Pages

Saturday, June 23, 2012

ကြက်ခြေနီ စေတနာ့ဝန်ထမ်းအများစု အသက်အာမခံကြေး မပေးသွင်းနိုင်ကြ


ကြက်ခြေနီ စေတနာ့ဝန်ထမ်းအများစု အသက်အာမခံကြေး မပေးသွင်းနိုင်ကြ



ရန်ကုန် (မဇ္ဈိမ)။   ။ မြန်မာနိုင်ငံတွင် အမာခံ ကြက်ခြေနီ စေတနာ့ဝန်ထမ်း ၁၁,၀၀၀ ကျော် ရှိသည့်အနက် ၂,၅၀၀
ကျော်ကသာ တနှစ်လျှင် ကျပ် ၁,၀၀၀ သာ ပေးသွင်းရသည့် အသက် အာမခံကြေးကို ပေးသွင်းနိုင်ကြောင်း
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS) မှ အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး ဌာနမှူး ဒေါ်ခင်မျိုးမြတ်သိန်း က ပြောသည်။


“အသက်အာမခံတောင် မရှိဘဲ အသက်ဘေးအန္တရာယ်ရှိတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတာ မဖြစ်သင့်ဘူး။ ဌာနချုပ်ကလည်း ငွေမတတ်နိုင်လို့ အသက်အာမခံကြေးကို သွင်းမပေးနိုင်ဘူး” ဟု ၎င်းက ဆိုသည်။

ပဋိပက္ခများ ဖြစ်ပေါ်လျှင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ် ကျရောက်လျှင်လည်းကောင်း အရေးပေါ် တုံ့ပြန် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် တမြို့နယ်လျှင် ၃၅ ယောက် နှုန်းဖြင့် နိုင်ငံအနှံ့အပြား၌ အမာခံ ကြက်ခြေနီ စေတနာ့ဝန်ထမ်းများကို ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်ဟု MRCS မှတဆင့် သိရသည်။

၂၀၀၈ ခုနှစ် မေလက မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်စဉ်က ကြက်ခြေနီ စေတနာ့ဝန်ထမ်း ၁၇ ဦး ဒဏ်ရာရခဲ့ပြီး ၁ ဦး သေဆုံးခဲ့သဖြင့် ၎င်းဝန်ထမ်းများ အတွက် အသက်အာမခံ ထားရှိပေးရန် လိုအပ်သည်ကို တွေ့ရှိခဲ့ကြောင်း ဒေါ်ခင်မျိုးမြတ်သိန်း က ပြောသည်။

ထို့ကြောင့် MRCS က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှ အာမခံကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ကာ အမာခံ ကြက်ခြေနီ စေတနာ့ဝန်ထမ်းများအတွက် တနှစ်လျှင် မြန်မာငွေ ကျပ် တထောင်သာ ပေးသွင်းရသော အာမခံစနစ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း အဆိုပါအသင်းမှ သိရသည်။

စေတနာ့ဝန်ထမ်းများအတွက် အာမခံကြေးကို MRCS မှ မပေးသွင်းနိုင်သဖြင့် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းများမှ ဝန်ကြီးချုပ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှုးများထံ လိုက်လံ အကူအညီ တောင်းခံလျှက်ရှိသည်ဟု လည်း MRCS က ဆိုသည်။

အဆိုပါ အာမခံကြေး နှစ်စဉ် ပေးသွင်းထားပါက ကြက်ခြေနီ ဝန်ထမ်းသေဆုံးလျှင် မြန်မာငွေ ကျပ် သိန်း ၃၀ ခန့်နှင့် ညီမျှသော ဆွစ်ဇာလန် ဖရန့်ငွေကို ရရှိမည်ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိလျှင် ဆေးကုသစရိတ် ရရှိမည် ဖြစ်သည်။

၎င်း အမာခံ ကြက်ခြေနီများသည် စေတနာ့ဝန်ထမ်း သက်သက်သာ ဖြစ်ကြပြီး လုပ်ခလစာ မရရှိကြပေ။


ရန်ကုန် (မဇ္ဈိမ)

0 comments:

Post a Comment