Pages

Saturday, June 7, 2014

ယနေ့ပြုလုပ်မည့် NLD ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

RangonNewsDaily: June . 7 .2014
ယနေ့ (ဇွန် ၇ ရက်) စတင်ပြုလုပ်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုကော်မတီ တတိယအကြိမ် အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။အဆိုပါ အစည်းအဝေးကို ရန်ကုန်မြို့ရှိ ဒို့ရိုးရာစားသောက်ဆိုင်၌ ပြုလုပ်သွားမည်ဖြစ်ပြီး NLD တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ဗဟိုကော်မတီဝင်များ တက်ရောက်ကာ သက်ဆိုင်ရာဒေသများရှိ အခြေအနေများကို တင်ပြမှုပြုလုပ်ကြခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၁၃ ခုနှစ် မေလအတွင်းက ပြုလုပ်သည့် ပထမဆုံးအကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားနှင့် နိဂုံးချုပ်အမှာစကားများ ပြောကြားခဲ့သော်လည်း ဒုတိယအကြိမ်တွင်မူ ခြေမအတွင်းယိုင်မှုကို ခွဲစိတ်ထားရသောကြောင့် တက်ရောက်နိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် တက်မှာပါ။ အမှာစကားပြောပါလိမ့်မယ်။ အစီအစဉ်ကတော့ တိုင်းနဲ့ပြည်နယ်တွေက ဗဟိုကော်မတီဝင်တွေပေါ့ဗျာ။ သူတို့က အစီရင်ခံစာတင်ရမှာပါ။ နောက်ပြီးကျွန်တော်တို့ ဗဟိုက ဖွဲ့ပေးထားတဲ့ ဗဟိုကော်မတီတွေက အစီရင်ခံစာတင်ကြမယ်။ အဲဒါကတော့ ပထမနေ့ပေါ့။ ဒုတိယနေ့ကတော့ အဲဒါတွေကို ပြန်လည်သုံးသပ်မှာပါ” ဟု KNU ဗဟိုကော်မတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ပြောကြားသည်။

ဗဟိုကော်မတီ အစည်းအဝေးကို နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး အစီရင်ခံစာ တင်ပြခြင်းများအပြင် ကြားဖြတ်ရွေးကောက်ပွဲ၊ ဖွဲ့စည်းပုံ အခြေခံပုဒ်မ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာများနှင့် ပတ်သက်၍ တင်ပြမှုများလည်း ရှိနိုင်ကြောင်း မုံရွာအောင်ရှင်က ပြောကြားသည်။

ရှမ်းပြည်နယ်အနေဖြင့်မူ ရှမ်း (အရှေ့)၊ ရှမ်း (မြောက်)၊ ရှမ်း (တောင်) စသည်ဖြင့် တင်ပြသွားရန်ရှိပြီး မြေသိမ်း၊ ယာသိမ်းကိစ္စများ၊ နေရာယူထားပြီး အလုပ်မလုပ်သည့် ပါတီဝင်များကိစ္စ စသည်ဖြင့် ပါဝင်မည်ဖြစ်ကြောင်း ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ရှမ်းပြည်နယ် NLD ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးက ပြောကြားသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၅ နှစ်အတွင်း ပထမဆုံးညီလာခံကို ၂၀၁၃ ခုနှစ် မတ် ၈ ရက် မှ ၁၀ ရက်အထိ ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပြီး အဆိုပါညီလာခံမှ ဗဟိုကော်မတီ ၀င် ၁၂၀ ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ခြောက်လတစ်ကြိမ် အစည်းအဝေးများ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

Eleven Media , KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment