ပြည်သူ့ကျန်းမာရေးဆေးရုံများတွင် အားကိုးတကြီးဖြင့် သွားရောက်ကုသခဲ့ကြသော
လူနာများက မကြာ
ခဏ ပြောလေ့ရှိကြသော စကားတစ်ခွန်းရှိသည်။ ထိုစကားမှာ
“ဆရာဝန်တွေက အရမ်းဟောက်တာပဲ” ဟူ၍ဖြစ်သည်။ ငွေကြေးတတ်နိုင်သူများ သွားရောက်ကြသော ပုဂ္ဂလိက ဆေးရုံ၊ ဆေးပေးခန်းများ၌ပင်လျှင် အခန့်မသင့်ပါက အလားတူပြောဆိုခံရမှုများ ရှိပါသည်။
ကျန်းမာရေးဝန်ဆောင်မှုဟု အမည်ပေးထားသော်လည်း (Customer) ဖြစ်သော
လူနာများအနေဖြင့် ရသင့်ရထိုက်သော အခွင့်အရေးများ မရှိခြင်းကို
တွေ့မြင်နေကြရသည်။ ကျန်းမာရေးမူဝါဒများချမှတ်၍ ပြောင်းလဲရန် ကြိုးစားနေ
သော်လည်း မပြောင်းလဲသေးဘဲ ဆရာဝန်နှင့် လူနာဆက်ဆံရေး အလှမ်းကွာဝေးနေဆဲဖြစ်သည်။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်အရ တက္ကသိုလ်ဝင်တန်း အောင်မှတ်ဖြင့် ရွေးချယ်ရသောစနစ်နှင့် ယဉ်ကျေးမှုဓလေ့တို့ကြောင့် လူထု၏ စိတ်ထဲတွင် ဆရာဝန်များအား မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အဆင့်မြင့်ဆုံးအလွှာရှိ လူအစုအဖွဲ့တွင်ရှိသည်ဟု မှတ်ယူခံစားမိနေခြင်းကလည်း ဆရာဝန်၊ လူနာ ဆက်ဆံရေးတွင် အဆင်မပြေမှုများ ဖြစ်ပေါ်စေသော အကြောင်းရင်းခံဖြစ်သည်။
မြန်မာ့ယဉ်ကျေးမှု ထုံးစံအရဆရာဝန်ဟုဆိုသည်နှင့် သမားဂုဏ်နှင့် ပြည့်စုံသည်။ လေးစားရမည်။ မိမိတို့အား ကျန်းမာရေးအတွက် ဆေးကုသပေးနေခြင်းဖြစ်၍ အသက်သခင်ကျေးဇူးရှင်များအဖြစ် စွဲထင်မှတ်သားထားကြပြီး
ဖြစ်သည်။
မှန်သည်၊ မှားသည်ကိုပင် မဆုံးဖြတ်ကြတော့ဘဲ ဆရာဝန်ပြောသမျှ အရာရာကို ခေါင်းညိတ်လက်ခံလိုက် ကြသည်သာများ၏။
မြန်မာ့ပညာရေးစနစ်သည် တက္ကသိုလ်ဝင်တန်း ရမှတ်ကို အခြေခံသည့် ပညာရေးစနစ် ဖြစ်ပြီး ဆေးတက္ကသိုလ်ဝင်ခွင့်မှာ အမြင့်ဆုံးနေရာတွင်ရှိသကဲ့သို့ နိုင်ငံတကာတွင်လည်း ဆေးကျောင်းဝင်ခွင့်အတွက် အရည်အချင်းသတ်မှတ်ချက်များမှာ အမြင့်ဆုံးတန်းတွင် ရှိနေကြပြီး ၀င်ခွင့် သတ်မှတ်ချက်များမှာ ၀ါသနာကိုအရင်းခံထားရှိကြောင်း နိုင်ငံတကာပညာရေး ကျွမ်းကျင်သူများက ပြောသည်။
မြန်မာနိုင်ငံ၏ ဆေးတက္ကသိုလ်ဝင်ခွင့်သတ်မှတ်ချက်သည် ၀ါသနာကို အရင်းခံသည့် သတ်မှတ်ချက်မဟုတ်သည့်အပြင် အခြားသော ပြဿနာများကြောင့် ဆရာဝန်အဖြစ် အသက်မွေးဝမ်းကျောင်းသူနှင့် လူနာအချိုးအစား မမျှတမှုကြောင့် ဆရာဝန်များ၏ ကုသရေးပိုင်းဆိုင်ရာတွင် လူနာများဘက်မှ ဘ၀င်မကျမှုများလည်းရှိသည်။
ငွေကြေးတတ်နိုင်သူများက အထူးဂရုစိုက်မှုခံရရန် အထူးကုဆေးခန်းများတွင် အထူးကုဆရာဝန်ကြီးများဖြင့် ကုသမှု ခံယူကြသော်လည်း အထူးကု ဆရာဝန်ကြီးများ၏ အချိန်ဆင်းရဲမှုကြောင့် လူနာများမှာ စိတ်ကျေနပ်မှု အပြည့်အ၀ မရရှိကြပေ။
“တစ်ယောက်ကို သုံးမိနစ်လောက်ပဲကြာတယ်။ စကားကြာကြာပြောချိန်မရဘူး။ ဘာဖြစ်လို့လဲဆိုပြီး စမ်းသပ်တယ်။ ပြီးရင် ဒါလုပ်၊ ဒီဆေးသောက်ဆိုပြီး ညွှန်ပေးလိုက်တယ်။ အဲ့ဒီလောက်ဆိုရင် ကိုယ့်အလှည့်ပြီးပြီ” ဟု အထူး ကုဆေးခန်းတစ်ခုတွင် သွားရောက်ကုသမှုခံယူခဲ့သည့် ၅၆ နှစ်အရွယ် အမျိုးသားကြီးတစ်ဦးက ကြုံတွေ့
ခဲ့ရသည်များကို ပြောပြသည်။
“လူနာကို အချိန်ပေးဖို့ဆိုတာ နှစ်ဦးနှစ်ဖက် နားလည်မှုရှိဖို့ လိုတယ်။ သူများနိုင်ငံမှာလိုမျိုး နာရီဝက်အချိန်ပေးပြီး ဆွေးနွေး
ကုသတယ်ဆိုရင် အဲဒီအတွက် လုံလောက်တဲ့ ဆွေးနွေးခရော ရရှိနေရဲ့လားဆိုတာ ရှိသေးတယ်။ ဆရာဝန်တွေရဲ့ စားဝတ်နေရေးလည်း ရှိသေးတယ်။ ဒါကို နှစ်ဦးနှစ်ဖက် နားလည်ဖို့လိုတယ်” ဟု အချိန်မပေးနိုင်ခြင်းနှင့်ပတ်သက်၍ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။
သို့သော်လည်း စံချိန်မီသည့် ၀န်ဆောင်မှု၊ နွေးထွေးမှု၊ တိုင်ပင်ဆွေးနွေးမှုများ ရရှိရန်အတွက် ကုန်ကျစရိတ်များစွာ အကုန်အကျခံ၍ ပြည်ပသို့သွားရောက် ကုသခံသူများပင်ရှိရာ မြန်မာနိုင်ငံမှ အထူးကုဆေးရုံ၊ ဆေးခန်းများနှင့် ဆရာဝန်များ၏ ၀န်ဆောင်မှုကို စိန်ခေါ်နေသကဲ့သို့ပင် ဖြစ်သည်။
ပြည်တွင်း၌ပင်လျှင် အမှန်တကယ်ဝန်ဆောင်မှုနှင့် အချိန်ပေးမည်ဆိုပါက ပြည်ပတွင်ပေးရသည့် တန်ဖိုးအတိုင်း ပေးနိုင်မည့် လူနာများလည်းရှိသည်။
“ကလေးကို ဆေးခန်းသွားပြတာ ဘာမှမေးခွင့်မရဘူး။ စမ်းသပ်ခ ငါးထောင်ပေးရတယ်။ တကယ် တမ်းအချိန်ပေးမယ်ဆိုရင် ငါးသောင်းလည်းပေးနိုင်ပါတယ်။ ကိုယ့်ကလေးရဲ့ ကျန်းမာရေးအတွက်ပဲ” ဟု ယခုရက်ပိုင်းအတွင်းက အထူးကုဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့သည့် ကလေးမိခင်တစ်ဦးက ပြောသည်။
“လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းက ဘန်ကောက်က ဆေးရုံတွေမှာ မြန်မာလူနာ တစ်ယောက်မှမရှိဘူး။ အခုဆိုရင် မြန်မာလူ
နာတွေ အရမ်းများလာတယ်။ ပြည်ပမှာ ငွေကုန်ကြေးကျခံပြီး ဆေးကုတယ်ဆိုတာကလည်း ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးစနစ် အားနည်းတာကို မီးမောင်းထိုးပြတယ်” ဟု ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ် ဒေါက်တာ အောင်ထွန်းသက်က ပြောသည်။
“နိုင်ငံခြားမှာက တော်တော်ဂရုစိုက်တယ်။ Friendly ဖြစ်တဲ့အပြင် တစ်ယောက်ကို နာရီဝက် အချိန်ပေးတယ်။ အချိန်တိကျ တယ်။ မစောင့်ရဘူး။ ကိုယ်ဖြစ်ချင်တာ သိချင်တာကို အဲဒီနာရီဝက်အတွင်း အေးအေးဆေးဆေး မေးလို့ရတယ်” ဟု ထိုင်းနိုင်ငံတွင် ဆေးကုသပြီး ပြန်လာသူတစ်ဦးက ပြောသည်။
ဆရာဝန်များ၏ အချိန်ဆင်းရဲမှုနှင့် စားဝတ်နေရေးအား အကြောင်းပြကြသော်လည်း အချို့သော အထူးကု ဆရာဝန်ကြီးများသည် လူနာတစ်ဦး စမ်းသပ်၍ မပြီးခင်မှာပင် အခြားလူနာတစ်ဦးအား စမ်းသပ်ခန်းအတွင်း စောင့်ဆိုင်းနေစေခြင်းကလည်း လူနာများ၏ ကိုယ်ပိုင်အခွင့်အရေးအား ဆုံးရှုံးစေသကဲ့သို့ ခံစားရကြောင်း ကုသမှုခံယူသူများက ပြောသည်။
သို့သော်လည်း အချို့လူနာများအတွက်မူ ဆရာဝန်များအပေါ် ယုံကြည်ကိုးစားမှုနှင့် လေးစားမှုများကြောင့် မိမိသိလိုသမျှကို မေးရန်နှင့် ပြန်လည်ပြောဆိုရန် အခွင့်အရေးရှိသည်ကိုပင် မသိရှိသေးဘဲ ခေါင်းညိတ်နာခံတတ်သော မြန်မာ့ယဉ်ကျေးမှုများ ထွန်းကားနေဆဲဖြစ်ပြီး တစ်ဖက်တွင်လည်း ဆန့်ကျင်ဘက်အနေဖြင့် ဆရာဝန်များအား တရားစွဲဆိုမှုများလည်း ရှိလာသည်။
ထိုသို့ ယဉ်ကျေးမှုအခြေအနေပြောင်းလဲလာခြင်းအပေါ် ဆရာဝန်များဘက်မှလည်း လူနာများက တရားစွဲမည်၊ စောဒကတက်မည်ဆိုသည့် အခြေအနေတွင် ကုသပေးသူဘက်မှ အာမခံချက်ရရန်အတွက် လိုသည်၊ မလိုသည် အပထား စစ်ဆေးစရာရှိသည်များကို အလုံးစုံစစ်ဆေးခိုင်းလျှင် လူနာများ အကုန်အကျများသွားနိုင်သည်ဟု တုံ့ပြန်ပြောဆိုကြ သည်။
“နိုင်ငံခြားမှာဆိုရင် ကိုယ့်ကိုအချိန်မရွေး တရားစွဲနိုင်တဲ့အတွက် လူတစ်ယောက်လာရင် ကလေးပဲဖြစ်ဖြစ်၊ အကုန်လုံးစစ်ဆေးတယ်။ သူတို့ တရားစွဲမခံရဖို့အတွက် လိုတာထက်ပို အကုန်လုပ်ရတယ်။ အဲဒီတော့ ဆေးကုသစရိတ်တွေလည်း အကုန်ဈေးကြီးသွားတယ်” ဟု အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။
