Pages

Saturday, February 15, 2014

ဒဂုံဆိပ်ကမ်း မြန်မာကလိုဂို အထည်ချုပ် စက်ရုံကြိုပို့ ဘီအမ်ယာဉ် မြောင်းထဲကျ သုံးဦးသေ၊ ၁၈ ဦး ဒဏ်ရာရ

RangonNewsDaily: February . 15 .2014
ဒဂုံဆိပ်ကမ်းမြို့နယ် (၆၁) ရပ်ကွက်၊ ရတနာလမ်းနှင့် ရွှေလီ လမ်းဆုံတွင် ဖေဖော်ဝါရီလ ၁၃ ရက် ည ၈ နာရီခွဲခန့်က အထည်ချုပ် စက်ရုံကြိုပို ဘီအမ်ယာဉ်နှင့် မော်တော်ဆိုင်ကယ် တိုက်မိရာမှ မြောင်းထဲထိုးကျကာ အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦးသေဆုံးခဲ့ပြီး အထည်ချုပ် စက်ရုံဝန်ထမ်း အမျိုးသမီး ၁၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။ 
ဒဂုံဆိပ်ကမ်း စက်မှုဇုန်ရှိ မြန်မာကလိုဂို အထည်ချုပ် စက်ရုံကြိုပို့ ဘီအမ်ယာဉ်မှာ ရတနာလမ်းအတိုင်း မောင်းလာစဉ် ရွှေလီ လမ်းဆုံအရောက် အမျိုးသမီးတစ်ဦး အပါအဝင် သုံးဦး စီးနင်းလာသော မော်တော်ဆိုင်ကယ်နှင့် တိုက်မိစဉ် အရှိန်လွန်ပြီး ဆိုင်ကယ်နှင့်အတူ စက်ရုံကြိုပို့ယာဉ်ပါ လမ်းဘေးမြောင်း အတွင်းသို့ ထိုးကျ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ဆိုင်ကယ်ရော ကားရော အတွဲလိုက် မြောင်းထဲ ထိုးကျသွားတာ။ ဆိုင်ကယ်ပေါ် ပါလာတဲ့ အမျိုးသားတစ်ဦးနဲ့ အထည်ချုပ် စက်ရုံဝန်ထမ်း နှစ်ဦးက ဆုံးသွားရှာတယ်။ 
::
ကျန်တဲ့သူတွေကတော့ ပွန်းပဲ့ ဒဏ်ရာလောက်ပဲ ရခဲ့တာ။ ယာဉ်မောင်း နှစ်ဦးလုံးက ယာဉ်တိုက်မှု ဖြစ်ကတည်းက ထွက်ပြေး သွားတယ်” ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ယာဉ်တိုက်မှုကြောင့် ဒဏ်ရာ ရရှိခဲ့သော ကြိုပို့ယာဉ်ပေါ်ပါ အထည်ချုပ် အလုပ်သမားများကို ရွှေသံလျင် နာရေး ကူညီမှုအသင်းမှ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအသင်းထံမှ သိရှိရသည်။
::
“တိုင်းကြက်ခြေနီ အဖွဲ့ထံကနေ သတင်းရရချင်း ဒဏ်ရာရသူတွေကို သွားကူညီပေးခဲ့တာ။ အခင်းဖြစ်နေရာမှာ သုံးဦးက အသက်မရှိတော့ဘူး” ဟု အဆိုပါ နာရေးကူညီမှုအသင်းမှ အဖွဲ့ဝင် ဦးအောင်နိုင်က ပြောကြားသည်။ 

ယာဉ်တိုက်မှုကြောင့် အထည်ချုပ်စက်ရုံ ကြိုပို့ယာဉ်မောင်းနှင့် ဆိုင်ကယ် မောင်းနှင်သူတို့ကို ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းက ယာဉ် (ပ) ၅/၁၄၊ ပုဒ်မ ၂၇၉/၃၃၇/ ၃၃၈/၃၀၄-က/၂၀၂ ဖြင့် အမှုဖွင့်ပြီး စုံစမ်း ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။

The Voice ::--kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment