Pages

Monday, June 11, 2012

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက်

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏ မိဘပြည်သူများသို့ မေတ္တာရပ်ခံချက် 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်

နိုင်ငံတော်သမ္မတဦးသိန်းစိန်၏

ရခိုင်ပြည်နယ်အတွင်းရှိ ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ မိဘပြည်သူများသို့
 မေတ္တာရပ်ခံချက်

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား-


မိဘပြည်သူများနဲ့ ညီအစ်ကို မောင်နှမအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ စေကြောင်း ဆုမွန်ကောင်း တောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

မိဘပြည်သူများ သိရှိပြီး ဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် မေလ (၂၈)ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်နီမော် ဖြစ်စဉ်ကို အခြေခံပြီး ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ၊ အကြမ်းဖက်မှုများ ပိုမို ကျယ်ပြန့်စွာ ဖြစ်ပွားလာပါတယ်။ ဒါကြောင့် ဒီအခြေအနေဟာ ဘာသာရေးအဖွဲ့အစည်းများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ အပါအဝင် ကျွန်တော်တို့အားလုံး စည်းစည်းလုံးလုံးနဲ့ သတိပြုပြီး ဝိုင်းဝန်း ထိန်းသိမ်းစောင်ရွက်ကြရမယ့် အနေအထား ရောက်ရှိလာတာကို တွေ့ရပါတယ်။

မိဘပြည်သူများခင်ဗျား-ကျွန်တော်ဦးဆောင်တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး တာဝန်များကို တာဝန်ယူခဲ့ချိန်မှ စတင်ပြီး မိဘပြည်သူများရဲ့ အဓိက လိုအင်ဆန္ဒ (၂)ရပ်ဖြစ်တဲ့ တည်ငြိမ်အေးချမ်းရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ တစ်နည်းအားဖြင့် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထားပြီး နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို အရှိန်အဟုန်နဲ့ တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့ ပါတယ်။ လက်ရှိ အချိန်မှာလည်း ပြည်သူလူထုကို အခြေပြုတဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာကို ဒုတိယအဆင့် တက်လှမ်းပြီးတော့ ကြိုးပမ်းဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ရှေးအစဉ်အဆက်ကပင် ကွဲပြားတဲ့ ဘာသာရေး ကိုးကွယ် ယုံကြည်မှုတွေ ရှိခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအတွင်း အချင်းချင်း အပြန်အလှန် လေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု များနဲ့ အတူတကွ ယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ အစဉ်အလာ ကောင်းတဲ့ သမိုင်းကြောင်းရှိခဲ့ပြီး ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရ လက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ဖွဲ့စည်းခွင့်၊ လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့် အစရှိတဲ့ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ခံစားရရှိနိုင်ကြစေရန်အတွက် ဥပဒေ၊ နည်းဥပဒေတွေကို ပြင်ဆင် ဖြည့်စွက် အသစ်ပြဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိပါတယ်။

မိဘပြည်သူများရဲ့ အခက်အခဲများ၊ ပြဿနာများ၊ လိုလားချက်များကို အသင့်မြတ်ဆုံးနဲ့ အတတ်နိုင်ဆုံးဖြစ်အောင် ဖြေရှင်းဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရမှာ အပြည့်အ၀ တာဝန်ရှိတယ်လို့ ကျွန်တော်တို့ ခံယူထားပါတယ်။

ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှု၊ အကြမ်းဖက်မှုများ ဖြစ်ပွားလာတဲ့ အချိန်ကစပြီး ဖြစ်ပွားသော နေရာများမှာ ချက်ချင်း တည်ငြိမ် အေးချမ်း သွားအောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ပါတယ်။

အလားတူ အခြား ဆက်စပ် ဖြစ်ပွား နိုင်ဖွယ်ရှိသော နေရာများတွင်လည်း ဆက်စပ် ဖြစ်ပွားလာခြင်း မရှိအောင်၊ ဖြစ်ခဲ့ပါ ကလည်း ဖြစ်စတွင်ပင် ပြီးပြေ အေးငြိမ်းသွားအောင် ကြိုတင် ပြင်ဆင် စီမံမှု အတိုင်း လက်တွေ့ ဆောင်ရွက်ခဲ့ပါတယ်။ ဖြစ်စဉ်များနဲ့ ဆောင်ရွက်မှု အခြေအနေများ၊ ထိခိုက် ဆုံးရှုံးမှု အခြေအနေများကိုလည်း မိဘပြည်သူများအား အချိန်နဲ့ တစ်ပြေးညီ ချပြ အသိပေးလျက် ရှိပါတယ်။


ကျွန်တော့် အနေနဲ့လည်း ဒီဖြစ်စဉ်များ ဖြစ်ပွားစကပင် မိဘ ပြည်သူများထံ အခြေအနေ အရပ်ရပ်ကို ရှင်းလင်းပြောကြားဖို့ စီစဉ်ခဲ့သော်လည်း အခြေအနေအရပ်ရပ် ကျယ်ပြန့်လာခြင်း မရှိနိုင်ဘူးလို့ ယူဆတဲ့အတွက် လည်းကောင်း၊ မိဘပြည်သူများ စိတ်သောက မဖြစ်စေလိုတဲ့အတွက် လည်းကောင်း ယခင်က ရှင်းလင်း ပြောကြားမှု မပြုခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ဇွန်လ ၉ ရက်နေ့ညက စစ်တွေမြို့မှာ အကြမ်းဖက်ဆောင်ရွက်မှုများ၊ အကြမ်းဖက်ရန် ပြင်ဆင် ကြိုးပမ်းမှုများ ထပ်မံ ဖြစ်ပေါ် ခဲ့တဲ့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်း ကာကွယ်မှုများ ဆောင်ရွက်ခဲ့ရ ပြန်ပါတယ်။ ဒီအခြေအနေများအရ မိဘပြည်သူများ ကပါ သိရှိပါဝင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်လာပြီလို့ ယူဆတဲ့ အတွက် ယနေ့ မိဘပြည်သူများကို ယခုလို ရှင်းလင်း ပြောကြားခြင်း ဖြစ်ပါတယ်။

မိဘပြည်သူများခင်ဗျား-လက်ရှိ ရခိုင်ပြည်နယ် အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဖြစ်စဉ်များဟာ ဘာသာရေးနဲ့ လူမျိုးရေးကို အခြေခံပြီး မကျေနပ်မှု၊ မုန်းတီးမှု၊ လက်စားချေလိုမှုတွေကို ရှေ့တန်းတင် လှုံ့ဆော် ဆောင်ရွက်မှုများကြောင့် မင်းမဲ့စရိုက်လုပ်ရပ်များ ကျယ်ပြန့် ကြီးမားလာတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို ရှေ့တန်းတင်ပြီး မဆုံးနိုင်တဲ့ မုန်းတီးမှုတွေ၊ လက်စားချေလိုမှုတွေနဲ့ မင်းမဲ့စရိုက်တွေကို ရှေ့တန်းတင်လျက် တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် အကြမ်းဖက် သတ်ဖြတ်နေကြမယ် ဆိုရင် ရခိုင်ပြည်နယ် တွင်သာမက ပိုမိုကျယ်ပြန့် ဖြစ်ပွားလာစေနိုင်တဲ့ အန0x081တရာယ်ရှိပါတယ်။

အခြားသော အမှောင့်ပယောဂများလည်း ပါဝင်ပူးကပ်လာနိုင်ပါတယ်။ ဒီလိုသာ ဖြစ်လာခဲ့ရင် အသွင်ကူးပြောင်းစသာ ရှိသေးတဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ တည်ငြိမ် အေးချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ပြင်းပြင်းထန်ထန် ထိခိုက် ဆုံးရှုံးမှု ဖြစ်ပေါ်လာစေ နိုင်တာကို မိဘပြည်သူများ အားလုံး အထူးသတိထားကြ စေချင်ပါတယ်။

ကျွန်တော်တို့ အစိုးရအနေဖြင့် ဖြစ်ခဲ့ပြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ဥပဒေနဲ့ အညီ ဖြေရှင်း ဆောင်ရွက်သွားမှာ ဖြစ်သလို ဒီလို ဖြစ်စဉ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မဖြစ်ပွား ရအောင်လည်း တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနဲ့ အညီ စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်
သွားပါမယ်။


ဒီဖြစ်စဉ်မှာ နစ်နာဆုံးရှုံးခဲ့ကြရတဲ့ သူများ အတွက်လည်း တရားမျှတမှု ရှိအောင် အလေးထား ဆောင်ရွက်ပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးက သဘောထား ကြီးကြီး ထားပြီး အစစအရာရာ နားလည်ပေးကြဖို့ ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ကျွန်တော်တို့ အစိုးရအနေနဲ့ တရားဥပဒေ စိုးမိုးမှု ရရှိအောင်လည်း အလေးထား ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောကြား လိုပါတယ်။

ထို့အတူ ဘာသာရေး အဖွဲ့အစည်းများနဲ့ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ မြို့မိမြို့ဖ ရပ်မိရပ်ဖ ပြည်သူများနဲ့လည်း ပူးပေါင်းပြီး
 ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်။မိဘပြည်သူများခင်ဗျား-ကျွန်တော်တို့အားလုံး မျှော်မှန်း တည်ဆောက်နေကြတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး၊ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များဟာ တည်ငြိမ် အေးချမ်းမှုနဲ့ တရားဥပဒေ စိုးမိုးမှု ပတ်ဝန်းကျင်ကောင်း ရှိမှသာ ဖော်ဆောင် အောင်မြင်
နိုင်မှာ ဖြစ်ပါတယ်။

တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး ရှိဖို့ ဆိုတာဟာလည်း နိုင်ငံတော်အစိုးရ အပေါ်မှာသာ တာဝန်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူများ အပိုင်းကလည်း အသိတရားနဲ့ ယှဉ်ပြီး ဥပဒေများကို ​လေးစားလိုက်နာကြဖို့ လိုအပ်ပါတယ်။ ထို့အတူ ဘာသာရေး အဖွဲ့အစည်းများ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများနဲ့ နိုင်ငံရေး သမားများ၊ လူထုလူတန်းစား အဖွဲ့အစည်း အားလုံးရဲ့ အသိတရားနဲ့ယှဉ် သတိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထူးလိုအပ်ပါတယ်လို့ ပြောကြား လိုပါတယ်။

ဒါ့ကြောင့် မိဘပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူထု လူတန်းစား အဖွဲ့အစည်း အားလုံးတို့က လက်ရှိ ဖြစ်ပေါ်နေသော မတည်ငြိမ်မှုများ တည်ငြိမ် အေးချမ်းသွားအောင်၊ ပိုမိုကျယ်ပြန့် ဖြစ်ပွားလာခြင်း မရှိအောင် သတိတရားကို အခြေခံ၊ အသိတရားနဲ့ မေတ္တာတရားကို ပေါင်းစပ်ပြီး နိုင်ငံတော် အစိုးရနဲ့ အတူ ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ထိန်းသိမ်း ဖော်ဆောင်ပေးကြဖို့ မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ အားလုံး ဘေးဘယာ ဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါ စေကြောင်းနဲ့ နိုင်ငံတော် အစိုးရနဲ့ လက်တွဲပြီး အေးချမ်းသာယာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖြစ်ထွန်း ပေါ်ပေါက်လာအောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

ministryofinfformation.gov.mm

0 comments:

Post a Comment