Pages

Saturday, March 22, 2014

ဘုရားဖူး မလိုက်ရ၍ ကိုးတန်းကျောင်းသူ ပိုးသတ်ဆေးသောက် သေဆုံး

RangonNewsDaily: March . 22 .2014
ကျောင်းနေဖက် သူငယ်ချင်းများနှင့်အတူ ကျိုက်ထီးရိုးဘုရားဖူး မလိုက်ရသဖြင့် အသက် ၁၅ နှစ်အရွယ် ကိုးတန်းကျောင်းသူ တစ်ဦး ပိုးသတ်ဆေးသောက် သေဆုံးခဲ့မှု မှော်ဘီမြို့နယ်၊ မြောင်းတကာ ကျေးရွာတွင် မတ်လ ၂၀ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။ 
မြောင်းတကာကျေးရွာ၊ ရွှေကျွန်းတော ရပ်ကွက်တွင် နေထိုင်သူ ကိုးတန်းကျောင်းသူ တစ်ဦးသည် မတ်လ ၂၂ ရက်နေ့တွင် သူငယ်ချင်းများနှင့်အတူ ကျိုက်ထီးရိုးဘုရားဖူး သွားလိုကြောင်း ယင်းနေ့ ညနေပိုင်းက မိခင်ထံ ခွင့်တောင်းရာ စီးပွားရေး အခက်အခဲကြောင့် မိခင်က သွားခွင့် မပြုသည်ကို စိတ်ဆိုးပြီး စိုက်ပျိုးရေးသုံး ရွှေဆိုက်ဘာ ပိုးသတ်ဆေးရည် သောက်ကာ သေဆုံးခဲ့ကြောင်း မှော်ဘီမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ 

“ဘုရားဖူးလိုက်ဖို့ ခွင့်မပြုလို့ စိတ်ဆိုးပြီး အိမ်ဘေးက စိုက်ခင်းဘက် ထွက်သွားတာ။ မိုးချုပ်လို့ အိမ်ပေါ် ပြန်တက်မလာတာကြောင့် သူ့အမေက စိုက်ခင်းဘက် သွားကြည့်တော့ ဟင်းရွက်စိုက်ခင်းထဲမှာ ရှိတဲ့ ပိုးသတ်ဆေးရည် သောက်လိုက်လို့ ပါးစပ်က အမြှုပ်တွေ ထွက်ပြီး သေဆုံးနေတာကို တွေ့ခဲ့တာ” ဟု ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးမှ အဖွဲ့ဝင် တစ်ဦးက ရှင်းပြသည်။ 

အဆိုပါ ပိုးသတ်ဆေးရည် သောက်ပြီး သေဆုံးခဲ့သော ကိုးတန်း ကျောင်းသူ၏ ရုပ်အလောင်းကို မှော်ဘီမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့အပ်ထားပြီး မှော်ဘီမြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၆/၁၄ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

The Voice , 
kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment