Pages

Saturday, April 19, 2014

ဖမ်းဆီးထားသော သတင်းသမားများ ပြန်လွှတ်ရေး ပြည်မြို့တွင် ဆန္ဒပြရန်စီစဉ်


RangonNewsDaily: April . 19 .2014
ဒီမိုကရက်တစ်မြန်မာ့အသံ(DVB)မှ သတင်းထောက်ကိုဇော်ဖေနှင့် ယူနတီဂျာနယ်မှ သတင်းသမား(၃)ဦး ပြန်လွှတ်ပေးရေးနှင့် ဌာနဆိုင်ရာရုံးများတွင် လွတ်လပ်စွာ သတင်းယူခွင့် ရရှိရေးအတွက် ပဲခူးတိုင်း ပြည်မြို့တွင် သတင်းသမားများ စုပေါင်းကာ ဧပြီလ(၂၅)ရက်၌ ဆန္ဒဖော်ထုတ်သွားမည်ဟု ပြည်မြို့ (DVB) သတင်းထောက် ကိုသန်းထိုက်က မဇ္ဈိမကို ပြောသည်။
“ဌာနဆိုင်ရာရုံးတွေမှာ သတင်းသွားမေးရင် ပိုင်နက်ကျူးလွန်မှု၊ တာဝန်ဝတ္တရား နှောက်ယှက်မှုတွေနဲ့ တရားဆွဲတယ်။ အဲဒီရုံးတွေက ဌာနဆိုင်ရာဆိုပေမယ့် ပြည်သူတွေ ၀င်ထွက်သွားလာလို့ရတဲ့ ပြည်သူပိုင် ရုံးတွေလည်းဖြစ်တယ်။ သတင်းယူခွင့်ကို ကန့်သတ်ထားလို့မရဘူး” ဟု ကိုသန်းထိုက်က ပြောသည်။

ဆန္ဒဖော်ထုတ်ရန်အတွက် ပြည်ဒေသခံသတင်းထောက်များက ဧပြီလ(၁၈)ရက်က တိုင်ပင်ဆွေးနွေးခဲ့ကြပြီး ဧပြီလ(၁၉)ရက်နေ့တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးသို့ ခွင့်ပြုမိန့်လျှောက်ထားခဲ့သည်။ အကယ်၍ ခွင့်ပြုမိန့် မရပါကလည်း ဆန္ဒထုတ်ဖော်မည့် အစီအစဉ်ကို ပြောင်းလဲမှု မလုပ်ရန် သတင်းသမားများက သဘောတူထားသည်ဟု ကိုသန်းထိုက်က ပြောသည်။

ပြည်ဒေသခံ သတင်းထောက်များသည် ဧပြီ(၂၅)ရက် နံနက် ၉နာရီမှ ၁၁နာရီအထိ ပြည်မြို့တွင် "ဖမ်းဆီးထားသော သတင်းသမားများ ပြန်လွှတ်ရေး…ဒို့အရေး" "အများသူငါ ဝင်ထွက်နိုင်သော ရုံးအဆောက်အဦး ဌာနဆိုင်ရာများတွင် လွတ်လပ်စွာ သတင်းရယူနိုင်ရေး…… ဒို့အရေး" "မီဒီယာ ဖိနှိပ်မှု ချက်ချင်းရပ်" စသော ဗီနိုင်းစာသားများ၊ ဟစ်ကြွေးသံများဖြင့် ဆန္ဒထုတ်ဖော်မည်ဖြစ်သည်။

ဆန္ဒထုတ်ဖော်မှုကို ဗိုလ်ချုပ်ကျောက်ရုပ်အနီး၊ ရွှေဆံတော်ဘုရား နာရီစင်ရှေ့၊ တရားရုံးရှေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှေ့များတွင် ပြုလုပ်သွားမည်ဖြစ်သည်။
-------
ပုံ - DVB သတင်းထောက် ကိုဇော်ဖေကို မကွေးတရားရုံးက ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့ခြင်းကြောင့် ကိုဇော်ဖေအပါအဝင် ထောင်ကျနေသော သတင်းထောက်များ ပြန်လည် လွတ်မြောက်ရေးအတွက် ပဲခူးတိုင်း၊ ပြည်မြိုတွင် ဆန္ဒထုတ်ဖော်ရန် ဧပြီလ ၁၈ရက်က ပြည်မြို့ခံ သတင်းသမားများ အစည်းအဝေး ပြုလုပ်နေစဉ်။ (ဓာတ်ပုံ- ရေခဲ၊ ပြည်)

Mizzima - News , 
KOLATT(PBDN)
RangonNewsDaily

0 comments:

Post a Comment