Pages

Saturday, October 1, 2016

ပြည်သူ့ရင်ပြင်၌ အသစ်ဖွင့်လှစ်ထားသည့် ရိုလာကိုစတာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ပြေးလမ်းပေါ်တွင် ခေတ္တရပ်တန့်မှု ဖြစ်ပွား


RangonNewsDaily::Saturday. October 1. 2016 
ပြည်သူ့ရင်ပြင်၌ အသစ်ဖွင့်လှစ်ထားသည့် ရိုလာကိုစတာမှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် စက်တင်ဘာ၂၇ ရက်တွင် ပြေးလမ်းပေါ်၌ ရပ်တန့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စက်တင်ဘာ၂၇ ရက်က လူမှုကွန်ရက် စာမျက်နှာများပေါ်၌ ပျံ့နှံ့ခဲ့သည့် စီးနင်းလိုက်ပါသူ အမျိုးသမီးငယ် ခြောက်ဦးပါဝင်ပြီး ပြေးလမ်းပေါ်တွင် ရပ်တန့်ခဲ့သော ပြည်သူ့ရင်ပြင်မှ အသစ်ဖွင့်လှစ်ထားသည့် ရိုလာကိုစတာမှာ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဖြစ်ပြီး ရပ်တန့်ပြီး ၁၅ မိနစ် အကြာတွင် ပြန်လည် မောင်းနှင်နိုင်ကာ လက်ရှိတွင်လည်း မူလအတိုင်း မောင်းနှင်လျက်ရှိသည်ဟု တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“ရပ်သွားပြီး ၁၅ မိနစ်တည်းက ပြန်မောင်းတာခုထိ မောင်းနေတုန်းပဲ၊ ကျွန်တော်တို့ မဂ္ဂနက တစ်ကွာသွားလို့ပါ။ ကျွန်တော်တို့ မူလီတွေ ရှိတယ်။ အဲဒါတွေ ပြန်ပြင်လိုက်ရင် ပြီးသွားပြီ ဒါပဲရှိတယ်” ဟုအဆိုပါ ရိုလာကိုစတာနှင့် ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
.
ဆက်လက်ပြီး ယင်းရိုလာကိုစတာကို စီးနင်းမည့် ပြည်သူများ စိတ်ချလုံခြုံမှု ရှိစေရန် မည်သို့ ဆောင်ရွက်ထားပုံနှင့် ပတ်သက်၍ မေးမြန်းခြင်းကို ၎င်းက “ကျွန်တော်တို့ ပြန်မေးခွန်းထုတ်ရမယ်၊ စီးနေတုန်း အချိန်မှာ မီးပြတ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါ ရှိသေးတယ်လေ။ ဒါက Accident ပဲ။ ဒါကတော့ ဘယ်သူမှ ပြောလို့မရတဲ့ကိစ္စ ကျွန်တော်တို့ အကောင်းဆုံးတော့ ပြင်ထားတာပေါ့။ ပြင်ထားပေမယ့်လည်း တစ်ကမ္ဘာလုံးမှာရှိတဲ့ စက်တွေက မပျက်တဲ့စက် မရှိဘူး။ ပျက်တော့ ပျက်တာပေါ့။ ဒါကို ကျွန်တော် ကောင်းအောင် လုပ်ပြီးသွားပြီလေ။ နေ့တိုင်းနေ့တိုင်း ပျက်နေရင်တော့ မှန်ပါတယ်။ တစ်ရက်ခြောက်လမှ တစ်ခါလောက် ဖြစ်တာကိုတော့ အားလုံး ကျွန်တော်တို့ ကောင်းအောင်တော့ လုပ်ထားပေးပါတယ်” ဟု ဖြေကြားသည်။
.
ပြည်သူ့ရင်ပြင်တွင် အသစ်ဖွင့်လှစ်ထားသည့် ရိုလာကိုစတာသည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ပြေးလမ်းပေါ်၌ ရပ်တန့်ခဲ့ပြီး ယင်းအချိန်တွင် စီးနင်းလိုက်ပါသူ အမျိုးသမီး ခြောက်ဦး ပါဝင်သည်ဟု သိရပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ယင်းရိုလာကိုစတာကို လက်ရှိအချိန်တွင် ပြန်လည် ဖွင့်လှစ်ထားပြီး လိုက်ပါစီးနင်းသူများ ရှိနေသော်လည်း စီးနင်းလိုသူ အချို့မှာမူ မိမိတို့၏ အသက်အန္တရာယ် လုံခြုံစိတ်ချရမှု အတွက် ယုံကြည်မှု နည်းနေခြင်းကြောင့် စီးနင်းရန် စိုးရိမ်မှုများ ရှိနေသည်ဟု ပြည်သူ့ရင်ပြင်သို့ လာရောက်သူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
.
“ကျွန်တော်တို့ သူငယ်ချင်းတွေ မနေ့က ဒီသတင်းကို ဖေ့စ်ဘွတ်ပေါ်မှာ တွေ့တယ်။ ဒီနေ့လာကြည့်တော့ စီးတဲ့သူတွေ သိပ်မတွေ့ဘူး။ ကျွန်တော်တို့တွေလည်း စီးချင်ပေမယ့်၊ မစီးရဲဘူး။ ရပ်သွားတဲ့ နေရာကလည်း အမြင့်ကြီး။ ပြန်ဆင်းလာတဲ့ လူတွေရဲ့ပုံတွေ ကြည့်တော့လည်း စိတ်ချရမယ့် ဘာအထိန်းအကွပ်မှ မပါဘဲ။ ဒီတိုင်းကြီး ဆင်းလာတာကို တွေ့တယ်။ ရပ်သွားတာပဲမို့လို့ တော်သေးတာပေါ့။ ကျွန်တော်တို့ စီးတော့မှပဲ ပြုတ်ကြတာတို့ ဘာတို့ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ သူတို့စီကနေ မနေ့က ကိစ္စနဲ့ပတ်သက်၍ အာမခံချက်ပေးနိုင်တဲ့ ထုတ်ပြန်ချက်တွေလည်း ထုတ်တာမတွေ့ရဘူး။ 
.
မတော်တဆ တစ်ခုခုများ ဖြစ်ရင် စီးတဲ့သူတွေပဲ အရင်ဆုံး နစ်နာရမှာ မှန်တာပြောရရင် မစီးရဲတော့ဘူး” ဟု စက်တင်ဘာ ၂၈ ရက်တွင် ပြည်သူ့ရင်ပြင်သို့ လာရောက်သူ လူငယ်တစ်ဦးက ပြောကြားသည်။ အဆိုပါ ရိုလာကိုစတာမှာ ၂၀၁၆ ခုနှစ် တွင် အသစ် ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်ပြီး စီးနင်းခ တစ်ဦးလျှင် ကျပ် ၅၀၀၀ ပေးရကြောင်း သိရသည်။ 
Writer: နေ၀န်းထက်
EMG





0 comments:

Post a Comment