Pages

Friday, August 15, 2014

မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရေး အလှူငွေများ အလွဲသုံးစားလုပ်သည်ဟုဆိုကာ အဖွဲ့ခေါင်းဆောင် အပါအဝင် သုံးဦးကို အမှုဖွင့်

RangonNewsDaily:: August . 15 .2014
ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သော ခရီးစဉ်တစ်လျှောက်တွင် အများပြည်သူ လှူဒါန်းခဲ့သော အလှူငွေများအနက် ကျပ်သိန်းနှစ်ရာကျော်ကို အလွဲသုံးစား ပြုခဲ့သည်ဟုဆိုကာ လမ်းလျှောက်အဖွဲ့ ခေါင်းဆောင်ဖြစ်သူ ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို သြဂုတ်လ ၁၁ ရက်နေ့က ကျောက်တံတား မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း အင်းစိန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင် ဒေါ်သက်သက်မာက ပြောကြားသည်။
မြန်မာနိုင်ငံရေး အကျဉ်းသားများမှ အဖွဲ့ဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အဖွဲ့ဝင်များနှင့် ပြည်သူများ ပါဝင်သော လူ ၇၀ ခန့်က မတ်လ ၂၃ ရက်နေ့က ရန်ကုန်မြို့မှစတင်၍ ကချင်ပြည်နယ်ရှိ ဧရာဝတီမြစ်ဆုံသို့ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးရန် လမ်းလျှောက် ဆန္ဒပြခဲ့ကြောင်း၊ ပုဂံမြို့သို့ ရောက်ရှိစဉ် လမ်းလျှောက် အဖွဲ့ခေါင်းဆောင် ကိုရဲထွဋ်ခေါင်နှင့် နောက်လိုက်အဖွဲ့ဝင်များ သဘောထား ကွဲလွဲခဲ့ပြီး အဖွဲ့နှစ်ခု ကွဲခဲ့ကြောင်း၊ လမ်းတစ်လျှောက်ရှိ အလှူရှင်များ၏ လှူဒါန်းခဲ့သော ငွေစာရင်းကို တိကျစွာ မရှင်းလင်းနိုင်သဖြင့် ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို ကျန်အဖွဲ့ဝင်များက အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

“အလှူရှင်တစ်ယောက်က သိန်း ၉၀ ကို မြစ်ကြီးနားဘဏ်မှာ လွှဲပို့ထားတာ။ သူ့တို့ဘာသာ ထုတ်ယူခဲ့သလို အခြားအလှူရှင်တွေရဲ့ ငွေတွေလည်း စာရင်း မမှန်မကန် ဖော်ပြခဲ့တယ်။ အခု လမ်းလျှောက်အဖွဲ့ကို လှူဒါန်းခဲ့တဲ့ အလှူရှင်တွေနဲ့ အဆက်အသွယ် ပြန်ရပြီ။ ဘယ်နေ့ ဘယ်ရက်က ဘယ်မြို့မှာ အလှူငွေ ဘယ်လောက် ထည့်ခဲ့တယ်ဆိုတဲ့ စာရင်းတွေရှိတာကြောင့် သူ့တို့သုံးယောက်ကို အမှုဖွင့်ပြီး တရားစွဲသွားမှာပါ” ဟု ရဲစခန်းတွင် တရားလိုပြု အမှုဖွင့် တိုင်ကြားခဲ့သူ ဒေါ်သက်သက်မာက ရှင်းပြသည်။

အဆိုပါ ငွေကြေး အရှုပ်အရှင်းနှင့် ပတ်သက်၍ ဇူလိုင်လဆန်းပိုင်းက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲ သုံးရက်ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း၊ ကိုရဲထွဋ်ခေါင် အပါအဝင် သုံးဦးကို လမ်းလျှောက်အဖွဲ့၌ ပါဝင်ခဲ့သူများက အလှူငွေရရှိမှု လက်ခံစာရင်း ဇယားများကို တိကျစွာ ပြန်လည် ဖြေရှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း လာရောက် ဖြေရှင်းမှု မရှိခဲ့သောကြောင့် ဥပဒေအတိုင်း ဖြေရှင်းရန် အမှုဖွင့် တိုင်ကြားရခြင်း ဖြစ်ကြောင်း လမ်းလျှောက်အဖွဲ့တွင် ပါဝင်ခဲ့သူများထံမှ သိရှိရသည်။

“လမ်းလျှောက် အဖွဲ့ဝင်တွေက လမ်းမှာ ပြည်သူတွေကျွေးတဲ့ ထမင်းစားပြီး ဒုက္ခခံကြိုးစားခဲ့ရတာ။ ရတဲ့ အလှူငွေတွေကို ကချင်စစ်ဘေး ဒုက္ခသည်တွေအတွက် လှူခဲ့မယ် ဆိုတော့လည်း လက်မခံခဲ့ဘူး။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းပေးဖို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သူတွေအပေါ် လှူဒါန်းခဲ့တဲ့ ငွေတွေကို ပြည်သူအကျိုးရှိမယ့် နေရာမှာ သုံးစေချင်တာကြောင့်ပါ” ဟု ဒေါ်သက်သက်မာက ရှင်းပြသည်။

ယင်းတိုင်ကြားချက်နှင့် ပတ်သက်၍ မေးမြန်းနိုင်ရန် အဆိုပါ အလှူငွေများ အလွဲသုံးစားပြုသည်ဟုဆိုကာ အမှုဖွင့် တိုင်ကြားခံရသူ ကိုရဲထွဋ်ခေါင်နှင့် ၎င်း၏ဇနီး အပါအဝင် မြန်မာနိုင်ငံရေး အကျဉ်းသားများ အဖွဲ့ချုပ်၏ လက်ကိုင်ဖုန်းများထံသို့ ဖုန်းအကြိမ်ကြိမ် ခေါ်ဆိုခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိပေ။

ဧရာဝတီမြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းရေး လမ်းလျှောက် ဆန္ဒထုတ်ဖော်ရာ၌ ပါဝင်ခဲ့သော ဒေါ်သက်သက်မာက ငွေအလွဲသုံးစားပြုမှုဖြင့် ကိုရဲထွဋ်ခေါင်တို့ သုံးဦးကို တရားလိုပြု တိုင်ကြားခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၃၁၈/၁၄၊ ပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ကာ စုံစမ်းလျက် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ သိရှိရသည်။

The Voice , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment