Pages

Saturday, March 22, 2014

ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ် မဲဆန္ဒနယ် အားလုံးကို NLD နှင့် ကြံ့ခိုင်ရေး ဝင်ရောက် ယှဉ်ပြိုင်မည်

RangonNewsDaily: March . 22 .2014
ပွင့်လင်းရာသီ (မိုးလွန်ကာလ) တွင် ကျင်းပ ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲ၌ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တို့ လစ်လပ် မဲဆန္ဒနယ် အားလုံးတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီများမှ ဗဟိုကော်မတီဝင် များက ပြောကြားသည်။အဆိုပါ ရွေးကောက်ပွဲ၏ လစ်လပ် မဲဆန္ဒနယ် အားလုံးကို တရားမျှတစွာ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပါတီဗဟို ကော်မတီဝင် ဦးလှဆွေက The Voice သို့ ပြောကြားသည်။
“ပါတီ မူဝါဒအရ လစ်လပ်နေတဲ့ မည်သည့် မဲဆန္ဒနယ်မဆို ဝင်ရောက် ယှဉ်ပြိုင်ပါလိမ့်မယ်။ ဘက်လိုက်မှု ကင်းကင်းနဲ့ မျှမျှတတ ယှဉ်ပြိုင်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ထို့အပြင် လက်ရှိ လွှတ်တော်အတွင်း ကိုယ်စားလှယ် ဒုတိယ အများဆုံး ဖြစ်သော NLD ပါတီကလည်း လစ်လပ် မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေပြီ ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။

“မဲဆန္ဒနယ် အားလုံးကို ဘယ်လို ဝင်ရောက် ယှဉ်ပြိုင်မယ် ဆိုတာကိုတော့ ဗဟိုကော်မတီ အစည်းအဝေး လုပ်ပြီး မဆုံးဖြတ်ရသေးဘူး။ ဒါပေမဲ့ ဝင်ရောက် ယှဉ်ပြိုင်သွားမှာပါ” ဟု ၎င်းကဆိုသည်။

ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပ ပေးခြင်းသည် တိုင်းရင်းသား ပါတီများအတွက် ၂၀၁၅ တွင် ပြုလုပ်မည့် အထွေထွေ ရွေးကောက်ပွဲအတွက် စိန်ခေါ်မှု တစ်ခုဖြစ်ပြီး အားစမ်းမှု တစ်ခုလည်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“ယှဉ်ပြိုင်မှုတွေ ဘယ်လောက် တရားမျှတမလဲ၊ တိုင်းရင်းသားတွေကကော ဘယ်လောက် ရာခိုင်နှုန်းနဲ့ လွှတ်တော်ထဲကို ရောက်လာမလဲ အဲဒါ အရေးကြီးတယ်” ဟု ၎င်းကဆိုသည်။

နယ်မြေ အေးချမ်းမှု မရှိသဖြင့် ရွေးကောက်ပွဲ မကျင်းပခဲ့ရသည့် ဒေသများနှင့် အစိုးရ အဖွဲ့ဝင် ဖြစ်သွားသူ၊ သေဆုံးသွားသူ ကိုယ်စားလှယ်များ၏ လစ်လပ် မဲဆန္ဒနယ် ၃၀ ရှိသောကြောင့် ဒုတိယ အကြိမ်မြောက် ကြားဖြတ် ရွေးကောက်ပွဲကို ကျင်းပပေးမည် ဖြစ်ကြောင်း၊ ကျင်းပမည့် အချိန်ကို သုံးလ ကြိုတင် ကြေညာပေးသွားမည် ဖြစ်ကြောင်း မတ်၂၀ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

The Voice , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment