Pages

Wednesday, March 2, 2016

ရှမ်းပြည်မြောက်ပိုင်းရှိ ဂုတ်တွင်းလမ်းပိုင်း ထူးထူးခြားခြား ကားလမ်းပိတ်ဆို့မှုဖြစ်ပေါ်နေ …


RangonNewsDaily::March . 2 .2016
နှစ်ပေါင်းများစွာအတွင်း မကြုံစဖူး ဂုတ်တွင်း၌ ကားလမ်းပိတ်ဆို့မှုဖြစ်ပွားနေပြီး ရာနှင့်ချီသောကားများပိတ်မိနေတာပါ။ ကျောက်မဲမြို့နှင့်နောင်ချိုအကြားရှိ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ဂုတ်တွင်းကားလမ်းတွင် ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့ ညအချိန်က တွဲကားတစ်စီးပျက်ကာပိတ်မိနေခဲ့ရာ မတ်လ ၁ ရက်နေ့ ၁၁ အချိန်ခန့်တွင် လမ်းပြန်ပွင့်ခဲ့သည်။
လမ်းပြန်ပွင့်ခဲ့သော်လည်း ၁၂ နာရီကျော်ကြာလမ်းပိတ်ဆို့မှုကြောင့် စောင့်ဆိုင်းနေသောကားတန်းကြီးမှကားများအား တာဝန်ရှိသူများမှ ကားများကိုအတက်အဆင်းတစ်သုတ်စီသွားလာနိုင်ရန်စီစဉ်ဆောင်ရွက်ပေးခဲ့သော်လည်း အလုအယက်ကျော်တက်ကာမောင်းနှင်သောကြောင့် မတ်လ ၁ ရက်နေ့ညပိုင်း ၆ နာရီအချိန်ခန့်တွင် ကားများပြန်လည်ပိတ်မိကာ ယာဉ်ကြောပိတ်ဆို့သွားခဲ့သည်။

အဆိုပါယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားရခြင်းနှင့်ပါတ်သက်၍ ခရီးသွားပြည်သူတစ်ဦးက
" ကျွန်တော်စီးလာတဲ့ကားက ဂုတ်တွင်းကို ည ၆ နာရီလောက်ကထဲကရောက်နေတာပါ ရောက်စက တစ်လိမ့်ခြင်းသွားလို့ရနေသေးတယ် အခုတော့လုံးဝသွားမရတော့လို့ရပ်ထားရတယ် လွန်ခဲ့တဲ့တစ်ရက်က တွဲကားတစ်စီးပျက်ပြီး လမ်းပိတ်ရာကနေ ကားတန်းအရှည်ကြီးဖြစ်သွားပြီး လမ်းလည်းပွင့်သွားရော အလုအယက်ကျော်တက်မောင်းကြတာကနေလမ်းတွေပိတ်မိကုန်ပြီး ဟိုဘက်လဲသွားမရ ဒီဘက်လဲသွားမရဖြစ်ပြီး ကားလမ်းပိတ်ကုန်တာဘဲ လမ်းကလည်းကျဉ်းတော့ရှောင်စရာနေရာကလည်းမရှိဘူး ပွင့်ပွင့်လင်းလင်းပြောရရင် ကားသမားတွေ စည်းကမ်းမရှိဘဲ သူ့ထက်ငါအလုအယက်ကျော်မောင်းနေလို့ဖြစ်ရတာပါ " ဟုပြောသည်။

ဆက်လက်၍၎င်းက " ညက ကားပေါ်မှာဘဲဖြစ်သလိုအိပ်လိုက်ရတယ် ရာသီဥတုကလည်းအေး စောင်လဲမပါဘာမှလဲမပါတော့ အတော်ဒုက္ခရောက်ပါတယ် အခုမနက်လည်း ဆိုင်ကယ်ဈေးသည်လာရောင်းတဲ့ ထမင်းကြော်လေးဘဲဝယ်စားထားရတယ် ဟိုဘက်ရောဒီဘက်ရောလမ်းပိတ်နေတာဆိုတော့ ဘယ်အချိန်မှလမ်းပွင့်မလဲတောင်မပြောတတ်တော့ဘူး ညနေစောင်းလောက်မှပွင့်မယ်ထင်တာဘဲ ဒါတောင်ကားတန်းကအရှည်ကြီးဖြစ်နေတော့ အလုအယက်ကျော်တက်ယင်း လမ်းပြန်ပိတ်မှာတောင်စိုးရိမ်ရတယ် " ဟုပြောပြသည်။

ကားလမ်းပိတ်ဆို့မှုကြောင့် ကားတန်းအရှည်မှာ နှစ်ဘက်ပေါင်း ၁၀ မိုင်ကျော်အထိရှိပြီး ယခုကဲ့သို့လမ်းပိတ်ဆို့မှုမျိုးနှစ်ပေါင်းများစွာမဖြစ်ပေါ်ခဲ့ဘူးကြောင်းလည်းသိရသည်။ လမ်းပိတ်ဆို့မှုဖြစ်ပွားရာသို့ ကျောက်မဲခရိုင်ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးဝင်းသိန်း မြို့နယ်မှူးရဲမှူးဝင်းခိုင်နှင့်ရဲတပ်ဖွဲ့ဝင်များ အမှတ် ၁၂၀ ယာဉ်ထိန်းတပ်ဖွဲ့စုမှရဲမှူးချစ်စိန်နှင့်ယာဉ်ထိန်းများက လမ်းပိတ်ဆို့မှုကို အမြန်ဆုံးလမ်းပွင့်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။
သတင်း ဓါတ်ပုံ .......မင်္ဂလာထွန်း ( ကျောက်မဲ )
Lashio Media::--
KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment