Pages

Wednesday, January 7, 2015

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ညင်းထွေးကျေးရွာတွင် ဘုန်းကြီးပျံပွဲ မီးရှူးမီးပန်း ပရိသတ်အကြား ကျရောက်မှုကြောင့် လူ ၂၀ ဒဏ်ရာရ


RangonNewsDaily:: January . 7 .2015
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ညင်းထွေးကျေးရွာတွင် ဇန်နဝါရီလ ၄ ရက်နေ့ ည ၁၁ နာရီခန့်က ပြုလုပ်သည့် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တ ကောဝိဒ မဟာထေရ်မြတ်၏ အန္တိမဈာပန (ဘုန်းကြီးပျံပွဲတွင်) ပစ်ဖောက်သည့် မီးရှူးမီးပန်းသည် ပွဲတော်လာ ပရိသတ်ကြား ကျပေါက်သည့်အတွက် လူ ၂၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီက သတင်းထုတ်ပြန်သည်။
၁၃၇၆ ခု နယုန်လပြည့်ကျော် (၄) ရက်နေ့တွင် ပျံလွန်တော်မူခဲ့သော သက်တော် ၉၂ နှစ် သိက္ခာတော် ၇၂ ဝါ ရှိသည့် ဆရာတော် ဘဒ္ဒန္တ ကောဝိဒ မဟာထေရ်မြတ် ရုပ်ကလာပ်တော်ကို မီးသင်္ဂြိုဟ်ရန် စီစဉ်ပစ်ဖောက်ခဲ့ရာမှ ပရိသတ်ကြားကျကာ မတော်တဆ ပေါက်ကွဲသဖြင့် အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူများကို ထားဝယ်ဆေးရုံကြီးသို့ ချက်ချင်းတင်ပို့ခဲ့ပြီး ယင်းလူနာများအတွက် လိုအပ်သော ဆေးဝါး၊ သွေး၊ အခြားအသုံးစရိတ်များကို ထောက်ပံ့ခြင်းအပြင် လူနာစောင့် မရှိသော သူများကို အိမ်သို့ အကြောင်းကြားပြီး လူနာစောင့် ရရှိအောင် လုပ်ဆောင်ပေးခဲ့ကြောင်း ယင်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
::
“မတော်တဆ ပေါက်ကွဲမှုမှ ထိခိုက်ဒဏ်ရာ ရတဲ့အတွက် ပွဲတော်ကျင်းပရေး ကော်မတီ အနေနဲ့ စိတ်မကောင်း ဖြစ်ခဲ့ရတယ်၊ ဒဏ်ရာရရှိသူတွေရဲ့ ကျန်းမာရေး အခြေအနေ ကောင်းလာတဲ့အထိ ကူညီစောင့်ရှောက် ပေးသွားမယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

မီးရှူးမီးပန်းများကို ဆရာတော်၏ ရုပ်ကလာပ်တော်အား လောင်တိုက်သို့ ပင့်ဆောင်စဉ် ပစ်ဖောက်ခြင်း ဖြစ်ပြီး ပထမအကြိမ် ပစ်ဖောက်စဉ် အသံကျယ်ခြင်း၊ တုန်ခါမှုများခြင်း၊ မီးပန်းထွက်အား များခြင်းကြောင့် အခမ်းအနားသို့ လာရောက်သည့် ပရိသတ်များကို မီးပန်းပစ်ပေါက်သည့် နေရာနှင့် ဝေးရာတွင်နေရန် သတိပေးမှုများ ပြုလုပ်နေသည့် အကြားက ယင်းသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင်တစ်ဦးက ရှင်းပြသည်။
::
“ဒုတိယအကြိမ် ပစ်တဲ့အချိန်မှာ ဖြစ်တာ၊ မီးပန်းကြီးက လည်တက်လာပြီး လူအုပ်ကြား ကျပေါက်တာ။ မြေပြင်ပေါ်မှာလား၊ လေပေါ်မှာလား ဆိုတာတော့ မသိဘူး” ဟု ယင်းပွဲတော်သို့ သွားရောက်ခဲ့သည့် မျက်မြင် ထားဝယ်ဒေသခံ လူငယ်တစ်ဦးက ဆိုသည်။

ယင်းအခမ်းအနားကို ထားဝယ်-ရေး လမ်းမကြီး နံဘေးရှိ ညင်းထွေးကျေးရွာ အပြင်ဘက် ၁၀ ဧက အကျယ်ရှိ လယ်ကွက်တွင် ပြုလုပ်ခြင်းဖြစ်ပြီး မီးပန်းကျချိန်တွင် ပွဲတော်လာ ပရိသတ်များနှင့် ပြည့်ကျပ်နေပြီး မီးပန်းကျသည့်နေရာ အနီးတစ်ဝိုက်ရှိ ပရိသတ်များ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။
::
“လူနာတွေ အခြေအနေ ကောင်းပါတယ်၊ ထိခိုက်ဒဏ်ရာ နည်းနည်းစီရတယ်၊ တစ်ဦးက နဖူးကို ထိတယ်ဆိုတော့ စောင့်ကြည့်ရမယ်၊ အထူးစိုးရိမ်စရာတော့ မရှိပါဘူး၊ ဒီနေ့ အချို့ဆေးရုံက ပြန်ဆင်းလို့ရပြီ” ဟု ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ဆိုသည်။
::
ယင်းသို့သော ပွဲတော်အခမ်းအနားများ ကျင်းပသည့်အခါ လုပ်သင့်လုပ်ထိုက်၊ ပူဇော်သင့် ပူဇော်ထိုက်သလောက်သာ လုပ်ရန်လိုပြီး အန္တရာယ်ရှိသော ဗြောက်အိုး၊ မီးရှူးမီးပန်းများကို အသုံးပြုရန် တားမြစ်သင့်ကြောင်း အထက်ပါ တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။

(Dawei Watch) ::--KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment