Pages

Thursday, February 26, 2015

မုံရွာမြို့ ကြက်မွေးမြူဇုန်တွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားလျက်ရှိပြီး ကြက်ကောင်ရေ ၁၅၀၀ ခန့်နှင့် ငုံးကောင်ရေ တစ်သောင်းကျော် သေဆုံး


RangonNewsDaily:: February . 26 .2015
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ သာစည်လမ်းမကြီးပေါ်တွင် တည်ရှိသည့် ကြက်မွေးမြူရေးဇုန်တွင် ကြက်ငှက်တုပ်ကွေး ရောဂါများ ဖြစ်ပေါ်နေလျက်ရှိပြီး ကြက်နှင့်ငုံးများ သေဆုံးလျက်ရှိကာ ငုံးသေဆုံးမှုမှာ ပိုမိုများလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
ဖေဖော်ဝါရီ လဆန်းပိုင်းမှာ စတင်ပြီး ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်နိုင်ခြေ သံသယများရှိခဲ့၍ စောင့်ကြည့်ကြပ်မတ်နေစဉ် ကာလတွင်း ဖေဖော်ဝါရီ ၁၀ ရက်တွင် စတင်ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ကြက်ကောင်ရေ ၁၅၀၀ နီးပါး သေဆုံးခဲ့ကာ ၁၅၀၀ ခန့်ကို ဖျက်ဆီးသုတ်သင်ခဲ့ပြီး ငုံးကောင်ရေ တစ်သောင်းကျော် သေဆုံးကာ နှစ်သောင်းကျော်ကိုလည်း ဖျက်ဆီးသုတ်သင်ခဲ့ကြောင်း သိရသည်။

“၂၀၀၆ အစောပိုင်းကတည်းက စဖြစ်ပေမယ့် လူကိုကူးစက်ပြီး သေဆုံးတာမျိုး ရှိခဲ့သေးပါဘူး။ အရေးကြီးတာကတော့ ပြည်သူလူထုကို မကူးစက်ရေးပါပဲ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဆိုတော့ ကာကွယ်ဖို့ ကုသဖို့ အရမ်းခက်ခဲလှတဲ့ ကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။
::
အခုလတ်တလော ဖြစ်ပွားနေတဲ့ ကြက်ငှက်တုပ်ကွေးရောဂါကို ပြည်သူလူထုကို မကူးစက်အောင်ဆိုပြီး ကြက်မွေးမြူရေးဇုန်ထဲက ကြက်ဥ၊ ငုံးဥ၊ ကြက်သား၊ ငုံးတွေကို ပြင်ပကို လုံးဝအထွက်မခံဘဲ ပိတ်ဆို့တားဆီး ထားပါတယ်။ အပြင်က ထပ်မံတင်သွင်းမယ့် ကြက်ငုံးတွေကိုလည်း ထပ်မံပြီး တင်သွင်ခွင့် မပြုပါဘူး။ အခုလက်ရှိ ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားမှုကြောင့် ကြက်သေဆုံးမှုထက် ငုံးသေဆုံးမှုက ပိုများပါတယ်” ဟု တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီဌာနမှ အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။


“ကျွန်တော်တို့ကတော့ ရောဂါဖြစ်ပွားနေတဲ့ ကြက်တွေ၊ ငုံးတွေကို ရှင်းလင်းသုတ်သင် ပေးရပါတယ်။ ဇုန်ထဲကို သုံးဘီဆိုက်တွဲနဲ့ သွားပြီးတင်တယ်။ တင်ပေးလိုက်တဲ့ ကြက်သေ ငုံးသေတွေကို မြေကျင်းတူးပြီး ဆေးဖျန်းတယ်၊ မီးရှို့တယ်၊ မြေမြှုပ်ရတယ်။ တချို့ ခြံပိုင်ရှင်တွေကတော့ သူတို့ခြံမှာ မသင်္ကာတဲ့ ငုံးတို့ ကြက်တို့ဆိုရင် မသေသေးပေမဲ့ ဆွဲထုတ်ပြီး တင်ပေးလိုက်တယ်။ တစ်ခေါက်သယ်လာပြီး ပြန်လာရင် နောက်တစ်ခေါက်အတွက်က တင်ပေးစရာ ကြက်တွေငုံးတွေက အသင့်အနေအထား ဖြစ်နေပြန်ပြီ” ဟု ကြက်သေငုံးသေများအား ရှင်းလင်းရေးဆောင်ရွက်နေသည့် လုပ်သားတစ်ဦးက ဆိုသည်။
::
“ရောဂါဖြစ်ပွားနိုင်တဲ့ သံသယလက္ခဏာတွေကို ကြိုတင်ပြီး သိထားလို့ ရပါတယ်။ ကြက်ငှက်ငုံးတွေရဲ့ ခန္ဓာကိုယ်မှာ၊ ခြေထောက်တွေမှာ သွေးအနီရောင် အစက်အပြောက်လေးတွေ ပေါ်လာတာကို မြင်တွေ့ရမှာပါ။ ကြက်ဆိုရင် အမောက်တွေက ပုံမှန်အနီရောင် မဟုတ်ဘဲ ညိုမည်းလာတဲ့ လက္ခဏာကို ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ အခုပြောတဲ့ ရောဂါလက္ခဏာက လည်လိမ်ရောဂါလက္ခဏာနဲ့လည်း တူနေပြန်တတ်ပါတယ်” ဟု တိရစ္ဆာန်ဆရာဝန် တစ်ဦးက ပြောကြားသည်။

မုံရွာမြို့ ကြက်မွေးမြူရေးဇုန်တွင် ကြက်ခြံပေါင်း ၃၀၀ ကျော်တွင် ကြက်ကောင်ရေ ၁၄၀၀၀၀ နီးပါး မွေးမြူထားရှိပြီး အသားစားကြက် မွေးမြူသည့် အကောင်ရေ ၃၀၀၀ ကျော်ခန့်ရှိကာ ငုံးမွေးမြူရေးခြံပေါင်း ၁၀၀ ကျော်တွင် ငုံးကောင်ရေ ငါးသိန်းနီးပါး မွေးမြူထားရှိပြီး တစ်ရက်လျှင် ကြက်ဥအလုံးရေ ရှစ်သောင်းနီးပါးကျော် ထွက်ရှိပြီး အထက်ချင်းတွင်းဒေသရှိ ဈေးကွက်များသို့ တင်ပို့ရောင်းချနေလျက်ရှိကြောင်း ကြက်မွေးမြူရေးဇုန် လုပ်ငန်းရှင်များထံမှ သိရသည်။
::
မုံရွာကြက်မွေးမြူဇုန် ကြက်ငှက်တုပ်ကွေး ရောဂါများ ဖြစ်ပွားနေမှုကြောင့် ကြက်ငှက်တုပ်ကွေးရောဂါ ထိန်းချုပ်ကာကွယ် တားဆီးရေးဖွဲ့ကို ဖေဖော်ဝါရီ ၂၄ ရက်တွင် ဖွဲ့စည်းပြီး ဇီဝလုံခြုံရေး တိုးမြင့်ရန် အစီအစဉ်များ ပြုလုပ်နေလျက်ရှိကြောင်း သိရသည်။

စိုးမိုးထွန်း (မုံရွာ)
EMG ::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment