Pages

Saturday, August 2, 2014

ထိုင်ဝမ်တွင် ဓာတ်ငွေ့ယိုစိမ့်ပြီး မီးလောင်ပေါက်ကွဲမှုများကြောင့် (၂၄)ဦးထက်မနည်း သေဆုံး

  
RangonNewsDaily:: August . 2 .2014
ထိုင်ဝမ်တွင် ဓာတ်ငွေ့ယိုစိမ့်မှု နောက်ဆက်တွဲ ဆက်တိုက်ပေါက်ကွဲမှုများကြောင့် အနည်းဆုံး လူ(၂၄)ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ဇူလိုင်(၃၁)ရက် ညပိုင်းက ထိုင်ဝမ်တောင်ပိုင်းရှိ ခိုဟီယွန်းမြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး မြို့အတွင်း မီးမုန်တိုင်းတစ်ခု တိုက်ခတ်သည့်နှယ် ဆိုးဆိုးရွားရွား လောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံများက ဆိုသည်။

အစောပိုင်းက သေဆုံးသူ အရေအတွက်ကို (၂၂)ဦးဟု ဖော်ပြခဲ့ကြသော်လည်း ဩဂုတ်(၁)ရက် နံနက်ပိုင်းတွင် အာဏာပိုင်များက အနည်းဆုံး လူ(၂၄)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။ပေါက်ကွဲမှု အကြောင်းရင်းကို အတည်မပြုနိုင်သေးသော်လည်း ဓာတ်ငွေ့ယိုစိမ့်ရာမှ ဆက်တိုက် မီးလောင်ပေါက်ကွဲမှုများ ဖြစ်လာခြင်းဟု သတင်းအများစုက ဖော်ပြခဲ့ကြသည်။ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်လာသော ပေါက်ကွဲမှုများ၏ အရှိန်ကြောင့် လမ်းများ အက်ကွဲကုန်သလို ရပ်ထားသည့် မော်တော်ကားများမှာလည်း ကျွမ်းထိုးမှောက်ခုံ လွင့်ပျံကုန်ကြောင်း သိရသည်။

“မီးတောက်ကြီးတွေက အထပ်(၂၀) တိုက်အမြင့်လောက်ထိ ထိုးတက်သွားတာ ကျွန်တော် မြင်ခဲ့ရတယ်။ ပေါက်ကွဲမှု တစ်ခုမှာ မီးသတ်ကားတွေရော၊ တခြားကားတွေပါ လွင့်ထွက်သွားတယ်။ လမ်းပေါ်မှာ အလောင်း(၁၀)လောင်းလောက် ရှိနေတာ တွေ့ခဲ့ရတယ်”ဟု မျက်မြင်တစ်ဦးဖြစ်သည့် ဂျွန်ဆင်လျူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။


 “မိုးခြိမ်းသံလို အသံကျယ်ကြီး ထွက်ပေါ်လာပြီးတဲ့နောက် ကျွန်မရဲ့ ဆိုင်ရှေ့က လမ်းမကြီး ကွဲထွက်သွားတာ မြင်လိုက်ရတယ်။ ငလျင်ကြီးတစ်ခု လှုပ်ခတ်သွားသလိုပဲ”ဟုလည်း ထိုင်ဝမ်၏ CNA သတင်းဌာနက မျက်မြင်တစ်ဦး၏ အဆိုကို ကိုးကားဖော်ပြခဲ့သည်။

ဩဂုတ်(၁)ရက် နံနက်ပိုင်းက အာဏာပိုင်များ၏ ကြေညာမှုအရ ဒဏ်ရာရသူ အရေအတွက်သည် (၂၇၁)ဦးထက်မနည်း ရှိနေကြောင်းလည်း သိရသည်။ ဓာတ်ငွေ့များ မည်သို့မည်ပုံ ယိုစိမ့်လာသည်ကို မသိရသေးသော်လည်း ယိုစိမ့်သည့် ဓာတ်ငွေ့ အမျိုးအစားသည် Propylene ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ထားသည်။


 ဩဂုတ်(၁)ရက်တွင် မီးလောင်ကျွမ်းသည့် နေရာအများစုကို ငြှိမ်းသတ်နိုင်ခဲ့သလို အချို့နေရာများတွင် အလိုလို မီးငြိမ်းသွားသော်လည်း ဆက်လက် လောင်ကျွမ်းဆဲ နေရာအချို့လည်း ကျန်ရှိနေဆဲဟု သတင်းရရှိသည်။

Channelnewsasia
, 7Day Daily , KOLATT(PBDN)
RangonNewsDaily










0 comments:

Post a Comment