Pages

Thursday, July 26, 2012

ရေကြောင်းသိပ္ပံတက္ကသိုလ်က အမှတ်မြင့်အရည်အသွေးစစ်၍ ကျောင်းသား(၃၂၀)သာ လက်ခံမည်




မြန်မာနိုင်ငံရေကြောင်းသိပ္ပံတက္ကသိုလ်၌  ယခုနှစ်၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှစ၍ တက်ရောက်နိုင်ရန် 
ယခင်ထကအမှတ်ပေါင်း တိုးမြင့်၍ ကျောင်းသားဦးရေ (၃၂၀)သာ လက်ခံမည်ဖြစ်သည်။

 
ယခင် တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်ပေါင်း (၄၅၀)ရရှိသူများကို လက်ခံခဲ့ရာမှ ယခုတွင် အမှတ်ပေါင်း ၄၅၀ အထက်အမှတ် ရရှိသည့် ကျောင်းသားများသာ လျှောက်ထားနိုင်မည်ဖြစ်သည်။
 
ထို့အပြင် လူတွေ့စစ်ဆေးခြင်းနှင့် မျက်စိစမ်းသပ်ခြင်း၊ အသည်းရောင်အသားဝါဘီပိုး၊ HIV ၊ AIDS စသည့် ကျန်းမာရေး စစ်ဆေးမည်ဖြစ်ပြီး ဆေးစစ်ချက်များကိုပါ တပါတည်း တင်ပြရမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
 
ကျောင်းသားများ စိစစ်ရွေးချယ်မှုပြုလုပ်ရခြင်းနှင့်ပတ်သက်၍ရေကြောင်းပညာတက္ကသိုလ်မှပါမောက္ခချုပ် ဒေါက်တာချာလီသန်းက ယခုကဲ့သို့ဆိုသည်။
 
 “ကျွန်တော်တို့ကျောင်းကို နိုင်ငံတကာကခဏခဏ လာစစ်ဆေးတယ်။ ၆လပိုင်းမှာ အပြည်ပြည်ဆိုင်ရာ ရေကြောင်းအဖွဲ့ချုပ် (IMO)က လာစစ်ဆေးတယ်။ ခု ၂၆ ရက်နေ့တွင် တစ်ကြိမ် စစ်ဆေးမှုလုပ်မယ်။ အဲ့တာကြောင့် ကျောင်းသားတွေကို စစ်လိုက်တာပါ။” ဟု ဒေါက်တာချာလီသန်းက ပြောသည်။
 
ရေကြောင်းသိပ္ပံ တက္ကသိုလ်ကျောင်းတွင် Professional  ကျောင်းဆရာများလည်း လုံလောက်မှုမရှိသည့် အခက်အခဲများရှိနေသဖြင့် သင်္ဘောမတက်နိုင်တော့သည့် အငြိမ်းစားဆရာများကို အချိန်ပိုင်း ဆရာအဖြစ် သင်ကြားစေကြောင်းကိုလည်း ပါမောက္ခကြီး ကဆိုသည်။
 
ကျန်းမာရေးအဆင့်မမီသော ကျောင်းသားများကို အဆင့်မြင့်ပညာဦးစီးဌာန(အောက်မြန်မာပြည်)ကို ပြန်ပြီး စေလွှတ်မှာပါ။ ဒါကြောင့် ကျန်းမာရေးအခြေနေနဲ့ ကိုယ့်အမှတ်ကို ကိုယ်ချင့်ချိန်ပြီး လျှောက်သင့်တယ်လို့ ထင်တယ်။” ဟု ဒေါက်တာချာလီသန်းက ဆက်လက်အကြံပြုခဲ့သည်။
 
တက္ကသိုလ်ကျောင်းပြီးသည့် ကျောင်းသားများကို ကိုးရီးယား၊ ဂျပန် နိုင်ငံ ကုမ္ပဏီများက အလုပ်လက်တွဲ အလုပ်လုပ်ကိုင်ရန်ခေါ် ယူခြင်းကြောင့် လက်ရှိတွင် ၎င်းတက္ကသိုလ်ကျောင်းနှင့် ဆက်သွယ်ထားသော ကုမ္ပဏီ (၂၃)ခုအနက် ကိုးရီးယားနိုင်ငံကုမ္ပဏီမှာ အများဆုံးဖြစ်ကြောင်း သိရှိရသည်။
 
Workshop Skill ရရှိရေးအတွက်မူ ရေကြောင်းတက္ကသိုလ်ကျောင်းမှ စီမံပေးနိုင်ခြင်းမရှိဘဲ ကျောင်းသားများသည် မိမိအစီအစဉ်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းတက္ကသိုလ်က သတင်းထုတ်ပြန်ထားသည်။
 
ရေကြောင်းတက္ကသိုလ်ကနေ ဆရာတို့အဆက်သွယ်နဲ့ အလုပ်ရတဲ့သူတွေတော့ (၆၀)ရာခိုင်နှုန်းလောက်ရှိတဲ့ သူတို့အဆက် သွယ်နဲ့သူတို့ အလုပ်ရတော့ ဘယ်လောက်လဲဆိုတာမသိဘူး။” ဟု ပါမောက္ခချုပ် ဒေါက်တာ ချာလီသန်းက ဇူလိုင်လ (၂၅)ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
ရေကြောင်းတက္ကသိုလ်သို့တက်ရောက်ပါက အင်ဂျင်နီယာဘာသာရပ်(၇)ခုသင်ကြားရမည်ဖြစ်ပြီး အသုံးချသိပ္ပံ ဘာသာရပ်ဖြစ်သော ရေကြောင်းပညာသိပ္ပံပညာကို သင်ကြားရမည်ဖြစ်ကြောင်း သိရသည်။
 
အင်ဂျင်နီယာဘာသာရပ် (၇)မျိုးမှာ ရေယာဉ်တည်ဆောက်မှုပညာ၊ ရေကြောင်းစက်မှုအင်ဂျင်နီယာ၊ ရေကြောင်းအင်ဂျင်နီယာ၊ ဆိပ်ကမ်းအင်ဂျင်နီယာ၊ မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ၊ ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာနှင့်   ရေကြောင်းလျှပ်စစ်အီလက်ထရောနစ်ပညာ တို့သင်ကြားရဖြစ်ပြီး အင်ဂျင်နီယာဘာသာရပ်များသည် (၆)နှစ် သင်ကြားရမည်ဖြစ်ပြီး အသုံးချသိပ္ပံ ဘာသာရပ်မှာ (၅) နှစ် သင်ကြားရမည်ဖြစ်သည်။

 သင်္ဘောပေါ်တွင် သင်္ဘောအရာရှိအဖြစ် လိုက်ပါတာဝန်ထမ်းဆောင်နိုင်သည့် ဘာသာရပ် (၃)ခုမှာ ရေကြောင်းအင်ဂျင်နီယာ၊   ရေကြောင်းသိပ္ပံပညာနှင့် ရေကြောင်းလျှပ်စစ်နှင့်အီလက်ထရောနစ်ပညာရပ်များ ဖြစ်သည်။
 
ရေကြောင်းအင်ဂျင်နီယာဘာသာရပ်သည် သင်္ဘောပေါ်၌ ရေကြောင်းအရာရှိအဖြစ်လိုက်ပါနိုင်၍ ရေကြောင်းသိပ္ပံဘာသာရပ်သည် သင်္ဘောပေါ်တွင် ကုန်းပတ်အရာရှိအဖြစ်လိုက်ပါပြီး ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်ပညာ ဘာသာရပ်မှာ သင်္ဘောပေါ်တွင် လျှပ်စစ်အင်ဂျင်နီယာအဖြစ် လိုက်ပါ တာဝန်ထမ်းဆောင်နိုင်မည်ဖြစ်သည်။
 
အခြားဘာသာရပ်များသို့ တက်ရောက်သော ကျောင်းသားများကိုလည်း ရေကြောင်းပညာတက္ကသိုလ်မှ သင်္ဘောလိုက်ပါနိုင်ရန် ပေါင်းကူးဆက်သွယ်ပေးမည်ဟု ပေါမောက္ခချုပ်ဒေါက်တာ ချာလီသန်းက ပြောကြား ခဲ့သည်။



မြစ်မခမီဒီယာ

0 comments:

Post a Comment