Pages

Wednesday, October 1, 2014

ပဲခူးတိုင်းလွှတ်တော်ကို ကျပ်သန်း ၂၁၀၀ အသုံးပြု၍ ခြောက်လအတွင်း အပြီးတည်ဆောက်မည်ဟုဆို

RangonNewsDaily:: October . 1 .2014
ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ပဲခူးမြို့သစ် အပိုင်း (က) ၄ ဒသမ ၈ ဧက မြေအကျယ်တွင် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံကို ကျပ်သန်း ၂၁၀၀ ကျော် အသုံးပြု၍ ခြောက်လအတွင်း အပြီးတည်ဆောက်မည် ဖြစ်ကြောင်း တည်ဆောက်ခွင့် ရထားသည့် Aroma Rose ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မြေယာပြုပြင်ခြင်းလုပ်ငန်း ပြီးစီးသည့် စက်တင်ဘာလ ၃၀ ရက်နေ့မှ စတင်ဆောက်လုပ်မည် ဖြစ်ရာ ၂၀၁၅ ခုနှစ် မတ်လအတွင်း အပြီး တည်ဆောက်မည် ဖြစ်ကြောင်း အဆိုပါစီမံကိန်း အင်ဂျင်နီယာ ဦးရဲမင်းကျော်ငြိမ်းက ပြောကြားသည်။“လိုအပ်ရင် နေ့ဆိုင်း ညဆိုင်းနဲ့ တည်ဆောက်မယ်” ဟု ၎င်းကဆိုသည်။

ပဲခူးတိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ တည်ဆောက်ခွင့်ကို ယခုနှစ် ဇူလိုင်လက လုပ်ကိုင်ခွင့် တင်ဒါ ခေါ်ယူခဲ့ကာ တင်ဒါတင်သွင်းသည့် ကုမ္ပဏီ ရှစ်ခုအနက် မြေယာပြုပြင်ခြင်း လုပ်ငန်းများကို 25 Group ကုမ္ပဏီ၊ ပြင်ပလျှပ်စစ် သွယ်တန်းခြင်း လုပ်ငန်းကို သာယာရွှေဆည် ကုမ္ပဏီနှင့် ရုံးအဆောက်အအုံ တည်ဆောက်ခြင်းကို ပဲခူးအခြေစိုက် Aroma Rose ကုမ္ပဏီတို့က ရရှိခဲ့သည်ဟု တိုင်းဒေသကြီးလွှတ်တော် ထုတ်ပြန်ချက်အရ သိရသည်။
::
တိုင်းဒေသကြီး လွှတ်တော် အဆောက်အအုံ နှစ်ခုအနက် တိုင်းလွှတ်တော် ခန်းမဆောင်ကို လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ဆံ့သည့် လွှတ်တော်ခန်းမဆောင် ပုံသဏ္ဌာန် တည်ဆောက်မည် ဖြစ်ကာ လွှတ်တော်ရုံးကို နှစ်ထပ်တည်ဆောက်မည် ဖြစ်ကြောင်း Aroma Rose ကုမ္ပဏီ စီမံကိန်းဒါရိုက်တာ ဦးညွန့်ဝင်းက ပြောကြားသည်။
“ဒီစီမံကိန်းအတွက် သတ်မှတ်ထားတဲ့ ခြောက်လကျော်သွားရင် တင်ဒါ စည်းကမ်းအတိုင်း အရေးယူခံရမှာ” ဟု ၎င်းကဆိုသည်။
::
လက်ရှိ အသုံးပြုနေသည့် လွှတ်တော်သည် ကျဉ်းမြောင်းလွန်းသည့်အတွက် အများပြည်သူ လေ့လာခွင့်နှင့် မီဒီယာသမားများကို ဝင်ခွင့် မပြုနိုင်သေးကြောင်း၊ ယင်းကြောင့် ပဲခူးတိုင်းဒေသကြီး လွှတ်တော်အနေနှင့် ပွင့်လင်းမြင်သာမှုမရှိ ဖြစ်ရကြောင်း ထန်းတပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခွန်တင်မြင့်က ပြောကြားသည်။
::
တိုင်းဒေသကြီး လွှတ်တော်ကို လက်ရှိအချိန်၌ ပဲခူးမြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးအပေါ်ထပ် အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပလျက်ရှိကာ သက်တမ်း သုံးနှစ်ကျော် ကာလအတွင်း ဒသမအကြိမ် အထိသာ ကျင်းပနိုင်သေးပြီး ဥပဒေ ၁၈ ခုသာ အတည်ပြုနိုင်သေးကြောင်း အဆိုပါ တိုင်းဒေသကြီး လွှတ်တော်ထံမှ သိရသည်။

The Voice ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment