Pages

Thursday, August 20, 2015

ကိုရီးယားနှစ်နိုင်ငံ နယ်နိမိတ်တွင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွား


RangonNewsDaily:: August . 20 .2015
မြောက်ကိုရီးယားနှင့် နယ်စပ်တွင် နှစ်ဖက် အပြန်အလှန် လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်နောက် အနီးအနားတွင် နေထိုင်သည့် အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းနေရန် တောင်ကိုရီးယား အစိုးရက အမိန့်ထုတ်လိုက်သည်။

နှစ်နိုင်ငံ နယ်စပ်အနီးရှိ တောင်ကိုရီးယား၏ ဝါဒဖြန့် လော်စပီကာများကို မြောက်ကိုရီးယားဘက်က လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီးနောက် မိမိတို့ဘက်ကလည်း လက်နက်ကြီး ကျည်ဆန်အချို့ဖြင့် တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။ ယခုလ အစောပိုင်းက နယ်စပ်ဒေသတွင် မြေမြှုပ်မိုင်း ပေါက်ကွဲပြီး တောင်ကိုရီးယား စစ်သည်နှစ်ဦး ပြင်းထန်စွာ ဒဏ်ရာရခဲ့သည့် ဖြစ်ရပ်နောက်ပိုင်း တောင်ကိုရီးယားက နှစ်အတန်ကြာ ပိတ်ထားသည့် လော်စပီကာများကို ပြန်ဖွင့်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လော်စပီကာများကို မြောက်ပိုင်း ကွန်မြူနစ် နိုင်ငံက အလွန် မုန်းတီး စက်ဆုပ်ကြောင်း သိရသည်။

ဩဂုတ် ၂၀ ရက်တွင် တောင်နှင့်မြောက် နှစ်နိုင်ငံ လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည့်နောက် တောင်ကိုရီးယားသည် အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေးကို ချက်ချင်းဆင့်ခေါ်ခဲ့သည်။ အနောက်ဘက်ခြမ်း ပင်လယ်ပြင် နယ်နိမိတ်သည် ကိုရီးယား နှစ်နိုင်ငံလုံးအတွက် လုံခြုံရေးကဏ္ဍတွင် အချက်အခြာကျသော နေရာလည်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ဩဂုတ် ၂၀ ရက် နံနက်ပိုင်းက ဆိုးလ်မြို့တော် အနောက်မြောက်ဘက်ရှိ ယွန်ချောင်းမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ ၎င်းတို့၏ ပစ်မှတ်သည် မြောက်ကိုရီးယား ဆန့်ကျင်ရေး ဝါဒဖြန့် စကားများ ထုတ်လွှင့်နေသည့် လော်စပီကာ တစ်လုံး ဖြစ်နိုင်ကြောင်းလည်း သိရသည်။

ထို့နောက်တွင်မူ အဆိုပါ လက်နက်ကြီး ပစ်ခတ်သည့် နေရာသို့ တောင်ကိုရီးယားဘက်က ၁၅၅ မမ စက်အမြောက်များဖြင့် အချက်ရေ ဒါဇင်နှင့်ချီ တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ကြေညာချက်တွင် ပါရှိသည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံစလုံးတွင် ထိခိုက်သေကြေမှု စာရင်း တစ်စုံတစ်ရာ မရရှိသေးချေ။

ကိုရီးယား နှစ်နိုင်ငံသည် ၁၉၅၀-၅၃ ကိုရီးယား ကျွန်းဆွယ် စစ်ပွဲအပြီးတွင် အပစ်အခတ် ရပ်စဲခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှု မရှိခြင်းကြောင့် သဘောတရားပိုင်းအရ နှစ်နိုင်ငံ စစ်ဖြစ်နေဆဲဟု ယူဆနိုင်သည်။ မကြာသေးမီ နှစ်များအတွင်း ယင်းနှစ်နိုင်ငံသည် နယ်စပ်ဒေသတွင် အပြန်အလှန် ပစ်ခတ်မှုများ ရှိခဲ့ဖူးကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Ref: AT Times, 7Day Daily, KOLATT(PBDN)
RangonNewsDaily




0 comments:

Post a Comment