Pages

Monday, September 16, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂၀၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့

RangonNewsDaily:: September 16, 2013

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်က ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ (၂၀၁၃) အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့သည်။

အဆိုပါ သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်- တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခါသမယတွင် မြန်မာပြည်သူပြည်သားများ အနေဖြင့် ဒီမိုကရေစီစနစ် ထွန်းကားရေးနှင့် ဒီမိုကရေစီ အပြောင်းအလဲ ဖော်ဆောင်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်၍ ဒီမိုကရေစီ၏ အနှစ်သာရများကို အပြည့်အဝ ရရှိခံစားနိုင်ကြပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 
 
ဒီမိုကရေစီစနစ် ကျင့်သုံး အကောင်အထည်ဖော်နိုင်ရေးအတွက် ၂၀၀၇ ခုနှစ် (၆၂) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးတွင် ဒီမိုကရေစီ စနစ်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ် အနေဖြင့်လည်းကောင်း၊ အစိုးရများအနေဖြင့် ဒီမိုကရေစီ ကျင့်စဉ်များကို မြှင့်တင်ပေးရန်နှင့် နိုင်ငံသူ၊ နိုင်ငံသားများအကြား ဒီမိုကရေစီ စိတ်ဓာတ် အစဉ်နိုးကြားနေစေရန်အတွက် လည်းကောင်း၊ ဒီမိုကရေစီစနစ် မြှင့်တင်ကျင့်သုံးမှုကို လက်ရှိအခြေအနေတွင် သာမက အနာဂတ် တွင်လည်း အစဉ်အမြဲ လုပ်ဆောင်ရန် လိုအပ်ကြောင်း သတိပေးသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ် စက်တင်ဘာလ ၁၅ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အဖြစ် သတ်မှတ်၍ အခမ်းအနားများ ကျင်းပရန် အတည်ပြု သတ်မှတ်ခဲ့ ပါသည်။

ဒီမိုကရေစီဆိုသည်မှာ မိမိတို့ လူ့ဘောင်အဖွဲ့အစည်း၏ အုပ်ချုပ်မှုတွင် ပြည်သူများအားလုံး ပါဝင်နိုင်ပြီး မိမိတို့၏ လိုအင်ဆန္ဒကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသခွင့်ပြုထားသော တစ်ကမ္ဘာလုံးက လက်ခံထားသည့် အယူအဆ တစ်ရပ် ဖြစ်ပါသည်။ နေထိုင်ရာဒေသ၊ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေဘဲ ပြည်သူများ ပေါင်းစည်းနေထိုင်နိုင်သည့် အယူအဆ တစ်ရပ်လည်း ဖြစ်ပါသည်။
 
ဒီမိုကရေစီ ဆိုသည့် အယူအဆသည် လွယ်ကူစွာ ဖော်ဆောင်နိုင်သည့် အရာတစ်ခု မဟုတ်သကဲ့သို့ ပြီးပြည့်စုံသည့် အရာတစ်ခုလည်း မဟုတ်ပေ။ ဒီမိုကရေစီတွင် အပြီးသတ် ပန်းတိုင် မရှိပါ။ ထို့ကြောင့် ပြောင်းလဲနေသော အခြေအနေများနှင့်အညီ စဉ်ဆက်မပြတ် ကြိုးပမ်း အားထုတ်ရန် လိုအပ်သကဲ့သို့ တစ်ဦးကို တစ်ဦး အပြန်အလှန် ရိုသေလေးစားမှုနှင့် စေ့စပ် ကျေအေးမှုများလည်း လိုအပ်ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ဆီသို့ ခိုင်မာသည့် ရည်မှန်းချက်ဖြင့် ဦးတည်ချီတက် နေသော နိုင်ငံများထဲမှ တစ်နိုင်ငံ ဖြစ်ပါသည်။ 
 
ကျွန်တော်တို့ မြန်မာပြည်သူများသည် ခေတ်မီသော ဒီမိုကရေစီ နိုင်ငံတော်တစ်ရပ် တည်ဆောက်ရန် စွန့်စွန့်စားစားဖြင့် စတင် လျှောက်လှမ်းနေကြခြင်း ဖြစ်ပါသည်။ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများမှ စတင်ကာ ငြိမ်းချမ်းရေး၊ နိုင်ငံ တည်ဆောက်ရေးနှင့် အမျိုးသားရေး ပြန်လည် စည်းလုံး ညီညွတ်ရေး ကြိုးပမ်းအားထုတ်မှုများဖြင့် မိမိတို့၏ လူ့အဖွဲ့အစည်းကို ပြန်လည် တည်ဆောက်နေပြီး ကျွန်တော်တို့၏ ဒီမိုကရေစီစံနှုန်းများ တိုးတက်မှုရှိအောင် ဖော်ဆောင်လျက် ရှိပါသည်။ 
 
သို့သော် ဒီမိုကရေစီ ဆိုသည်မှာ အစိုးရများကသာ ဆုံးဖြတ် လုပ်ကိုင်ရခြင်း မဟုတ်ဘဲ နိုင်ငံသားများကပါ ၎င်းတို့ကို အုပ်ချုပ်စေလိုသည့် စနစ်များနှင့် တန်ဖိုးများကို အတူတကွ ပါဝင်ဆုံးဖြတ်စေခြင်းပင် ဖြစ်ပါသည်။ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုသည် ဗဟိုဦးစီးစနစ်မှ ဒီမိုကရေစီ အုပ်ချုပ်ရေးသို့ အသွင်ကူးပြောင်းမှု ဖြစ်သည့်အတွက် မြန်မာ့ဒီမိုကရေစီ ယဉ်ကျေးမှုကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တည်ဆောက် အကောင်အထည်ဖော်ရန်မှာ ကျွန်တော်တို့ အားလုံး၏ တာဝန်ပင် ဖြစ်ပါသည်။

ပြည်သူ့အသံကြားရစေရန်နှင့် ၎င်းတို့ကို မည်သို့အုပ်ချုပ်စေလိုသည်ကို မိမိတို့ ဘာသာ ဆုံးဖြတ်ရန် ရည်သန်ကာ ယခုနှစ်တွင် “ဒီမိုကရေစီထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေး” “Strengthening Voices for Democracy” ဟူသော ဦးတည်ချက် အနှစ်သာရဖြင့် ကမ္ဘာ့ဒီမိုကရေစီနေ့ အခမ်းအနားကို ကျင်းရခြင်းဖြစ်ပါသည်။ 
 
ကျွန်တော်တို့ မြန်မာပြည်သူများသည် မိမိတို့၏ အခွင့်အရေးများ တိုးတက်ရရှိစေရန်၊ မိမိတို့၏အသံ များကို ပြည်သူ့ရေးရာ၊ စီမံခန့်ခွဲမှုရေးရာများ၌ ပါဝင်စေရန်နှင့် နိုင်ငံရေး ဆုံးဖြတ်ချက် ဖြစ်စဉ်တွင် ပါဝင်ခွင့်ရရန်အတွက် ကနဦးဆောင်ရွက်ရမည့် အဆင့်များကို ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်ပါသည်။ 
 
မိမိတို့၏ ဆန္ဒများကို ထုတ်ဖော်နိုင်ပြီဖြစ်သော်လည်း ထိုသို့ ထုတ်ဖော်ရာတွင် အခြားသူများ၏ အခွင့်အရေးကို မထိပါးစေသော နည်းလမ်းဖြင့် ထုတ်ဖော် ကြရမည် ဖြစ်သကဲ့သို့ တစ်ဦးကိုတစ်ဦး အမုန်းပွားစေမည့် ဝေဖန်ပြောဆိုမှုမျိုး ကိုလည်း ရှောင်ရှားကြရမည် ဖြစ်ပါသည်။ 
 
ဒီမိုကရေစီစနစ် ရင့်သန်ဖွံ့ဖြိုးလိုပါက လူ့ဘောင်အဖွဲ့အစည်းကို ပုံဖော်ပေးမည့် နည်းလမ်းများဖြစ်သော တာဝန်ခံမှု၊ ပွင့်လင်း မြင့်သာရှိမှု၊ ဒီမိုကရက်တစ် စနစ်တွင် ရှိရမည့် လွတ်လပ်မှုများကို ဟန်ချက်ညီကျင့်သုံး တတ်စေရန် ကျွန်တော်တို့ အားလုံး လေ့လာကြရမည် ဖြစ်ပါသည်။

ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ သမိုင်းကြောင်းနောက်ခံ အခြေအနေများ၊ လူမှုပုံစံ
များ၊ ဓလေ့ထုံးစံ ယဉ်ကျေးမှုများနှင့် စံတန်ဖိုးများ၊ နိုင်ငံအတွင်းရှိ ပါတီများ၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်
ရာ အစုအဖွဲ့များနှင့် ပြည်သူများအားလုံး တစ်နည်းဆိုသော် သက်ဆိုင်သူများအားလုံး (Stakeholders) ၏ ဒီမို
ကရေစီ ဖော်ဆောင်နိုင်မှု အပေါ်တွင်မူတည်ကာ ပုံစံအမျိုးမျိုး၊ ချဉ်းကပ်မှု အမျိုးမျိုး ကွဲပြား သော်လည်း စိတ်နေ
စိတ်ထား ရင့်ကျက်ပြည့်ဝမှု၊ အတွေးအခေါ် မြင့်မားမှု၊ စည်းကမ်းနှင့် ဒီမိုကရေစီတို့သည် ခွဲခြားမရသော ဖြစ်
စဉ်များ ဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံတော်သည် မကြုံဖူးခဲ့သည့် အသွင်ကူးပြောင်းရေး လမ်းကြောင်း တစ်ရပ်ဖြင့် လျှောက်လှမ်း
ချီတက်ရာတွင် များပြားလှသည့် မရေရာမသေချာမှုများ၊ ကြီးမားသည့် စိန်ခေါ်မှုများနှင့် အဟန့်အတားများကို ကြုံတွေ့ကြရပါသည်။ 
 
ယင်းစိန်ခေါ်မှု များကို အစိုးရအဖွဲ့၊ လွှတ်တော်များ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် အဖွဲ့အစည်းများ၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုကို အခြေခံ၍ မှန်ကန်သည့် စေတနာဖြင့် ရင်ဆိုင်ဖြေ
ရှင်း ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။ ယနေ့ကြုံတွေ့နေရသည့် ပဋိပက္ခများ၊ အခက်အခဲ အကျပ်အတည်း
များသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ၌ မဖြစ်မနေ ကြုံတွေ့ရမည့် စိန်ခေါ်မှု ပြဿနာများပင်ဖြစ်ပြီး အလားတူ စိန်ခေါ်မှုများ ရှိနေသကဲ့သို့ အခွင့်အလမ်းကောင်းများလည်း ရှိနေပါသည်။ 
 
ထိုအခွင့်အလမ်း ကောင်း များကို အမိအရဆုပ်ကိုင်ပြီး စိန်ခေါ်မှုများကို ကြံ့ကြံ့ခံကျော်လွှားသွားရန် လိုအပ် ပါသည်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ယနေ့ကျင်းပသည့် ကမ္ဘာ့ဒီမိုကရေစီနေ့ အခါသမယနှင့် အခွင့်အခါ ကြုံကြိုက်ချိန်တွင် ပြည်သူများ အနေဖြင့် ဒီမိုကရေစီတွင် ပါဝင်သော မတူကွဲပြားသည့် အသံများကို လေးစားရန်၊ ပွင့်လင်းစွာ ဆွေးနွေးခြင်း၊ ဖျောင်း
ဖျတိုက်တွန်းခြင်းနှင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးခြင်း လုပ်ငန်း များတွင် ပါဝင်ကြရန်နှင့် ဒီမိုကရေစီထွန်းကားရေး ပြည်သူ့အသံ မြှင့်တင်ပေးနိုင်ရေးအတွက် အားပေးတိုက်တွန်း လိုက်ရပေသည်။
 
REF: နိုင်ငံတော်သမ္မတရုံးဝဘ်ဆိုဒ်
 
RangonNewsDaily
kolatt (Pabedan)

0 comments:

Post a Comment