Pages

Saturday, June 16, 2012

KIO နှင့် အစိုးရအကြား နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ


KIO နှင့် အစိုးရအကြား နေ့စဉ် တိုက်ပွဲငယ်များ ဖြစ်ပွားနေဆဲ




ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်အနီးတဝိုက်တွင် ယခုရက်ပိုင်းအတွင်း အစိုးရတပ်များ
နှင့် တိုက်ပွဲဖြစ်ပွားမှု လျော့နည်းသွားသော်လည်း တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့နယ်တွင် သောကြာနေ့မနက်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင် ကပြောသည်။

နယ်စပ် မှတ်တိုင် ၇ နယ်မြေအနီး ပန်ဝါမြို့နယ် မြန်မာအစိုးရ တပ်ရင်း ၃၃၇ နှင့် ၃၇ တပ်ဖွဲ့များ လှုပ်ရှားလာမှုများ ရှိလာသဖြင့် KIO တပ်မဟာ ၁ တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်သည်။

“နေ့တိုင်း ပစ်ခတ်နေရတယ်။ ဒီနေ့က ပန်ဝါဘက် မှတ်တိုင် ၇ အနောက်ဘက်မှာ တိုက်ပွဲဖြစ်တယ်။ ထိပ်တိုက် တွေ့ကြ တယ်။ KIO ဘက်ကတော့ တပ်ရင်း ၁ နဲ့က အောက်ပိုင်းမှာ တိုက်ကြတယ်။ တပ်ရင်း ၇ တပ်ဖွဲ့တွေက အထက်ပိုင်းမှာ တိုက်တယ်။ သူတို့ လှုပ်ရှားလာတာနဲ့ ပစ်တာပဲ” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။


မြို့များနှင့် အနီးတဝိုက်တွင် တိုက်ပွဲများ မဖြစ်ပွားတော့သောလည်း ဝေးလံသည့် ဝိုင်းမော်မြို့နယ် ဆဒုံး၊ ပန်ဝါဘက် တွင် နေ့စဉ် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

“ခုလောလောဆယ် လူတွေ့မဲ့ နေရာမှာတော့ နည်းနည်းရပ်ထားတယ်။ လူမတွေ့တဲ့ နေရာမှာတော့ မရပ်သေးဘူး၊ အရင်လိုတော့ မရှိတော့ဘူး။ ခုဖြစ်တဲ့နေရာတွေက လမ်းပန်းဆက်သွယ်ရေးခက်တော့ တိုက်ပွဲ သိပ်ပြင်းထန်တာ မရှိဘူး” ဟု မဇ္ဈိမကို ပြောသည်။

ထို့ပြင် ဇွန်လဆန်းပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း  မြန်မာအစိုးရတပ်များ လှုပ်ရှားမှု ရှိလာသဖြင့် KIO တပ်မဟာ ၄ တပ်ရင်း ၉ ဒေသဘက်တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များ ဇွန်လ ၁ ရက်နေ့က ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ပြေလည်မှုမရသေးသော်လည်း KIO ဌာနချုပ် အနီးတစိုက်တွင် တိုက်ပွဲများ ဖြစ်ပွားမှု လျော့နည်းသွား သည်ဟု သိရသည်။

သို့သော် လိုင်ဇာဌာနချုပ်အနီး ချထားသည့် အစိုးရတပ်အင်အားများ လျော့သွားခြင်း မရှိသေးပေ။

ဇွန်လ ၂ဝ ရက်နေ့တွင် ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KIO ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဂွမ်မော် ဦးဆောင်သော အဖွဲ့တို့ တွေ့ဆုံကြသည့်အခါ အစိုးရတပ်များ ၎င်းတို့နယ်မြေမှ ရုပ်သိမ်းပေးရန် KIO ဘက်မှ ဆက်လက် ဆွေးနွေးလိမ့်မည်ဟု ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန့်အောင်က ပြောသည်။

“အစိုးရဘက်က ထိုးစစ်ဆင်တာတွေ ရုတ်ပေးဖို့၊ နယ်ချဲ့ထားတဲ့ တပ်တွေ ရုတ်ဖို့ KIO ဘက်က တင်ပြထားတယ်။ အစိုးရဘက်က ဘယ်နေရာတွေ ဆုတ်ပေးမလဲ မသိဘူး။ ဒီတခေါက်လည်း ဒီဟာတွေပဲ ထပ်ဆွေးနွေးမယ်”ဟု မဇ္စျိမကို ပြောသည်။

KIO ဗဟိုဌာနချုပ် လိုင်ဇာအနီး လုန်ရောတ်ဘွမ်၊ မုဘွမ်၊ ပါဂျောင်စသည့် နေရာများနှင့် ကန်ပိုင်တီအနီး လဖိုင်၊ ဆန်ပိုင် စသည့်နေရာများ အပါအဝင် နေရာပေါင်း ၃ဝ ကျော်မှ အစိုးရတပ်များ ရုတ်သိမ်းပေးရန် တင်ပြခဲ့သည်ဟု ဆိုသည်။

၂ဝ၁၁ ခုနှစ် ဇွန်လမှ ပြန်လည်စတင်ခဲ့သည့် တနှစ်ကျော်ကြာ တိုက်ပွဲများကြောင့် စစ်ပြေး ဒုက္ခသည် ပေါင်း ၈ဝ,ဝဝဝ ခန့် ရှိလာပြီဖြစ်ပြီး ငြိမ်းချမ်းရေးသဘောတူညီမှုလည်း မရရှိသေးပေ။

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်၊ လားရှိုး၊ မူဆယ်၊ နမ်ဖတ်ခါ စသည့် မြို့နယ်များမှ စစ်ပြေးဒုက္ခသည် ကျောင်းသူ/
ကျောင်းသား ၅ဝဝ ဦး မိုင်ဂျာယန် ဒုက္ခသည်စခန်းသို့ ထပ်မံ ရောက်ရှိလာသည်ဟု ဒုက္ခသည်များ ကူညီပေးရေး
ကော်မတီမှ တာဝန်ခံ ဦးဒွဲပီဆား က ပြောသည်။

ဗုဒ္ဓဟူးနေ့က ဖြစ်ပွားခဲ့သည့် ပန်ဝါမြို့နယ်အတွင်း တိုက်ပွဲတွင် အစိုးရဘက်မှ စစ်ဗိုလ်တဦးနှင့် တပ်သား နှစ်ဦး ကျဆုံးခဲ့ပြီး KIO စစ်တပ်ဖွဲ့ဘက်မှ ထိခိုက်မှု မရှိကြောင်း ဦးဒွဲပီဆားက ပြောဆိုသော်လည်း မဇ္ဈိမမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

ချင်းမိုင်(မဇ္စျိမ)

0 comments:

Post a Comment