Pages

Tuesday, August 11, 2015

မြေပြို မြေကျွံမှုများကြောင့် ဟားခါးမြို့ နေရာရွှေ့ပြောင်းရမည်


RangonNewsDaily:: August . 11 .2015
ပြီးခဲ့တဲ့ ဇူလိုင်လက မိုးသည်ထန်စွာရွာသွန်ခဲ့ပြီး မြေပြို မြေကျွံမှုတွေ ဖြစ်ပွားခဲ့တာကြောင့် ချင်းပြည်နယ် ဟားခါး မြို့ ရပ်ကွက်ခြောက်ခုအနက် ၅ ခုကို ပြောင်းရွေ့ရမယ်လို့ ပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးနန်ဇမုန်က ဒီဗွီဘီကို ပြောပါတယ်။
“အခုလက်ရှိဖြစ်နေတာက နေရာမပြောင်းလို့ မဖြစ်တဲ့ကိစ္စက ရပ်ကွက် ၆ ခုရှိတဲ့အထဲမှာ အခု အက်ကြောင်းရာတွေဖြစ်နေတာက ရပ်ကွက် ၅ ခုလောက်ထဲမှာ ပါနေပါတယ်။ အဲဒီတော့ အပိုင်းအနေနဲ့ ပြောမယ်ဆိုရင်တော့ လက်ရှိပြိုနေတဲ့ မိသားစုတွေရယ် နောက် မပြိုသေးသော်လည်းပဲ အန္တရာယ်ရှိတဲ့ အက်ကြောင်းရာမှာပါတဲ့ မိသားစုတွေရယ်ကို နေရာသစ်မှာ အကွက်ချပေးဖို့လိုတယ်။ အစိုးရအနေနဲ့ ဘူမိဗေဒပညာရှင်ခေါ်တာ လေးယောက်တက်လာတယ်။ ဒီနေ့ ဟားခါးရောက်မယ်ထင်တယ်”လို့ ပြောပါတယ်။
.


သူ့ကို ပြည်နယ်ဝန်ကြီးချုပ် ဦးဟုန်းငိုင်း တာဝန်ပေးအပ်ချက်အရ စစ်ကိုင်းတိုင်း ကလေးမြို့မှာ ရုံးဖွင့်ပြီး အလှူခံကောက်ယူမှာဖြစ်ပါတယ်။ ရွှေ့ပြောင်းမယ့်ရပ်ကွက်တွေကို ဘယ်နေရာမှာ ချထားမယ်ဆိုတာ ယတိပြတ် မဆုံးဖြတ်ရသေးပေမယ့် ဖလမ်းမြို့အထွက်မှာ ဖြစ်နိုင်ဖွယ်ရှိတယ်လို့ သူက ခန့်မှန်းပြောဆိုပါတယ်။
.
ဦးနန်ဇမုန်က “ဖလမ်းအထွက်မှာ မြေနေရာကောင်းတွေတော့ ရှိတယ်။ အဲဒီနေရာတွေကို ရေရှည်မှာ ဘယ်လိုဖြစ်မယ်ဆိုတာကို ဘူမိဗေဒပညာရှင်တွေနဲ့ ကွင်းဆင်းမယ်ပေါ့ဗျာ။ သူတို့ အနေအထားကြည့်မယ်၊ ကြည့်တဲ့အခါကျတော့ ဒီနေရာကတော့ ကောင်းတယ်၊ ဒီတလျောက်တော့ ကောင်းတယ်ဆိုရင်တော့ ရေရှည်ကောင်းမယ့်နေရာကို နေရာသတ်မှတ် ပြီးတော့ အကွက်ချလုပ်မယ်ထင်ပါတယ်”လို့ ပြောပါတယ်။
.
မြေပြိုမှုတွေဟာ ဟားခါးမြို့က အဆိုးဝါးဆုံးခံစားခဲ့ရပြီး တီးတိန်မြို့က ကျေးရွာ ၄ ၊ ၅ ခန့်မှာ အလားတူ မြေပြိုပြီးတော့ ရွာတွေပြောင်းရွှေ့ကြရတယ်လို့ဆိုပါတယ်။
ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်ကို က ပြောပါတယ်။
“အရင်ဆုံးပြောချင်တာက ဟားခါးမြို့ရဲ့ ပထဝီအနေအထားပါ။ အရင်က ဖလမ်းနားက ဇာလိုင်ဆိုတာ ရွာလုံးကျွတ် အကြီးအကျယ်ပြိုဖူးတယ်။ အဲ့ဒီတုန်းက ဘူမိဗေဒပညာရှင် သုံး လေးယောက်လာပါတယ်။ ချင်းတောင်ထဲမှာ မြေပြိုနိုင်တဲ့စာရင်းထဲမှာ ဟားခါးလည်း ပါတယ်ပြောတယ်။
.
မြို့ပြောင်းဖို့ ကတော့ တဝက်တဝက် လောက်စီဖြစ်မယ် အတိအကျသာ ဆိုရင်ပေါ့လေ ဟိုဘက်တခြမ်းလုံးက ဟိုကမ်းပါးကဟာတွေက safe (လုံခြုံမှု) မဖြစ်တော့ဘူး အဲ့လို အနေအထားရှိတယ်။ ကျနော်တို့ ထန်တလန်လမ်းဘက်မှာ ရပ်ကွက်တွေ ရိုက်ပေးမယ်။ နောက်ဖလမ်းဘက်အထွက်မှာ ရပ်ကွက်တွေရိုက်ပေးဖို့စီစဉ်ထားပါတယ်။ မြို့လူဦးရေရဲ့ တဝက်လောက်ပြောင်းရမယ်လို့ ခန့်မှန်းပါတယ်။ လမ်းတို့ မီးတို့ လုပ်ပေးဖို့ စဉ်းစားထားတယ်။ ၆လလောက်ကြာမယ်မှန်းတယ်။ နောက်အကျဆုံး ၆ လလောက်ပေါ့။”လို့ ချင်းပြည်နယ် လူမှုရေး ဝန်ကြီးဒေါက်တာဘမောင်က သြဂုတ်လ ၇ ရက်နေ့တုန်းက ဒီဗွီဘီ ကို ပြောခဲ့ပါတယ်။
.
ရပ်ကွက်တွေ ပြန်လည်နေရာချဖို့အတွက် အစိုးရကလုပ်ဆောင်နေသလို အနည်းဆုံး ၆ လလောက် အချိန်ယူရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဟားခါးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာ၊ မြို့ဟောင်း၊ ဈေးသစ်၊ ကျော်ဘုတ် စတဲ့ ရပ်ကွက်တွေက အိမ်ခြေ ၆၀၀ ကျော် ပျက်စီးသွားသလို မြို့နားရွာတွေဖြစ်တဲ့ ခွာဘဲ၊ ဘဲအိုသဲ၊ မဲန်နူး စတဲ့ရွာတွေက အိမ်ခြေပေါင်း၁၀၀ ကျော် ပျက်စီးသွားတယ်လို့ Hakha Rescue Committee က ပြောပါတယ်။
.
အဲ့ဒီပျက်စီးမှုတွေထဲမှာတော့ စာသင်ကျောင်း ၄ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ နေအိမ်ပျက်ဆီးသွားသူတွေနဲ့ စိုးရိမ်ရတဲ့နေအိမ်တွေကို စွန်ခွာလာတဲ့ ဒုက္ခသည်တွေကတော့ မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။
ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံက တိုင်းရဲ့ပြည်နယ် ၁၄ ခုထဲမှာ ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးပြည်နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်း နိုင်ငံတ၀န်းဖြစ်ပွားတဲ့ သဘာဝဘေးဒဏ်သင့်မှုမှာ ပါဝင်ခဲ့ပြီး အစိုးရထုတ်ပြန်တဲ့ သဘာဝဘေးဒဏ်သင့် ဒေသ ၄ ခုထဲမှာ တခုဖြစ်ပါတယ်။ 
DVB ::--KOLATT(PBDN)
RangonNewsDaily





0 comments:

Post a Comment