Pages

Sunday, July 21, 2013

ကေအိုင်အိုဆက်ဆံရေးရုံးဟောင်းကို ကေအိုင်အို Technical Team ရုံးဖွင့်မည်

Sunday, July 21, 2013

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် ၂ နှစ်ကျော် ပိတ်ပင်ထားသော ကေအိုင်အို ဆက်ဆံရေး ရုံးဟောင်းကို ကေအိုင်အို ငြိမ်းချမ်းရေးဆိုင်ရာ အထောက်အကူပြုအဖွဲ့ (Technical Team ) ရုံးအဖြစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ပြောကြားသည်။

“ဒီရုံးကို Technical Team ရုံးအဖြစ် အသုံးပြုခြင်းဟာ ကေအိုင်အို ဆက်ဆံရေးရုံး ပြန်ဖွင့်တာမဟုတ်ဘူး” ဟု ၎င်းကဆိုသည်။

ကေအိုင်အို ဆက်ဆံရေးရုံးအဖြစ် ပြန်လည် ဖွင့်လှစ်နိုင်ရန်အတွက် အစိုးရနှင့် ကေအိုင်အိုအကြား ဆွေးနွေး ညှိနှိုင်းရဦးမည် ဖြစ်ပြီး အစိုးရအဖွဲ့ကိုလည်း Technical Team အဖွဲ့ရုံးအဖြစ် ဖွင့်လှစ်ခြင်းကို တရားဝင် စာပို့သွားမည် ဖြစ်ကြောင်း ဦးဒေါင်ခါးက ပြောကြားသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် သဘောတူညီသော ဆွေးနွေးပွဲ ရလဒ်များကို အကောင်အထည်ဖော်ခြင်း အပါအဝင် အစိုးရနှင့် ကြိုတင်ညှိနှိုင်းရန် လိုအပ်သည်များကို ညှိနှိုင်းသည့် လုပ်ငန်းများ Technical Team ကဆောင်ရွက်သွားမည် ဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆုံးဖြတ်ချက် ကိစ္စရပ်များကိုမူ ကေအိုင်အို ဗဟိုကော်မတီက ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မတိုင်မီ ဆက်ဆံရေးရုံးရှိ ကေအိုင်အို ဝန်ထမ်းများ အားလုံးကို လုံခြုံရေးအရ ဌာနချုပ်လိုင်ဇာသို့ ပြန်လည် ခေါ်ယူကာ ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့မှ ၃၁ ရက်နေ့ထိ မြစ်ကြီးနားမြို့တွင် ပြုလုပ် သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်သည့် ကေအိုင်အို ကိုယ်စားလှယ်များအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt (Pabedan): 21.7.2013

0 comments:

Post a Comment