Pages

Wednesday, October 9, 2013

နိုင်ငံတော်အစိုးရမှ ဆေးကျောင်းသားတစ်ဦးအတွက် တစ်လလျှင် ရှစ်ရာကျပ်သာ သုံးစွဲဟုဆို

RangonNewsDaily:: October. 9 .2013
မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်ကြီး လေးခု၏ ပညာသင်ကြားရေး တွင် ဆေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ တစ်ဦးအတွက် တစ်လလျှင် ရှစ်ရာကျပ်သာ သုံးစွဲနေရကြောင်း နေပြည်တော်ရှိ MICC ခန်းမတွင် အောက်တိုဘာလ ၄ ရက်နေ့က ကျင်းပသည့် လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ ဆွေးနွေးပွဲ၌ ဆေးသိပ္ပံပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က ပြောကြားသည်။ "ကမ္ဘာပေါ်မှာ ဆေးပညာကို တစ်လမှာ တစ်ဒေါ်လာနဲ့ ဘယ်နိုင်ငံမှာမှ မရဘူး။ ကျွန်တော်တို့က တစ်လရှစ်ရာနဲ့ တစ်ဒေါ်လာတောင် မပြည့်ဘူး" ဟု ၄င်းကထပ်လောင်း ပြောကြားသည်။

ယင်းကြောင့် တက္ကသိုလ်များ၏ ငွေကြေးအတွက် ကိုယ်ထူကိုယ်ထ စနစ်နှင့် တည်ထောင်သွားရန် လိုအပ်ပြီး Tution Fee အတွက်လည်း ပြန်လည်စဉ်းစားပေးရန် လိုအပ်နေကြောင်း၊ ကျန်းမာရေး ဝန်ကြီးဌာန လက်အောက် ဆေးတက္ကသိုလ်များ အတွက် လက်ရှိအချိန်တွင် ကျောင်းသူ၊ကျောင်းသား များ၏ သင်ကြားရေးပိုင်းနှင့် ငွေကြေးပိုင်းတွင် ပြင်ဆင် ဆောင်ရွက်နေကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

"ကျောင်းလခ ကောင်းကောင်း ပေးပြီး ကျူရှင်ယူစရာ မလိုဘူးဆို ကြိုက်တာပေါ့။ ကျောင်းသားတွေ အတွက် အချိန်ရော လူရော သက်သာတယ်" ဟု မန္တလေး ဆေးတက္ကသိုလ်မှ ဆေးပညာတတိယနှစ် ကျောင်းသားတစ်ဦးက ဆိုသည်။

ဆေးတက္ကသိုလ် ကျောင်းသားများ အတွက် ကျောင်းလခကြေး တစ်လလျှင် ရှစ်ရာကျပ်နှုန်း ပေးရသော်လည်း အခြား အိမ်လခနှင့် သင်ကြားရေး စာအုပ်များ ကုန်ကျစရိတ်များလည်း ရှိကြောင်း၊ ယင်းအပြင် ကျောင်းသင်ကြားမှုနှင့် မလုံလောက်၍ ကျူရှင်များ တက်ရောက်ရသည့် အတွက်လည်း အပိုကုန်ကျရကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိ ဆေးတက္ကသိုလ်လေးခုက တက္ကသိုလ်ဝင်ခွင့် အတွက် နှစ်စဉ် ၁၂၀၀ ဦးဝန်းကျင် လက်ခံလျက်ရှိပြီး ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများကို အချိုးကျ လက်ခံလျက် ရှိကြောင်း တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်တွင် ဖော်ပြထားသည်။
The Voice::, kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment