Pages

Saturday, April 4, 2015

အနောက်ဘက် ကမ်းလွန်သို့ မြောက်ကိုရီးယား ဒုံးကျည်များ စမ်းသပ်ပစ်ခတ်


RangonNewsDaily:: April . 4 .2015
မြောက်ကိုရီးယား ဒုံးကျည်ပစ်စင် တစ်ခုမှ စမ်းသပ်ပစ်ခတ်နေစဉ်
မြောက်ကိုရီးယား နိုင်ငံသည် အနောက်ဘက် ကမ်းလွန်သို့ တာတိုပစ် ဒုံးကျည်လေးစင်း စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက်က ကြေညာခဲ့သည်။
ဧပြီ(၃)ရက်၊ ညနေပိုင်းက ပစ်ခတ်ခဲ့သော ဒုံးကျည်များသည် ခရီးကီလိုမီတာ (၁၄၀)မျှ ပျံသန်းသွားပြီး ပင်လယ်ထဲ ပြုတ်ကျသွားကြောင်း သိရသည်။ အဆိုပါ ဒုံးကျည်များကို မြောက်ကိုရီးယား မြောက်ပိုင်းရှိ ဒေါင်ချန်ရီ ဒုံးကျည်ပစ်စင်မှ ပစ်လွှတ်လိုက်ခြင်းဟုလည်း ဆိုသည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးပြီး ယခုတစ်ကြိမ် ပစ်လွှတ်မှုသည် လက်ရှိ ပြုလုပ်နေသည့် အမေရိကန်နှင့် တောင်ကိုရီးယား ပူးပေါင်း စစ်ရေးလေ့ကျင့်မှုကို ဆန့်ကျင်ကြောင်း ပြသသည့် လုပ်ရပ်ဟု ယူဆရသည်။


တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပုံမှန်ပြုလုပ်နေကျ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှုသည် မတ်လက စတင်ပြီး ထိုအတောအတွင်း မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်နှစ်စင်း၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် ခုနစ်စင်းတို့ကို ပစ်ခတ်ပြထားသည်။


တောင်ကိုရီးယား စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မြောက်ကိုရီးယား၏ နောက်ဆုံး ဒုံးကျည် စမ်းသပ်မှုကို နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ကွပ်ကဲခဲ့သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။
တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံသည် (၁၉၅၀-၅၃) ကိုရီးယားကျွန်းဆွယ် စစ်ပွဲအပြီး အပစ်အခတ် ရပ်စဲခဲ့သော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုထားခြင်း မရှိသောကြောင့် သီအိုရီအရ စစ်ဖြစ်နေဆဲဟု သတ်မှတ်နိုင်မည် ဖြစ်သည်။


Ref: BBC , 
KOLATT(PBDN)
RangonNewsDaily



0 comments:

Post a Comment