Pages

Sunday, November 9, 2014

စားစရာမရှိ၍ဟုဆိုကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သံပြားများကို အုပ်စုဖွဲ့လုယက်

RangonNewsDaily:: November . 8 .2014
အလုံမြို့နယ်ရှိ အမှတ် (၁) အပြည်ပြည်ဆိုင်ရာ ဆိပ်ခံဗောတံတား တည်ဆောက်ရေးဝင်းတွင် နိုဝင်ဘာလ ၆ ရက် နံနက် ၃ နာရီခန့်က သမ္ဗာန်ဖြင့် ရောက်လာသော လူတစ်စုက စားစရာမရှိ၍ လာခိုးသည်ဟုဆိုကာ လုံခြုံရေးဝန်ထမ်းကို ဓားထောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ သံပြားများကို လုယက်ခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှူးထွန်းရှိန်က ပြောကြားသည်။
အသက် ၃၀ ခန့် အမျိုးသားငါးဦးက သမ္ဗန်ဖြင့် ရောက်ရှိလာပြီး “ငါတို့ စားစရာမရှိလို့ လာခိုးတာ။ အော်ရင် သတ်ပစ်မယ်” ဟုပြောဆို၍ ဆိပ်ခံဗောတံတား တည်ဆောက်ရေးဝင်းရှိ အရုဏ်ဦးကုမ္ပဏီမှ လုံခြုံရေးဝန်ထမ်းများကို ဓားဖြင့်ထောက်ပြီး ကျပ် ၁၅ သိန်း နီးပါးရှိ သံပြားအရွယ်စုံကို လုယက်ကာ ကြည့်မြင်တိုင်မြို့နယ် တစ်ဖက်ကမ်းသို့ သမ္ဗန်ဖြင့် ထွက်ပြေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

“လုယက်သူတွေက ကြည့်မြင့်တိုင် တစ်ဖက်ကမ်း ဆိပ်ကြီးဘက်ကဆိုတာ စုံစမ်းရရှိတာကြောင့် တိုင်းမှုခင်းတပ်ဖွဲ့နဲ့ နယ်မြေရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး သွားဖမ်းခဲ့တာ။ သုံးနာရီလောက်မှာပဲ ကျူးလွန်သူ ခြောက်ယောက်အဖွဲ့ထဲက လေးယောက်နဲ့ သက်သေခံပစ္စည်းတွေ သိမ်းမိခဲ့တယ်” ဟု ဖမ်းဆီးရေးတွင် ပါဝင်ခဲ့သော နယ်ထိန်းဖြစ်သူ ဒုရဲအုပ်ဌေးအောင်က ရှင်းပြသည်။

အဆိုပါ ဓားထောက်လုယက်သူများမှာ ဆိပ်ကြီးကျေးရွာတွင် နေထိုင်သူ အသက် ၃၃ နှစ် အရွယ်ရှိ သန်းထိုက်၊ အသက် ၂၁ နှစ် အရွယ်ရှိ မြင့်ခိုင်၊ အသက် ၂၇ အရွယ်ရှိ အိလေးနှင့် ငါးဇင်ကျေးရွာတွင် နေထိုင်သူ အသက် ၃၄ နှစ်အရွယ်ရှိ သန်းအောင်တို့ ဖြစ်ကြောင်း၊ ကျန်ထွက်ပြေးလွတ်မြောက်နေသူ နှစ်ဦးကို စုံစမ်းလျက်ရှိပြီး ၎င်းတို့ကို အလုံမြို့မ ရဲစခန်းတွင် (ပ) ၂၉၉/၁၄၊ ပုဒ်မ ၃၈၂/၃၄ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

“ကြည့်မြင်တိုင်ဘက်ကမ်းကို ညည့်နက်ချိန်ဆို ဟိုဘက်ကမ်းက သမ္ဗန်တွေနဲ့ အုပ်စုဖွဲ့ပြီး လာခိုးမှုတွေ မကြာခဏ ဖြစ်နေတာ။ လာခိုးတဲ့သူတွေက ဓားတွေပါ ဆောင်ထားတာ။ လူမိရင် အသက်ပါ ရန်ရှာမယ့်ပုံမျိုး။ တော်ရုံပစ္စည်း အသေးလေးတွေ ပျောက်တာတော့ အလုပ်ရှုပ်ခံပြီး အမှုမဖွင့်ကြဘူး။ လုံခြုံရေးရှိတဲ့ နေရာမှာပါ ဓားကိုင်လုယက်မှုမျိုးတွေ အတင့်ရဲလာတာကို ရဲတပ်ဖွဲ့က ထိထိရောက်ရောက် နှိမ်နင်းစေချင်တယ်” ဟု လုယက်မှု ဖြစ်ပွားသော ဆိပ်ကမ်းအနီးတွင် နေထိုင်သော အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက အကြံပြု ပြောကြားသည်။

လှိုင်မြစ် ကမ်းနားဆိပ်များတွင် ညဥ့်နက်ချိန် သမ္ဗန်များဖြင့် လာရောက်ခိုးယူမှုများကို အရေးယူနိုင်ရန်အတွက် ရေကြောင်းတပ်ဖွဲ့၊ ဆိပ်ကမ်းတပ်ဖွဲ့၊ ကုမ္ပဏီပိုင် လုံခြုံရေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ နေ့ည လုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့မှူး ထွန်းရှိန်က ပြောကြားသည်။

The Voice , 
KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment