Pages

Thursday, May 8, 2014

ဧရာဝတီတိုင်းအတွင်းရှိ မြေဧကတစ်ထောင်ကျော်တွင် စက်မှုဇုန်တည်ထောင်ရန် တရုတ်ကုမ္ပဏီ လေ့လာနေ

RangonNewsDaily: May . 8 .2014
ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်တွင် တရုတ်ကုမ္ပဏီတစ်ခုက မြေဧက ၁၂၀၀ ကျော်၌ စက်မှုဇုန်တစ်ခု တည်ဆောက်ရန် မြေနေရာ ကွင်းဆင်းလေ့လာမှုများ လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။မြေနေရာ အကျယ်အ၀န်း ဧက ၁၂၀၀ နှင့် ၁၅၀၀ ကြား အသုံးပြုမည့် စက်မှုဇုန်စီမံကိန်းကို အစိုးရထံမှ ငှားရမ်းရန် စီစဉ်ထားပြီး အထည်ချုပ်စက်ရုံများ အပါအ၀င် စက်ရုံများတည်ဆောက်သွားမည်ဟု ကုမ္ပဏီဘက်က ပြောဆိုထားကြောင်း ညောင်တုန်းမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်သောင်းက ပြောသည်။
အဆိုပါ ကုမ္ပဏီနှင့် အဖွဲ့သည် မေလ ၇ ရက် ညနေတွင် ညောင်တုန်းမြို့နယ် တူးချောင်းကျေးရွာ ကွင်းအမှတ် ၃၈၈ တွင် ကွင်းဆင်းလေ့လာခဲ့ကြသည်။‘‘အထည်ချုပ်စက်ရုံနဲ့ အခြား လက်အိတ်စက်ရုံတွေ၊ ခြေအိတ်စက်ရုံတွေပါ ဆောက်မယ် ပြောတယ်။ လယ်သမားတွေကို အလုပ်ပြန်ပေးမယ်။ လယ်သမားတွေနေဖို့ အိမ်ရာတွေပါဆောက်မယ်လို့ ကုမ္ပဏီက ပြောပါတယ်’’ ဟု ၎င်းက ရှင်းပြသည်။
::
‘‘ဒီစီမံကိန်းက လာဆွေးနွေးတဲ့အဆင့်ပဲ ရှိသေးတယ်။ ရှေ့ဆက်ဆောင်ရွက်ရမှာ အများကြီးပဲ။ ပြည်တွင်းမှာ သူနဲ့ ပူး ပေါင်းလုပ်ဖို့ ကုမ္ပဏီရှာရမယ်။ ဒါမှ မြေငှားလို့ ရမှာလေ။ ပြီးတော့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်လည်း ရယူရဦးမယ်။ သူက ခွင့်ပြုမှ လုပ်ရမှာလေ’’ ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးလှခိုင်က ပြောကြားသည်။

စက်မှုဇုန်တည်ဆောက်မည်ဆိုသည့် မြန်မာယူနန်ကုမ္ပဏီသည် ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် အထည်ချုပ်စက်ရုံတစ်ရုံရှိပြီး ဧရာဝတီတိုင်းပုသိမ်မြို့နယ်တွင်လည်း အထည်ချုပ်စက်ရုံတစ်ရုံကို ၂ နှစ်အတွင်း အပြီးတည်ဆောက်လျက်ရှိကြောင်း သိရသည်။
::
‘‘သူတို့ ဆင်းကြည့်တာ သုံးခါရှိပြီ။ ဒါက ရှေ့ပြေးပေါ့။ မြေနေရာအတွက် တောင်သူတွေကိုလည်း ၁၀ နှစ်တစ်ဖြတ် ချုပ်မလား၊ တောင်သူတွေနဲ့ ညှိရဦးမယ်’’ ဟု ဦးစီးအရာရှိ ဦးမြင့်သောင်းက ဆိုသည်။

တရုတ်ကုမ္ပဏီ ဖြစ်သည့် မြန်မာယူနန်ကုမ္ပဏီသို့ ဆက်သွယ်မေးမြန်းနိုင်ရန် ရန်ကုန်မြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး စီးပွားရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းသော်လည်း ယင်းကုမ္ပဏီသည် သံရုံးတွင် မှတ်ပုံမတင်ထားကြောင်း ပြန်လည်ဖြေကြားသည်။
::
အဆိုပါမြေများမှာ လယ်မြေများဖြစ်သည့်အတွက် အဆင့်ဆင့်ညှိနှိုင်းရမည်ဖြစ်ပြီးသက်ဆိုင်ရာက ခွင့်ပြုသည့်တိုင် လယ်သမားများအတွက် လယ်ယာလုပ်ငန်းခွင်ဆုံးရှုံးမှုကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း တောင်သူလယ်သမားအရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။

7Day Daily ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment