Pages

Friday, May 2, 2014

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်တွင် အိမ် ၁၈ လုံး မီးလောင်


RangonNewsDaily: May . 2 .2014
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၁၁ ရပ်ကွက် မြကျွန်းသာ (၂) လမ်းတွင် အလုပ်သမားနေ့ မေလ ၁ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က လူနေအိမ် တစ်လုံးမှ စတင် လောင်ကျွမ်းခဲ့သော မီးလောင်ကျွမ်းမှုကြောင့် နေအိမ် ၁၈ လုံး မီးလောင်ပြာကျခဲ့ပြီး အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ကျားမ စုစုပေါင်း ၉၀ နီးပါး နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း တောင်ငူမြို့ခံများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးတို့ထံမှ စုံစမ်းသိရှိရသည်။
အလုပ်သမားနေ့ မွန်းလွဲ ၁ နာရီခွဲခန့်တွင် အဆိုပါ မြကျွန်းသာလမ်းရှိ နှစ်ထပ်အိမ်တစ်လုံးမှ မီးစတင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ပြီး ခရိုင်နှင့် မြို့နယ် မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်များ၊ မြို့နယ် အထောက်အကူပြု အဖွဲ့ပိုင် ရေသည်ယာဉ်များနှင့် ရေတာရှည်၊ အုတ်တွင်း၊ ဖြူးမြို့နယ်များမှ မီးသတ်ကား စုစုပေါင်း အစီး ၂၀ ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် မွန်းလွဲ ၂ နာရီ ၁၅ ခန့်တွင် မီးညွှန့်ကျိုးခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်တပ်ဖွဲ့မှုးရုံး၏ ကနဦး သတင်းများအရ သိရှိရသည်။

မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကို စုံစမ်းဖော်ထုတ်နေဆဲ ဖြစ်ကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားမှုကြောင့် လူနေအိမ် ၁၈ လုံးနှင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်း အတွင်းရှိ ဓမ္မစကူလ်း စာသင်ကျောင်းဆောင် တစ်ဆောင် မီးလောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု ၁၈ စု၊ လူဦးရေ ကျား/မ စုစုပေါင်း ၈၉ ဦးကို အဆိုပါ ရပ်ကွက်ရှိ ကန်တော်ကျောင်းနှင့် ပွတ်စု ဘုန်းတော်ကြီး ကျောင်းများတွင် နေရာချထားပေးကာ လိုအပ်သော အကူအညီများ ဆောင်ရွက်ပေးလျက် ရှိကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှုးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“မျက်မြင်သက်သေတွေနဲ့ စုံစမ်း စစ်ဆေးချက်တွေအရ မြကျွန်းသာ ၂ လမ်းထဲက ဦးကိုကိုနိုင် (ခ) ဦးပါလ်ရဲ့ အိမ်က စတင် လောင်ကျွမ်းခဲ့တာလို့ သိရပေမယ့် ကာယကံရှင်တွေက ငြင်းဆိုနေပါတယ်။ ဘာကြောင့် မီးလောင်တာကိုလည်း စုံစမ်းဆဲပါ” ဟု တောင်ငူမြို့ အမှတ် ၂ ရဲစခန်းမှ ဒုရဲအုပ်တစ်ဦးက ပြောကြားသည်။

မီးစတင် လောင်ကျွမ်းချိန်သည် မွန်းလွဲ ၁ နာရီခန့်က ဖြစ်ပြီး စတင် လောင်ကျွမ်းစဉ် ဝါးလုံးပေါက်သံ ကဲ့သို့သော အသံတစ်သံကို ကြားလိုက်ရကြောင်းနှင့် မီးစတင် လောင်ကျွမ်းသော ရပ်ကွက်မှာ လူနေအိမ်ခြေများ ကပ်လျက် ရှိနေခြင်းကြောင့် မည်သည့်အိမ်က စတင် လောင်ကျွမ်းသည်ကို ပြောဆိုနိုင်ခြင်း မရှိကြောင်း မြကျွန်းသာ ၂ လမ်း အိမ်အမှတ် ၆၇ မှ ဒေါ်စန္ဒာမြင့်က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၆ နာရီ အချိန်ကလည်း တောင်ငူမြို့မ ဈေးကြီးဈေး လုံခြုံရေး မီးတပ်ဆင်ရာမှ ဝါယာရှော့ ဖြစ်ကာ မီးလောင်ကျွမ်းခဲ့မှုကြောင့် ဈေးရုံပေါင်း ၁၈ ရုံ နီးပါးနှင့် ဈေးဆိုင်ခန်းပေါင်း ၁၃၆၄ ခန့် မီးလောင်ခံခဲ့ရပြီး ကျပ်သိန်းပေါင်း ၆,၀၀၀ ကျော် ပျက်ဆီး ဆုံးရှုံးခဲ့ရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily








0 comments:

Post a Comment