Pages

Saturday, June 29, 2013

စက်ရုံလုပ်သား ကလေးတစ်ဦး မတော်တဆဖြစ်ကာ သေဆုံး

29-6-2013

ကလေးစက်ရုံ လုပ်သားတစ်ဦး လုပ်ငန်းခွင် မတော်တဆမှုဖြင့် သေဆုံးခဲ့မှုတစ်ခု ဇွန် ၂၆ ရက်က ဒဂုံတောင်ပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက မှုခင်းသတင်း ထုတ်ပြန်သည်။ သေဆုံးသူမှာ အသက် ၁၇ နှစ်သာ ရှိသေးသည့် မောင်နောင်နောင် ဆိုသူဖြစ်ပြီး တောင်ဒဂုံစက်မှုဇုန် အမှတ်-၃ ရှိ ခေါက်ဆွဲ စက်တွင် အလုပ်လုပ်သူဖြစ်ကြောင်းလည်း ရဲမှတ်တမ်းတွင် တွေ့ရသည်။ သူသည်ရေစိမ်ထားသည့် ဆန်များကို တောင်းဖြင့် ထန်းပြီး ခေါက်ဆွဲလုပ်သည့် စက်၏ ကတော့တွင်းသို့ လောင်းထည့်ရန် သံလှေကားအတိုင်း တက်စဉ် အမြင့် လေးပေခန့် ရှိသည့် လှေကားသုံးထစ်အရောက်တွင် ခြေချော်၍ နောက်သို့ လန်ကျခဲ့ကြောင်း မျက်မြင်သက်သေတို့က ရဲကိုထွက်ဆိုထားသည်။

ထိုသို့ပြုတ်ကျမှုကြောင့် ဒဏ်ရာများ ရရှိခဲ့ပြီး စက်ရုံမန်နေဂျာနှင့် အလုပ်သမားများက သူ့ကို ဆေးရုံသို့ အမြန်ပို့ဆောင်သော်လည်း သေဆုံးသွားခဲ့ရသည်ဟု ရဲများက မှတ် တမ်းတင်ထားသည်။

သူ၏အလောင်းကို မတော်တဆမှုဖြင့် သေဆုံးခြင်း ဟုတ်၊မဟုတ် သေချာစေရန် ဆေးရုံတွင် အပ်နှံထားပြီး ထိုအမှုကို ဒုရဲအုပ် မင်းမင်းထွန်းက ကိုင်တွယ်ဆောင်ရွက်လျှက် ရှိသည်ဟု ဆိုသည်။

ယခုအမှုကို တောင်ဒဂုံ ရဲစခန်းတွင် သေမှုသေခင်း အမှုအဖြစ် အမှုဖွင့်ထားကာ အမှုအမှတ် ၃ဝ/၁၃ဖြင့် မှတ်တမ်းတင်ထား သည်ဟု ရဲဌာနကထုတ်ပြန်သည်။

Mizzima Burmese, RangonNewsDaily
kolatt(PBDN): 29.6.2013

0 comments:

Post a Comment

 
world time