Pages

Wednesday, November 26, 2014

မော်ဒယ်လ်သရုပ်ဆောင် သီရိကိုကိုနိုင်နှင့် ခင်ပွန်းတို့မှ ဒုက္ခိတဘဝရောက်အောင် နှိပ်စက်ဟု တရားရုံးတွင် အိမ်အကူ ထွက်ဆို

RangonNewsDaily:: November . 26 .2014
မော်ဒယ်လ်သရုပ်ဆောင် သီရိကိုကိုနိုင်တို့ ဇနီးမောင်နှံ နှစ်ဦး၏ အိမ်၌ အိမ်အကူ လုပ်ကိုင်ခဲ့သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို ဗဟန်းမြို့နယ် တရားရုံးက နိုဝင်ဘာလ ၂၅ ရက် နံနက် ၁၁ နာရီက ရုံးတင် စစ်ဆေးစဉ် ကလေးငယ်က အိမ်ရှင် နှစ်ဦးက ဒုက္ခိတဘဝရောက်အောင် နှိပ်စက်ခဲ့သည်ဟု ထွက်ဆို ဖြေကြားခဲ့သည်။
“ဝက်သားဟင်းအိုး တည်ပြီး အခြားအိမ်အလုပ်တွေ လုပ်ခိုင်းထားလို့ ဟင်းအိုး တူးသွားခဲ့တာကို မသီရိကိုကိုက စိတ်ဆိုးပြီး သမီးလက်နှစ်ဖက်ကို ဟင်းတူးတဲ့ အိုးထဲက ဆီပူထဲ နှစ်ခဲ့တယ်၊ ပူတယ် အော်လို့ သူ့အမျိုးသားက သမီးကို တုတ်နဲ့ ထပ်ရိုက်တယ်၊ ဂျိုင်းအောက်ကို ကတ်ကြေးနဲ့ထိုးပြီး အိမ်သာအခန်းပျက် ထဲမှာ လေးရက်ကြာ ပိတ်ထားခဲ့တာ” ဟု နှိပ်စက်ညှဉ်းပန်း ခံခဲ့ရသော အိမ်အကူ မိန်းကလေးငယ်က တရားရုံးတွင် ထွက်ဆိုခဲ့သည်။

အဆိုပါ ဆီပူအိုးထဲ လက်ထိုးနှစ်ကာ နှိပ်စက်ခံရ၍ လက်ကောက်ဝတ်ရှိ အသားများ အပူလောင်ခဲ့သောကြောင့် ပေါင်ရင်းနေရာရှိ အသားစများကို အစားထိုး ကုသခဲ့သော်လည်း လက်ချောင်းအကြောများ သေခဲ့ပြီး ဒုက္ခိတဘဝသို့ ရောက်ရှိခဲ့ရကြောင်း ယင်းမိန်းကလေးငယ်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ ဝဲဒေါင့်ကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မိန်းကလေးသည် ဗဟန်းမြို့နယ်ရှိ သရုပ်ဆောင် သီရိကိုကိုနိုင်တို့ နေအိမ်တွင် တစ်လ ကျပ် ၂၅၀၀၀ ဖြင့် အိမ်အကူအဖြစ် လာရောက်လုပ်ကိုင်စဉ် အိမ်ရှင် ဇနီးမောင်နှံက နည်းမျိုးစုံဖြင့် နှိပ်စက် ညှဉ်းပန်းခဲ့ကြောင်း၊ ယင်းနှိပ်စက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာများကို သီရိကိုကိုနိုင်က ပုသိမ်မြို့တွင် နေထိုင်သည့် ၎င်း၏ ဖခင်ဖြစ်သူထံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူခိုင်းခဲ့ကြောင်း တရားရုံးတွင် စစ်ဆေးချက်များ အရ သိရှိရသည်။


“လက်က ဒဏ်ရာတွေကို သူများမေးရင် ထမင်းရည်ပူ လောင်တာလို့ မသီရိကိုကိုနဲ့ သူ့အဖေက ပြောခိုင်းတယ်၊ အမှန်အတိုင်း ဖွင့်ပြောရင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ၊ ပုသိမ်က လမင်းဆေးခန်းမှာ သွားပြတော့ ဆရာဝန်တွေက ဒဏ်ရာရရှိခဲ့ပုံကို အမှန်အတိုင်း ပြောခိုင်းတာကြောင့် ဖွင့်ပြောခဲ့လို့ ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့ ဒဏ်ရာဖြစ်တာကြောင့် ပုသိမ်ဆေးရုံကြီးကို လွှဲပေးခဲ့တာ” ဟု အိမ်အကူ မိန်းကလေးငယ်က ပြောကြားသည်။

အဆိုပါ မိန်းကလေးငယ်ကို မသီရိကိုကိုနိုင် နေထိုင်သော ခြံဝင်းအတွင်း ခွေးတစ်ကောင် ကြိုးနှင့်ငြိကာ သေဆုံးခဲ့သဖြင့် မသီရိကိုကိုနိုင်၏ ခင်ပွန်းဖြစ်သူ ကိုကြည်လှမြင့်က ဒူးထောက်ထိုင်ခိုင်း ကာ လည်စင်းခိုင်းပြီး ဓားဖြင့်ခုတ်သတ်ရန် ကြံရွယ်စဉ် ဧည့်သည်ရောက်ရှိလာကာ ဝင်ရောက် တားမြစ်ခဲ့ရကြောင်း၊ မသီရိကိုကိုနိုင်က နှိပ်စက် ညှဉ်းပန်းသည့်အပြင် ဆံပင်များကို ကတ်ကြေးဖြင့် လေးကွက်ကျားပုံစံ ညှပ်ခဲ့ကြောင်း ၎င်းက တရားရုံးတွင် ဆက်လက်ထွက်ဆိုခဲ့သည်။

“ပုသိမ်ဆေးရုံ တက်နေတုန်း ရွာက ဦးလေးနဲ့ အမှတ်မထင် ဆုံခဲ့တယ်၊ နောက် အမေတို့ သိသွားပြီး ဆေးရုံလိုက်လာတော့ မသီရိကိုကိုနိုင်ရဲ့ ဖခင်တို့က ဆေးရုံကို ထပ်မလာတော့ဘူး၊ သမီးက ပုသိမ်ဆေးရုံမှာ တစ်လခွဲကြာ တက်ခဲ့ပေမယ့် ဒဏ်ရာတွေက မပျောက်လို့ ရန်ကုန်က မဟာမြိုင်ဆေးရုံနဲ့ စံပြဆေးရုံတွေမှာ ခုချိန်ထိ ဆေးကုသမှု ခံယူနေရတယ်” ဟု ၎င်းက ဆေးစာမှတ်တမ်းများကို ရုံးတော်သို့ ပူးတွဲတင်ပြကာ ထွက်ဆိုခဲ့သည်။


အဆိုပါ အိမ်အကူမိန်းကလေးငယ်ကို ဒုက္ခတိဘဝ ရောက်အောင် နှိပ်စက် ညှဉ်းပန်းခဲ့သည်ဟု တိုင်ကြားခံရသော ဇနီးမောင်နှံမှာ ထွက်ပြေးတိမ်းရှောင်နေရာ မှ ခြောက်လကျော် အကြာ အောက်တိုဘာလ ၇ ရက်နေ့က မသီရိကိုကိုနိုင်၏ ခင်ပွန်းဖြစ်သူ ကိုကြည်လှမြင့်ကို တာမွေမြို့နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းမိခဲ့သောကြောင့် အောက်တိုဘာလ ၂၈ ရက်နေ့က ဗဟန်းမြို့နယ် တရားရုံးတွင် ကလေးငယ်၏ မိခင်ဖြစ်သူကို စတင် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါတရားရုံးထံမှ သိရှိရသည်။

“လျော်ကြေးငွေ မရလို့ တရားစွဲတာ မဟုတ်ပါဘူး၊ မိမွေးတိုင်း ဖမွေးတိုင်း ဘဝကို ပြန်မရနိုင်တော့လို့ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းခဲ့သူ တွေကို ဥပဒေအရ ပြန်လည် အပြစ်ပေးစေချင်လို့ပါ” ဟု ဒုက္ခိတဘဝရောက်ရှိနေသော မိန်းကလေးငယ်ကို စောင့်ရှောက်ပေးနေသည့် ပုသိမ်မြို့နယ် သံသရာ ခရစ်ယာန်ဘုရားကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။


အိမ်အကူ ကလေးငယ် ထွက်ဆိုမှုနှင့် ပတ်သက်၍ တရာခံအကျိုးဆောင် ရှေ့နေဖြစ်သူကို မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိပေ။


အိမ်အကူ နှိပ်စက်ညှဉ်းပန်းမှုဖြင့် တရားရင်ဆိုင်နေရသူ ကိုကြည်လှမြင့်ကို မူးယစ်ဆေးဝါးမှုဖြင့် လတ်တလော အရှေ့ပိုင်းခရိုင် တရားရုံးတွင် ထပ်မံ စစ်ဆေးလျက်ရှိကြောင်း၊ ၎င်း၏ ဇနီးဖြစ်သူ မသီရိကိုကိုနိုင်မှာ ထွက်ပြေးလွတ်မြောက် လျက်ရှိကြောင်း ဗဟန်းမြို့မ ရဲစခန်းထံ စုံစမ်းသိရှိရပြီး အိမ်အကူ ညှဉ်းပန်းနှိပ်စက်မှုမှ တရားလိုဖြစ်သူကို ထပ်မံစစ်ဆေးရန် ဒီဇင်ဘာလ ၉ ရက်နေ့ သတ်မှတ်ခဲ့ကြောင်း ဗဟန်းမြို့နယ် တရားရုံးထံမှ သိရှိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း တရား ရင်ဆိုင်နေရသော ဇနီးမောင်နှံဘက်မှ အကျိုးဆောင်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးနေဝင်းက ပြောကြားသည်

The Voice, 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment