Pages

Friday, August 31, 2012

လမ်းဘေးအခွေ ရောင်းသူများ ဆန္ဒဖော်ထုတ်ရန် ဗဟန်းမြို့နယ် ရဲစခန်းသို ခွင့်ပြုချက်တောင်း

နိုင်ငံခြားကား ဇာတ်ကားများ ရောင်းချသည့် လမ်းဘေးခွေ ရောင်းချသူများက စက်တင်ဘာလ ၃ ရက်တွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ၀င်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ရှေ့တွင် ဆန္ဒပြရန် ဗဟန်းမြို့နယ် ရဲစခန်းသို့ သြဂုတ်လ ၂၉ ရက်က စာတင် လိုက်ကြောင်း ဆန္ဒပြခွင့်ကို ဦးဆောင်လှုပ်ရှားနေ သည့် ခွေရောင်းချသူ ကိုသန့်ဇင်က ပြောသည်။
“ဗဟန်းမြို့နယ်စခန်းမှူးကို သွားတင်တာပါ။ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ရက်မတိုင်ခင် ၄၈ နာရီအတွင်း ပြခွင့်ပေးမပေး အကြောင်းပြန်ပါ့မယ်။ လူကတော့ ၅၀ လောက်ပဲ လုပ်ပါလို့ မြို့နယ်မှူး ကပြောပါတယ်။ ကျွန်တော်တို့ တင်ထားတာက လူတစ်ရာ လောက်ပြဖို့ပါ။ စီးတန်းလှည့်လည်ခွင့် ဥပဒေအရ ခွင့်ပြုတဲ့ လူထက်များရင် အဖမ်းခံရမှာစိုးလို့ လူငါးဆယ်ထက်မပိုအောင် စည်းကမ်းရှိရှိ ဆန္ဒပြသွားမှာပါ” ဟု ကိုသန့်ဇင်က ပြောသည်။

ယခုကဲ့သို့ ဆန္ဒပြရန် စီစဉ်ရခြင်းမှာ နိုင်ငံခြားရုပ်ရှင် ဇာတ်ကားများကို လွတ်လွတ်လပ်လပ်ရောင်းချခွင့်ပေးရန်နှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုအက်ဥပဒေ ပုဒ်မ ၃၂(ခ) အရ အရေးယူခံထားရသူများ အား ဖြေလျှော့ပေးရန်အချက် နှစ်ချက်ကို အဓိကထားတောင်း ဆိုသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

တရား မ၀င်နိုင်ငံခြားဇာတ်ကားများ ရောင်းချခြင်းကြောင့် တာမွေတရားရုံးတွင် ပုဒ်မ ၃၂(ခ) အမှုရင်ဆိုင်နေရသည့်အခွေရောင်းချသူ ကိုထက်အောင်က “ကျွန်တော့်ကိုဖမ်းတော့ မြန်မာခွေ မပါ ဘူး။ ညစ်ညမ်းကားမပါဘူး။ နိုင်ငံခြားကားတွေကိုပဲ ၃၂ (ခ) တပ်ထားတယ်။ အမှုဆိုင်နေရတုန်းပါ။ဒါကြောင့် အဲဒီ ဆန္ဒပြတဲ့နေ့မှာ ကျွန်တော်တို့ဆန္ဒတွေထုတ်ဖော်သွားမှာပါ။ ခုခွေရောင်းတဲ့သူတွေ အရမ်းဒုက္ခရောက်နေ ကြတယ်”ဟုပြောသည်။

“ခွေရောင်းတဲ့သူက ရန်ကုန်နဲ့ နယ်တွေပေါင်းလိုက်ရင် လူတစ်သောင်းလောက်ရှိတယ်။ သူတို့ကိုမှီခို သူနှစ်ယောက်နှုန်းနဲ့ ပဲတွက်ရင် လူသုံးသောင်းကျော် လောက်စားဝတ်နေရေးတော်တော် ဒုက္ခရောက်သွား တယ်။ မှီခိုသူတွေထဲ မှာပါတဲ့ကျောင်းသားတွေရဲ့ ပညာရေးအခက်အခဲ တွေ့သွားတယ်။ တချို့ဆို ကျူရှင်မတတ် နိုင်တော့တာတို့၊ ကျောင်းနားတာတို့ ဖြစ်ကုန်တယ်။ ဒီလိုမျိုးတော့ မဖြစ်စေချင်ပါဘူး။ ကျွန်တော်တို့ဆန္ဒပြတာ ဥပဒေကို သပိတ်မှောက်တာ မဟုတ်ပါဘူး”ဟု ကိုသန့်ဇင်ကပြောသည်။

၎င်းနှင့်အတူ ရန်ကုန်မြို့တွင်းရှိ နိုင်ငံခြားဇာတ်ကားများ ရောင်းချသူအများစုသည် တရားဝင် ထုတ်ပြန်ထားသည့် စီတန်း လှည့်လည်ခွင့်ဥပဒေအရ တရားဝင်ဆန္ဒပြခွင့်ရရန် ကြိုးစားသွားမည်ဖြစ်ပြီး ဆန္ဒပြခွင့်မရ ရှိပါက နိုင်ငံတော်သမ္မတထံ အသနားခံစာတင်ခြင်း၊ လွှတ်တော်တွင်း တင်ပြအကူ အညီတောင်းခံခြင်းတို့ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးရှေ့တွင် ဆန္ဒပြမည့် အစီအစဉ်နှင့်ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက “သက်ဆိုင်ရာရဲတပ်ဖွဲ့က ပြခွင့်ပေးတယ်ဆိုရင် ပြခွင့်ရှိပါတယ်။ ကျွန်တော်တို့ ခွင့်ပြုချက်ပေးခြင်း မပေးခြင်းနဲ့ မဆိုင်ပါဘူး။ မိမိရဲ့ဆန္ဒကို လွတ်လပ်စွာထုတ်ဖော်ခွင့် ရှိပါတယ်။ ထုတ်ဖော်တဲ့အခါ မိမိရဲ့ဆန္ဒက တခြားသူရဲ့ရပိုင်ခွင့်ကို မထိပါးဖို့ပဲလိုပါတယ်။ ကန့်ကွက် ရန်လည်းမရှိသလို ထောက်ခံဖို့လည်းမရှိပါဘူး” ဟု ၄င်း၏ သဘောထားကိုပြောကြားသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ နိုင်ငံခြားဇာတ်ကားများ ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး မည်သည့်ဥပဒေကိုမှ ထုတ်ပြန်ထားခြင်း မရှိဘဲ မြန်မာဇာတ်ကားများကိုတရားမ၀င်ခိုးယူနေသည့် သူများကိုသာ အရေး ယူခြင်းဖြစ် ကြောင်း၊ ၁၉၉၆ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ရေးဆွဲပြီး ထုတ်ပြန်ထားသော နိုင်ငံခြား ဇာတ်ကားများနှင့် သက်ဆိုင်သည့် ဥပဒေဖြင့် ဖမ်းဆီးနေခြင်းသာ ဖြစ်ပြီး ၄င်းတို့နှင့်မသက်ဆိုင်ကြောင်း ဦးဇင်ဝိုင်းက ပြောသည်။

“မြန်မာကားတွေကိုပဲဖမ်းတာလို့ပြောပေမယ့် နိုင်ငံခြားကားတွေချည်းပဲ ရောင်းတဲ့ကျွန်တော်ကိုယ်တိုင် အဖမ်းခံထားရတာပါ။ အဲဒါတွေဘာပြန်လုပ်ပေးမလဲလို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌကိုမေးချင်ပါ တယ်”ဟု ကိုသန့်ဇင် က ပြောသည်။
 
 
 ရန်ကုန်သတင်း

0 comments:

Post a Comment