Pages

Thursday, August 1, 2013

မြ၀တီတွင် ရေငါးပေခန့် ထပ်မံမြင့်တက်လာခဲ့ပြီး နှစ် ၂၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်

B-1-8
မြ၀တီမြို့၏ အဓိက လမ်းမကြီးတစ်ခုဖြစ်သော ဘုရင့်နောင် လမ်းမကြီးပေါ်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်

RangonNewsDaily:: Aug 1, 2013
သောင်ရင်းမြစ် ရေတက်မှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသော မြ၀တီမြို့တွင် ဇူလိုင် ၃၀ ရက်က ရေငါးပေခန့် ထပ်မံမြင့်တက်ခဲ့ပြီး နှစ် ၂၀ အတွင်း အဆိုးဆုံး ရေကြီးရေလျှံမှုဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

ရေကြီးမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ တရားရုံး၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိက ဘဏ်များအားလုံး ရေနစ်မြုပ်ခဲ့ပြီး ပုဂ္ဂလိက ဘဏ်များအားလုံး ပိတ်ထားရကြောင်း သိရသည်။

"ဒီနှစ်ရေကြီးတာ တော်တော်ဆိုးပါတယ်။ မြ၀တီမြို့ရဲ့ အဓိက လမ်းမကြီးဖြစ်တဲ့ ဘုရင့်နောင် လမ်းမကြီးပေါ်မှာဆိုရင် ရဲစခန်းရှေ့ကနေ ချစ်ကြည်ရေးတံတားအထိ လူတစ်ရပ်နီးပါးလောက် ရှိပါတယ်။

တစ်ထပ်အိမ်နဲ့ နှစ်ထပ်အိမ်က လူတွေကိုတော့  လှေတွေနဲ့ သွားကယ်ပြီး ကယ်ဆယ်ရေး စခန်းတွေကို ပို့ဆောင်ထားပါတယ်။

အခု မြစ်နားမှာရှိတဲ့ သုံးထပ်အိမ်က လူတွေကို လှေတွေနဲ့ သွားကယ်နေကြပါတယ်" ဟု မြ၀တီ မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။
C-1-8
မြ၀တီမြို့တွင် ရေကြီးရေလျှံမှုကြောင့် ဒေသခံများ ရွှေ့ပြောင်းမှု ပြုလုပ်နေကြစဉ်


လက်ရှိအချိန်တွင် ရေဘေးသင့်သူများအား ကုန်းမြင့်နေရာများတွင်ရှိသည့် တောရကျောင်း၊ ဒဟတ်တောကျောင်း၊ ဟေမာန်ဦးကျောင်း၊ တောင်တန်းကျောင်း၊ မိကျောင်းကုန်းကျောင်း၊ ဖားခြောက်ကောင်ကျောင်း၊ ပြည်တော်ဝင် ဓမ္မရိပ်သာ၊ ဓိဋ္ဌာန်အောင် ဓမ္မာရုံ၊ ကျောက်လုံးကြီး ဓမ္မရိပ်သာ စသည့်နေရာများတွင် ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေကြောင်း သိရသည်။

"မြ၀တီမြို့မှာ ၁၉၉၄ ၊ ၂၀၀၀၊ ၂၀၁၁၊ ၂၀၁၂ ခုနှစ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီနှစ်လောက်တော့ မဆိုးဘူး။ အခုက ကုန်းမြင့်နေရာ တချို့ကလွဲပြီး တစ်မြို့လုံး ရေကြီးမှုဒဏ်ကို ခံစားနေရပါတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ကရင်ပြည်နယ် ဒေသများဖြစ်သော မြ၀တီ၊ ကော့ကရိတ်၊ လှိုင်းဘွဲ စသည့်ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး မြ၀တီမြို့မှ သင်္ဃန်းညီနောင်သို့ သွားသည့်လမ်းအား ပိတ်ထားရကြောင်း သိရသည်။

ထို့အပြင် ဒေါနတောင်ပေါ် လမ်း၌လည်း သုံးနေရာခန့် မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး ကော့ကရိတ်အထွက် တံတား၌လည်း ရေကျော်မှု ဖြစ်ပွားခဲ့သဖြင့် ခရီးစဉ်များ ရပ်နားထားရကြောင်း သိရသည်။


Eleven Media , RangonNewsDaily
kolatt (Pabedan): 1.8.2013


0 comments:

Post a Comment