို ကျွန်တော့်အနေနဲ့ ရှင်းရှင်းလင်းလင်းသိအောင် ပြောရမှာ ဖြစ်ပါတယ်” ဟု သံအမတ်ကြီး အူဇင်းက စတင်ပြောဆိုသည်။

တရုတ်နိုင်ငံ၏ စက္ကူဖြူစာတမ်းတွင် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး ဟူသည့် အဓိပ္ပာယ်မှာ နိုင်ငံတော် အချုပ်အခြာအာဏာပိုင်မှု၊ အမျိုးသားလုံခြုံမှု၊ အမျိုးသားပြန်လည်သင့်မြတ်မှု အစရှိသည်တို့ ဖြစ်ကြောင်း၊ တရုတ်ပြည်၏ နိုင်ငံရေးစနစ်မှာလည်း အခြေခံဥပဒေ၊ လူမှုတည်ငြိမ်မှု၊ စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးရေးနှင့် လူမှုဖွံ့ဖြိုးရေးတို့ ရရှိစေမည့် စည်းမျဉ်းတို့ကို အခြေခံထားခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၎င်းင်းက ဘယ်လ်ဂျီယံနိုင်ငံရေး ပညာရှင် ဂျွန်နသန်၏ စာအုပ်ထဲတွင် ဖော်ပြထားသည့် တရုတ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ် အငြင်းပွားမှုများသည် စစ်ပွဲများ ပေါ်ပေါက်လာသည်အထိ အန္တရာယ်ကြီးမားနေသည် ဟူသော အချက်ကို ငြင်းဆိုပြောကြားသည်။

“ပါမောက္ခ ဂျွန်နသန်ဟာ တရုတ်ပြည်ရဲ့ သံတမန်ရေးရာ သမိုင်းကြောင်းကို လေ့လာနေတဲ့သူ တစ်ယောက်ဆိုတော့ သူ့အနေနဲ့ ၁၉၄၉ ခုနှစ် တရုတ်ကွန်မြူနစ်ပါတီက ကူမင်တန်ပါတီ နေရာကို အစားထိုးရယူပြီး အာဏာရပါတီအဖြစ် တာဝန်ယူလိုက်တဲ့ သမိုင်းကို သိထားသင့်ပါတယ်။ တရုတ်ပြည်ဟာ ကုန်းတွင်းပိုင်း နယ်နိမိတ်နဲ့ ပတ်သက်ပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ အငြင်းပွားခဲ့တာ ရှိပါတယ်။ ကွန်မြူနစ်ပါတီဟာ အဲဒီအငြင်းပွားမှုတွေကို သံတမန်ရေးအရ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ပြီး ငြိမ်းချမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့တာပါ။ အိမ်နီးချင်းနိုင်ငံပေါင်း ၁၄ နိုင်ငံ ရှိတဲ့အနက် ၁၂ နိုင်ငံနဲ့ အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်” ဟု ၎င်းက ထပ်လောင်းပြောဆိုသည်။

“တရုတ်ပြည်ဟာ နယ်နိမိတ် အငြင်းပွားမှုတွေကို ကောင်းစွာဖြေရှင်းနိုင်ခဲ့ခြင်း မရှိဘူးဆိုတဲ့ သက်သေအထောက်အထားတွေ သမိုင်းကြောင်းမှာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment