Pages

Sunday, November 9, 2014

ထောင်ကျခဲ့ခြင်းကို ထိမ်ချန်သည်ဟုဆိုကာ ဦးဝင်းချိုအား စည်ပင်ကော်မရှင် ပယ်ချ၊ ကြံ့ခိုင်ရေး ပါတီဝင် အချို့ နုတ်ထွက်စာ အတုဖြင့် ၀င်ရောက်ယှဉ်ပြိုင်

RangonNewsDaily:: November . 8 .2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့် ဆင့် ရွေးကောက်ပွဲ အတွက် ၀င်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်း တင်သွင်းထားသူ ဦးဝင်းချိုအား ကိုယ်ရေးရာဇ၀င် ဖြည့်သွင်းရာတွင် ထောင်ကျခဲ့သည့် အကြောင်းအား ထိန်ချန်ခဲ့သည်ဟုဆိုကာ စည်ပင်ကော် မရှင်က ပယ်ချခဲ့ကြောင်း ကာယကံရှင် ဖြစ်သူ ဦးဝင်းချိုက နိုဝင်ဘာလ ၃ရက်နေ့ တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။
၂၀၁၀ ရွေးကောက်ပွဲ ကာလက တစ်သီးပုဂ္ဂလအဖြစ် ၀င်ရောက်ယှဉ်ပြိုင် ခံဖူးသူ ဦးဝင်းချိုသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်အဖြစ် အနောက်ပိုင်းခရိုင်အတွက် ၀င်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးခြင်းဖြစ်ပြီး ကော်မရှင် အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် ယခုကဲ့သို့ ပယ်ချခံရခြင်း ဖြစ်သည်။

“ကျွန်တော့်ကို ကိုယ်ရေးရာဇ၀င် ထိန်ချန်မှုနဲ့တဲ့။ ကျွန်တော်ဟာ ထောင်ကျ ထားခဲ့ပါတယ် ဆိုတဲ့ဟာကို ကိုယ်ရေးရာဇ၀င်ထဲမှာ ထည့်မရေးလို့တဲ့။ ဆိုတော့ အဲဒီ စိစစ်တဲ့နေ့တုန်းက ကျွန်တော် သေသေ ချာချာ မေးပါ တယ်။အဲဒီပရိသတ်တွေ အားလုံး၊ စိစစ်တဲ့ ကော်မရှင်အဖွဲ့ဝင်တွေ အားလုံးရှေ့မှာ ကျွန်တော် သေသေ ချာချာ မေးပါတယ်။

ကိုယ်ရေးရာဇ၀င် ရေးခိုင်းတာတော့ ဟုတ်ပြီ။ ဘာတွေ လိုချင်သလဲ။ လို ချင် တာကို ဖြ စ်နိုင်ရင် Format ကလေး၊ ပုံစံကလေးချပြီးတော့ ရေးပေးထားရင် ကျွန်တော်တို့များ ကြိုသိရင် ပြည့်ပြည့် စုံစုံ ရေးနိုင်တာပေါ့လို့ ပြောခဲ့ပါတယ်။ အဲဒါကို ““ရပါတယ်၊ ခင်ဗျား ရေးချင် သလိုရေးပါ”” တဲ့။ ရေးလည်း ရေးပြီးကော ကျွန်တော် ထောင်ကျခဲ့တာတွေကို ထည့်သွင်း မဖော်ပြခဲ့တဲ့အတွက် ကျွန်တော်ဟာ ကိုယ်ရေးရာဇ၀င် ထိမ်ချန်သူ ဖြစ်တယ်တဲ့။ ဥက္ကဋ္ဌက ကိုယ်တိုင်ပြောတယ်။ ဥက္ကဋ္ဌပြောတာ မဟုတ်ပါဘူး တဲ့။ ကော်မရှင် အဖွဲ့ဝင်တွေအားလုံးရဲ့ သဘောတူညီချက်နဲ့ ပြောတာ ဖြစ်ပါတယ်တဲ့”” ဟု ထုတ်ပယ်ခံရသူ ဦးဝင်းချိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။

နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သူ ဦးဝင်းချိုသည် လူ့အခွင့်အရေး၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်၊ လယ်သမား အခွင့်အရေးများအတွက် ပါဝင် လုပ်ကိုင်ပေးမှုများကြောင့် မကြာခဏ ဆိုသလို ပုဒ်မ အမျိုးမျိုး တပ်၍ အာဏာပိုင်များက ထောင်ဒဏ်ချမှတ်ခြင်း ခံနေရသူ တစ်ဦးလည်း ဖြစ်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ အတွက် လက်ရှိတွင် ၀င်ရောက် ယှဉ်ပြိုင်ထားသူ ၃၀၅ ဦးအထိ ရှိပြီးယင်းတို့ထဲမှ ဦးဝင်းချို အပါအ၀င် ခုနစ်ဦးအား သတ်မှတ် အရည်အချင်းနှင့် ကိုက်ညီမှု မရှိခြင်းကြောင့် ပယ်ချခံရပြီး အခြားခုနစ်ဦးမှာ မိမိသဘောဆန္ဒအရ ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်း သွားခြင်း ဖြစ်သည်။

ယင်း ၁၄ ဦးမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင် အဖြစ် လေးဦး၊ ခရိုင်စည်ပင် ကော်မတီဝင် တစ်ဦးနှင့် မြို့နယ်စည်ပင် ကော်မတီဝင်အဖြစ် လျှောက်ထားသူ ကိုးဦးတို့ ဖြစ်သည်။ ကိုယ်ရေးအချက်အလက် ထိန်ချန်မှုဖြင့် ပယ်ချခံရသည့် အကြောင်းကိုမူ ရန်ကုန်စည်ပင် ကော်မရှင်က အကြောင်းကြားခဲ့ခြင်း မရှိကြောင်း နှင့် ယခင်စိစစ်စဉ် အချိန်ကလည်း ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေး ၀န်ကြီးဌာန တာဝန်ရှိသူ များနှင့် လူဝင်မှုကြီးကြပ်ရေး – လ၀က တာဝန်ရှိသူများ ရှေ့တွင် စိစစ်ခံခဲ့ခြင်း ဖြစ်ကြောင်းကိုလည်း ““လုံးဝ အကြောင်း မကြားပါ။ ဒီမနက် (နိုဝင်ဘာ ၅ ရက် နံနက်)ပဲ ကျွန်တော် ကော်မရှင်ရုံးခန်းထဲကို ၀င်တွေ့ပါတယ်။ ၀င်တွေ့ ပြီးတော့ အဲဒါဆိုရင်လည်း ရပါတယ်။ အဲဒီလို ကိုယ်ရေးရာဇ၀င် ထိန်ချန်တဲ့အတွက် ကျွန်တော့်ကို ငြင်းဆန်တာ ဖြစ်တယ်ဆိုတဲ့ အကြောင်းကို တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကများ စာလေးနဲ့ ထုတ်ပေးပါလား ဆိုတော့ မရေးပါဘူးတဲ့”” ဟု ဦးဝင်းချိုက ပြောသည်။

ကိုယ်စားလှယ် အမည်စာရင်းများကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက်က ကြေညာခဲ့ပြီး ၀င်ရောက် ယှဉ်ပြိုင် သူများအနေဖြင့် ရွေးကောက်ပွဲ မပြုလုပ်မီ တစ်ရက် အလိုအထိ မဲဆွယ်စည်းရုံးခွင့် ပြုထားသည်။ ယင်းရွေးကောက်ပွဲကို ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ကာ ကိုယ်စားလှယ် စုစုပေါင်း ၁၁၅ ဦး ရွေးချယ်မည် ဖြစ်သည်။

အဆိုပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆင့်ဆင့် ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်သူများ အနေဖြင့် ပါတီနိုင်ငံရေး ကင်းရှင်းရမည်ဖြစ်ကြောင်း ကော်မရှင်က သတ်မှတ် ထားသော်လည်း အာဏာရ ကြံ့ခိုင်ရေး ပါတီဝင်အချို့လည်း ၀င်ရောက် လျှောက်ထားမှုများ ရှိသည်။

ယင်းသို့ လျှောက်ထား နိုင်ရန်အတွက် သက်ဆိုင်ရာ မြို့နယ်အတွင်းရေးမှူးများက နုတ်ထွက်စာများ ထုတ်ပေးလျက် ရှိသော်လည်း ရွေးကောက်မခံရပါက ပါတီသို့ ပြန်ဝင်ကြရ မည် ဖြစ်ကြောင်းလည်း ကြံ့ခိုင်ရေး ပါတီမှ ၀င်ရောက်ယှဉ်ပြိုင်မည့်သူတစ်ဦးက ယခုကဲ့သို့ ပြောပြသည်။

““တင်ရတယ်။ ထွက်စာတွေ အကုန်တင်ရတယ်။ သူ အကုန်လုံး ထွက်စာ ထုတ်ပေးတယ်။ ဒေါ်— (မြို့နယ် အတွင်းရေးမှူး) အကုန်ထုတ်ပေးတယ်။ ကျွန်တော်တောင် ထွက်စာ သွားယူရဦးမယ်။ အင်ထွက်စာလား ဆိုတော့ ကျွန်တော်တို့ ရပ်မိရပ်ဖနေရာအတွက်ကို ပါတီက ထွက်ခွင့်ပြုပါတယ် ဆိုပြီးတော့ပဲ အဲဒီလို တည်ထားတာဗျ။ တင်တဲ့အခါကျတော့ သူကနုတ်ထွက်ခွင့် ပြုသည်ပေါ့။ အဲဒီလိုမျိုးရေးပေး လိုက်တယ်။ ဒါတွေကလည်း သိတဲ့အတိုင်းပါပဲ။ အင်ထွက်တာလားဆိုတော့ ဟိုဘက်က စိစစ်တဲ့အခါကျရင် ဟိုဒင်း ဖြစ်အောင်ပေါ့။ မဖြစ်ရင်လည်းပါတီ ပြန်ရောက်သွားကြမှာပါ ဒီလူတွေက။ သိတဲ့အတိုင်းပဲ”” ဟု ကြံ့ခိုင်ရေး ပါတီမှ စည်ပင် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ထားသူတစ်ဦးက ဆိုသည်။

ယခုကဲ့သို့ ပယ်ချခံရမှုနှင့် ပတ်သက်၍ ကော်မရှင်က အယူခံခွင့်ပြုထားပြီး မိမိအနေဖြင့် ဆက်လက်ယှဉ်ပြိုင် သွားမည် ဖြစ်ကြောင်းကိုလည်း ““အဲဒီမှာကော်မရှင်တွေ အဖွဲ့ဝင်တွေ အားလုံးကိုလည်း သေသေ ချာချာ ပြောခဲ့တယ်။ ကျွန်တော် ဥပဒေနဲ့ ငြိစွန်းနေတဲ့ အချက်တွေရှိရင် တိတိကျကျ ပြောပါ။ ကျွန်တော် ပြင်ပါ့မယ်။ 


ကျွန်တော် ပြိုင့်ကို ပြိုင်မှာဆိုတော့ အယူခံခွင့်ပြုပါတယ်လို့ ပြောပါတယ်။ သာမန်ပြည်သူတွေ၊ ရိုးရိုးသာမန် ပြည်သူတွေ တန်းတူအခွင့်အရေးနဲ့ ၀င်ရောက် ယှဉ်ပြိုင်ဖို့ကို ဒီလောက် ကြောက်နေရသလား။ ကိုယ့်လူချင်း ကိုယ့်လူချင်းပဲ စည်းဝါး ရိုက်ကြတော့မှာလား။ လက်ဝါးရိုက်ပြီးတော့ ဒီလူ၊ ဒီလူမှမပါ၊ ဒီလူ ဒီလူ အရွေးခံရဖို့ အတွက်ကို ကျန်တဲ့ လူတွေ အကုန်လုံးကို မရ ရတဲ့နည်းနဲ့ ပယ်ထုတ်နေတဲ့ အလုပ်ကို ဒီအချိန်ထိ လုပ်နေဦး မှာလား။ ကျွန်တော် မရရအောင် ပြိုင်မှာပါ”” ဟု ကိုယ်ရေးရာဇ၀င် ထိမ်ချန်မှုဖြင့် ပယ်ချခံခဲ့ရသူ ဦးဝင်းချိုက ပြောသည်။

မြန်မာသံတော်ဆင့် , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment