Pages

Friday, October 3, 2014

ငွေ မသုံး၊ ကတ် မသုံး၊ စမတ်ဖုန်းသာ သုံးမည်

RangonNewsDaily:: October . 3 .2014
ဆိုင်ထဲတွင် ကော်ဖီနံ့က သင်းပျံ့လို့ နေသည်။ တောင်အာဖရိက နိုင်ငံ ကိပ်တောင်းမြို့က နာမည်ကျော် “House of Machines” ကော်ဖီဆိုင်က လူငယ် များကြား ခေတ်စားသည်။ ဆိုင်မန်နေဂျာ ဇိုလီလီ မလင်ဒီ တစ်ယောက် ကော်ဖီနံ့ ရှူရှိုက်ကာ ကောင်တာမှာ ရပ်နေတုန်း လူငယ် တစ်ယောက် ၀င်လာသည်။ အာရပ်ကော်ဖီစေ့ စစ်စစ်ဖြင့် ဖျော်ထားသော အက်ပရက်ဆို ကော်ဖီမှာပြီး ပိုက်ဆံရှင်းဖို့ ပိုက်ဆံအိတ် ထုတ်သည်။
ကောင်လေး SnapScan ဆိုတဲ့ အပလီကေးရှင်း ကြားဖူးလား ဟု အိတ်ထဲကနေ ပိုက်ဆံနှိုက် နေသော လူငယ်ကို မလင်ဒီ မေးလိုက်သည်။ လူငယ် က သိချင်စိတ်ဖြင့် မလင်ဒီကို ကြည့်သည်။ SnapScan ဆိုတာ ဖုန်းနဲ့ ငွေချေလို့ရတဲ့ အပလီကေးရှင်းလေးပဲ။ မင်းဖုန်းထဲ သွင်းထားရုံပဲ။ အခုဆို ကိပ်တောင်းမြို့မှာ တော်တော် တွင်ကျယ် နေပြီ။ ခေတ်လည်း မီတယ်။ အလုပ်ရှုပ်လည်း သက်သာတယ်။ အဆင်လည်း သိပ်ပြေပဲ ဟု မလင်ဒါက ရှင်းပြ သည်။

House of Machines ကော်ဖီဆိုင်သည် ကိပ်တောင်းမြို့တွင် SnapScan နဲ့ ငွေရှင်းလို့ရသည့် ဒါဇင်ပေါင်း များစွာသော ဆိုင်များ ထဲက တစ်ဆိုင် ဖြစ်သည်။ SnapScan ငွေကြေး ၀န်ဆောင်မှုသည် အာဖရိကသားများ တီထွင်သော အာဖရိကဖွား နည်းပညာ ပစ္စည်းတစ်ခုဖြစ် သောကြောင့် အာဖရိကသားများ အတွက် ထပ်တိုး ဂုဏ်ယူစရာလည်း ဖြစ်သည်။

နည်းပညာဆု ရရှိထားသော မိုဘိုင်းဖုန်းသုံး ငွေပေးချေ ၀န်ဆောင်မှုလည်း ဖြစ် သည်။ SnapScan ကို မိမိဖုန်းထဲ အခမဲ့ ဒေါင်းလုဒ်လုပ်နိုင်သည်။ ဖုန်းထဲက ငွေကိုပင် အမျိုးမျိုးသော ၀ယ်ယူမှုများ အတွက် SnapScan သုံးပြီး ငွေရှင်းလိုက် နိုင်သည်။ အကြွေးဝယ်ကတ် ကိုင်စရာ မလို၊ ပိုက်ဆံလည်း ကိုင်စရာမလို၊ စမတ်ဖုန်း တစ်လုံး ကိုင်ထားရုံနဲ့ အားလုံးပြီးသည်။

SnapScan ဘယ်လို အလုပ်လုပ်လဲ

SnapScan ငွေပေးချေ စနစ်ရှိသော ဆိုင်တိုင်းသည် ၎င်းဆိုင် အတွက် သီးသန့် SnapScan ဘဏ်အကောင့် တစ်ခု ရှိသည်။ ထိုဆိုင်တွင် ဈေးဝယ်ပြီး ဖုန်းဖြင့် ငွေရှင်းလိုသူသည် မိမိဖုန်းထဲ SnapScan အပလီကေးရှင်းကို သုံးပြီး ဆိုင်၏ SnapScan မှတ်ပုံတင်နံပါတ်ကို ရိုက်ထည့်ရမည်။ 


ထိုအခါ သက်ဆိုင်ရာဆိုင်၏ ဘဏ်အကောင့် ထဲသို့ ငွေပေးချေ နိုင်မည့် ပုံစံ ပေါ်လာမည်။ ထိုအခါ မိမိ ပေးချေ ရမည့် ငွေပမာဏကို ရိုက်ထည့်၊ မိမိ၏ လုံခြုံရေး နံပါတ် PIN ကို ရိုက်ထည့်ပြီး ငွေရှင်းမယ် ဆိုတာကို နှိပ်လိုက်ရုံနဲ့ ဖုန်းထဲက ငွေက ဆိုင်ရဲ့ ဘဏ်အကောင့်ထဲ ရောက်သွားပြီ ဖြစ်သည်။

ဖုန်းထဲ ထည့်ထားရမယ့် SnapScan အတွက်လည်း လုံခြုံရေး PIN နံပါတ် (ဂဏန်း လေးလုံး) ရမယ်။ ငွေရှင်းရင် အဲဒီနံပါတ် ရိုက်ထည့်မှ ရှင်းလို့ ရမယ်။ ဒီလိုဆိုတော့ ဖုန်းပျောက် သွားရင်တောင် ကိုယ့်ဖုန်းထဲက ပိုက်ဆံတွေနဲ့ သူများတွေ လျှောက်ဝယ်နေမှာ မပူရတော့ ဘူးပေါ့ ဟု မလင်ဒီက လူငယ်ကို ရှင်းပြနေသည်။ 


ဖုန်းဖြင့် ငွေရှင်းလိုသူသည် ဘဏ်စာရင်း ဖွင့်ထားသူတော့ ဖြစ်ရမည်။ SnapScan သုံးပြီး ဖုန်းဖြင့် ငွေရှင်းလိုက်သည့် အခါ ဖုန်း ဖြင့်ရှင်းသူ၏ ဘဏ်အကောင့် ထဲက ငွေကိုဆိုင်၏ ဘဏ်အကောင့်သို့ လွှဲထည့်ပေး လိုက်မည် ဖြစ်သည်။ လွယ်ကူ ရိုးရှင်းသော ငွေပေးချေမှု ပုံစံဖြစ်သည်။

ခေတ်ကို ခုန်ပျံ ကျော်လွှားမယ်

မိုဘိုင်းဖုန်းဖြင့် ငွေပေးချေခြင်းသည် ဖုန်းကိုင်သူ သန်း (၇၂၀) နီးပါးရှိသော အာဖရိက အတွက် အထူးအဆန်းတော့ မဟုတ်တော့။ ကင်ညာ တွင် စတင် သုံးစွဲခဲ့သော M-Pesa သည် မိုဘိုင်းဖုန်းဖြင့်ပင် မီတာခွန်၊ ရေခွန်က အစ ၀န်ဆောင်မှု အမျိုးမျိုးအတွက် ငွေပေးချေ နိုင်သည်။ လစာထုတ်ယူ နိုင်သည်။ တစ်နေရာနှင့် တစ်နေရာကို ဖုန်းကနေ ငွေလွှဲပို့နိုင်သည်။ မိုဘိုင်းဖုန်းသုံး ငွေပေးချေ စနစ်က ကင်ညာ ပြည်သူများနှင့် စီးပွားရေး လုပ်ငန်းများ နေ့စဉ်ဘ၀ လည်ပတ်မှုကို တစ်ဆစ်ချိုး ပြောင်းစေခဲ့သည်။

ခန့်မှန်းချက်များ အရ အာဖရိက စမတ်ဖုန်းကိုင်သူ ပမာဏသည် လာမည့် လေးနှစ် အတွင်း နှစ်ဆ တိုးလာမည်ဟု သိရသည်။ လက်ရှိအချိန် တွင် အာဖရိက တောင်ပိုင်းဒေသ၌ တောင်အာဖရိက နိုင်ငံသည် စမတ်ဖုန်း ကိုင်သူ အများဆုံး နိုင်ငံဖြစ်သည်။ လူဦးရေ၏(၁၉) ရာခိုင်နှုန်းသည် စမတ်ဖုန်း ကိုင်နေကြပြီ။ စမတ်ဖုန်းများ တွင်ကျယ် လာသည်နှင့် အမျှ ငွေပေးချေသည့် စနစ်များသည် လည်း ပို၍ ပို၍ စမတ်ကျလာ ဦးမည် ဖြစ်သည်။

ဖုန်းသုံးပြီး ငွေပေးချေတဲ့ ကဏ္ဍကို ကြည့်ရင် အာဖရိကဟာ ထိပ်ဆုံးက ဦးဆောင်နေတယ် ဆိုတာ တွေ့နိုင်ပါတယ် ဟု SnapScan ထူထောင်သူ တစ်ဦးဖြစ်သည့် ကိုဘတ်စ်အာလာက ပြောသည်။ SnapScan ကို အာဖရိကမြေ ပေါ်မှာပဲ အာဖရိကသားတွေ ကိုယ်တိုင် ဖန်တီးထားတာပါ။ 


ဒီတော့ အာဖရိက သားတွေနဲ့ ကိုက်ညီအောင် ကျွန်တော်တို့ ဖန်တီးထားတယ်။ အာဖရိက သားတွေရဲ့ လိုအပ်ချက်ကို ကွက်တိ ဖြည့်ဆည်းပေးနိုင်အောင် စီစဉ် ပေးထားတဲ့ SnapScan အပါအ၀င် ဖုန်းနဲ့ ငွေပေးချေ ၀န်ဆောင်မှုမျိုး တွေဟာ ရှေ့ဆက်ပြီး လူသုံးများလာ ဦးမှာ ဖြစ်ပါတယ် ဟု မစ္စတာ အာလာက ရှင်းပြသည်။

အာဖရိကဟာ နည်းပညာကို အစဉ်အတိုင်း မလိုက်နိုင်ခဲ့ပါဘူး။ တခြား တိုက်ကြီးတွေမှာ တွင်ကျယ်နေတဲ့ သမားရိုးကျ ဘဏ်စနစ်တွေ၊ ခရတ်ဒစ်ကတ် စနစ်တွေ အာဖရိကမှာ ခုထိ မသုံးနိုင်သေး ပါဘူး။ ဆိုးတယ်လို့ ပြောနိုင်ပေမယ့် ယနေ့ နည်းပညာ ခေတ်မှာ ကျတော့ ကောင်းသွား ပြန်ပါ တယ်။ 


အဲဒါတွေ မရှိတဲ့ အတွက် အာဖရိကဟာ နည်းပညာ အမွေဟောင်း ၀န်ထုပ်တွေကို သယ်ပိုးနေစရာ မလိုဘဲ လက်ရှိ နည်းပညာသစ်ကို တိုက်ရိုက် ခုန်ပျံကျော်လွှား ကျင့်သုံးနိုင်ခဲ့ပါတယ် ဟု မစ္စတာ အာလာက ရှင်းလင်း ပြောကြားသည်။

အမေရိက၊ ဥရောပ စသည့် နိုင်ငံကြီး များတွင် သမားရိုးကျ ဘဏ်စနစ်များ၊ ခရတ်ဒစ်ကတ် စနစ်များ တွင်ကျယ် ခဲ့ရာ ယခုထိတိုင် ထိုစနစ် များကို သုံးစွဲနေကြသေးပြီး ခေတ်နှင့် အညီဖုန်းဖြင့် ငွေပေးချေစနစ် ကျင့်သုံးဖို့ရာတွင် သမားရိုးကျ စနစ်များ နေရာ အစားထိုးဖို့ကို အချိန်ယူ ကြိုးပမ်းနေ ရဆဲ ဖြစ်သည်။ 


နည်းပညာ အမွေအနှစ်များ မရှိသေးသော အာဖရိက သည်ကား သမားရိုးကျ နေရာမှာ အစားထိုးဖို့ မလိုသဖြင့် ဖုန်းဖြင့် ငွေပေးချေ နိုင်သော နည်းပညာသစ်ကို တိုက်ရိုက်ထည့် သုံးနိုင်ကာ ခေတ်အမီဆုံးအဖြစ် ရပ်တည်လျက်ရှိသည်။

ငွေစက္ကူမကိုင်သည့် လူ့အဖွဲ့အစည်း

အာဖရိကကို ငွေစက္ကူ မကိုင်ဘဲ ဖုန်းဖြင့်သာ ငွေပေးချေသည့် လူ့အဖွဲ့အစည်း ဖြစ်အောင် ဖန်တီး နိုင်လိမ့်မည်ဟု မစ္စတာ အာလာက ယုံကြည် ထားသည်။ အခုဆို အာဖရိကသား အများစုကြီး စမတ်ဖုန်း သုံးလာကြ ပြီ။ ဒါကို အခြေခံပြီး စမတ်ဖုန်းနဲ့ ငွေပေးချေ စနစ် အားကောင်း လာအောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ် ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သမားရိုးကျ နည်းပညာ အခြေခံတွေ မရှိတာဟာ အာဖရိကအတွက် တစ်မျိုး ကောင်းနေပြန်တယ်။ သမားရိုးကျကို အားမကိုးနိုင်တဲ့ အတွက် ခေတ်မီ နည်းပညာကို သုံးပြီး ဘယ်လို ခုန်ပျံကျော်လွှား မလဲ စဉ်းစားဖြစ်လာတယ် ဟု SnapScan နှင့် ပူးပေါင်းပြီး မိုဘိုင်းဖုန်းသုံး ငွေပေးချေ စနစ်များ ဆောင်ရွက်နေသည့် Standard Bank ၏ “သမားရိုးကျ ငွေပေးချေစနစ် အလွန်” ဟူသော အစီအစဉ် အကြီးအကဲ ဂျွန်ကမ့်ဘဲလ် ကလည်း သုံးသပ် ပြောကြားသည်။

ဥပမာ ကင်ညာက M-Pesa ဆိုတာ မျိုးကို ကြည့်။ ကိုယ့်ဖုန်းထဲ ကငွေ တိုက်ရိုက် လွှဲနိုင်တယ်။ ကိုယ့် ဖုန်းနံပါတ်က ကိုယ့်ဘဏ် အကောင့် ဖြစ်သွားတယ်။ သမားရိုးကျ ဘဏ်တွေ ထူထောင်နေစရာ မလိုတော့ဘူး။ နည်းပညာကြောင့် အာဖရိကဟာ အချို့သော အခြေခံ အဆောက်အအုံတွေ တည်ဆောက်နေရခြင်း ၀န်ထုပ်ကို ဖယ်ချပစ်လိုက် နိုင်တယ် ဟု မစ္စတာ ကမ့်ဘဲလ်က ထောက်ပြ ပြောကြားသည်။

House of Machines ကော်ဖီဆိုင်ကို ပြန်သွားကြ ပါစို့။ ဆိုင်မန်နေဂျာ မလင်ဒီသည် ဆိုင်ကိုလာ သူများအား SnapScan အကြောင်း မိတ်ဆက် ပေးနေသည်။ SnapScan သုံးပြီး ပိုက်ဆံရှင်းသည့် စနစ် ဖွံ့ဖြိုးရေး ကူညီ နေသည်။ တစ်နည်းဆို ရလျှင် အာဖရိကကို ခေတ်မီအောင် မလင်ဒီ ၀ိုင်းကူပေးနေသည်။ 


ခရတ်ဒစ်ကတ်တွေ၊ ငွေစက္ကူတွေ သုံးနေတာ ထက် စမတ်ဖုန်း သုံးပြီး ငွေပေးချေတာ ပိုအဆင်ပြေတယ်၊ လွယ်ကူတယ်၊ ထိရောက် တယ်၊ ခေတ်နဲ့လည်း ညီတယ် ဟု မလင်ဒီက ပြောသည်။ SnapScan သည် အာဖရိကဖွား နည်းပညာ ၀န်ဆောင်မှုတစ်ခု ဖြစ်ခြင်း ကြောင့်လည်း မလင်ဒီ ဂုဏ်ယူသည်။

ဒါမျိုး နည်းပညာ ၀န်ဆောင်မှု ဆိုတာ အမေရိကတို့၊ ဥရောပတို့က တီထွင်ပေးမှ ဖြစ်မှာ ပါလေလို့ ကျွန်တော် ထင်ထားမိတာ။ SnapScan ဟာ အာဖရိကသားတွေ ကိုယ်တိုင် တီထွင် ဖန်တီးထားတဲ့ ခေတ်မီ နည်းပညာ ၀န်ဆောင်မှု ဆိုတာ သိလိုက်ရတော့ ၀ိုး...ဒို့ အာဖရိကသား တွေတယ် ဟုတ်ပါလား.. အာဖရိကသားတွေ လာပြီနော... ကမ္ဘာကျော်မယ့် အာဖရိကသားတွေကွ ဆိုပြီး ကျွန်တော် စိတ်အားတွေပါ တက်မိတယ် ဟု မလင်ဒီက ပီတိဖြင့် ပြောသည်။

Ref: No cash, no cards - just smartphone (CNN)

KOLATT(PBDN)

RangonNewsDaily

0 comments:

Post a Comment