Pages

Friday, August 12, 2022

ယင်းမာပင် ကျေးရွာအချို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ အကြမ်းဖက်တိုက်ခိုက်



RangonNewsDaily::August 12, 2022

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အတွင်းက ကျေးရွာတချို့ကို  သြဂုတ် ၁၁ ရက် နေ့လယ် ၃ နာရီလောက်မှာ  စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ လေယာဥ် (ရဟတ်ယာဥ်) ၃ စီး အသုံးပြုပြီး ရင်ပေါင်တိုင်ကျေးရွာ အပါအဝင် အေးကုန်းရွာ၊ ပန်းမထုံးရွာ၊ ပုထိုးသားရွာ၊ ဆင်စွယ်ရွာ စတဲ့ ကျေးရွာတွေတဝိုက်ကို ပစ်ခတ်နေတာဖြစ်ပါတယ်။

ဒေသခံတဦးက “ရင်ပေါင်တိုင်စျေးအတွင်းကို လေယာဥ်ဗုံးသီး ၄ လုံး ကျရောက်ပေါက်ကွဲခဲ့သလို အေးကုန်းရွာဘက်မှာလည်း မီးခိုးလုံးတွေ မြင်နေရပြီး အိမ်တွေ မီးလာင်နေတာထင်ရတယ်။ လေယာဥ်နဲ့ပစ်ခတ်မှုကြောင့် ပြည်သူ အသေအပျောက်လည်း ရှိနိုင်တယ်။ ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနိုင်ပြီး လောလောဆယ်မှာတော့ ဒေသခံအားလုံးဟာ အသက်လု ထွက်ပြေးနေကြရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဝေဟင်ကနေ ပစ်ကူပေးပြီးတိုက်ခိုက်ခဲ့သလို  စစ်ကောင်စီတပ်သားတွေကိုလည်း မြေပြင်ကို ချပေးနေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ 

အဲဒီလို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၁၀ ရွာလောက်က ဒေသခံတွေ ထွက်ပြေးနေကြရပြီး အဲဒီဒေသတဝိုက်မှာ ဖုန်းလိုင်းတွေပါ ပြတ်တောက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

0 comments:

Post a Comment