အချို့ကလည်း လူနာဘက်မှ ဆရာဝန်အပေါ် အထင်မှားမှုများရှိနေပါက ဆရာဝန်အလုပ်မှ အနားယူ၍ အခြားစီးပွားရေးလုပ်ငန်းများ ပြောင်းလုပ်မည်ဆိုပါက ထိခိုက်နစ်နာမည့်သူမှာ လူနာများပင်ဖြစ်သည်ဟု ခြိမ်းခြောက် သယောင် ပြောဆိုနေမှုများလည်း ရှိသည်။
မြန်မာနိုင်ငံဆေးကောင်စီ အထွေထွေဆေးကုသမှုဆိုင်ရာ ညွှန်ကြားချက်များ၌ လူနာများအပေါ် စာနာစိတ်ထား၍ ပြေပြစ် ယဉ်ကျေးစွာ ဆက်ဆံပြုမူဆောင်ရွက်ခြင်း၊ လူနာတင်ပြချက်များကို အလေးထားနားထောင်ခြင်း၊ လူ နာသဘောပေါက်လွယ်သော စကားအသုံးအနှုန်းများဖြင့် ကုသမှုဆိုင်ရာ အချက်အလက်ပေးခြင်း အစရှိသဖြင့် ဆရာဝန်များ လိုက်နာစောင့်ထိန်းရမည့် တာဝန်များကို ဖော်ပြထားသည်။
“လူနာနဲ့ဆရာဝန်ကြားမှာ စကားပြောဆိုနိုင်တဲ့ အခြေအနေနည်းနေသေးတာတော့ အမှန်ပဲ” ဟု နား၊နှာခေါင်းလည်ချောင်း အထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာကံညွန့်က ပြောသည်။
“လူနာတွေအနေနဲ့ ဆရာဝန်ကို ရောဂါနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကို မေးဖို့ကို ကြိုဆိုပါတယ်။ ၀မ်းသာစွာနဲ့လည်း ရှင်းပြချင်ပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး လေးစားမှု၊ ယုံကြည်မှုနဲ့ မေးလာတာကို ဆရာဝန်ဘက်ကလည်း ပြန်ဖြေပေးဖို့ ဆန္ဒကို ရှိပါတယ်။ တချို့ကျတော့လည်း မေးကတည်းက ပြဿနာရှာချင်တဲ့ ပုံစံလိုမျိုး၊ ရှင်းပြဖို့ တော်တော်လေးအချိန်ယူရမယ့် မေးခွန်းမျိုး၊ ပညာစမ်းတဲ့ ပုံစံမျိုးတွေ မေးလာရင်တော့ ဆရာဝန်တွေက တော်တော် ဖြေရခက်ပါတယ်” ဟု ဒေါက်တာ ကံညွန့်က လူနာနှင့် ဆရာဝန်ကြားမှ နားလည်မှုလွဲတတ်သည့် ဆက်ဆံရေးနှင့် ပတ်သက်၍ ရှင်းလင်းကြေညာသည်။
ဆေးပညာများ မည်မျှပင် ကျွမ်းကျင်ပါစေ၊ တွဲဖက်ပါလာရမည်က ဆေးပညာကျင့်ဝတ်ပင်ဖြစ်သည်ဟု ကမ္ဘာ့ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်နေသူ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က ပြောသည်။
လူနာများအား မိမိလုပ်သမျှ ခံရမည်ဟူသော အချို့သော ဆရာဝန်များ၏ စိတ်ဓာတ်ကို ပြင်ရန် အရေးကြီးသည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံဆေးကောင်စီအနေဖြင့်လည်း လူနာများနှင့် ထိတွေ့ဆက်ဆံရာတွင် ယုံကြည်ချက် စဉ်ဆက်မပြတ် တည်တံ့ရေးအတွက် မိမိ၏ ပြုစုကုသမှုကြောင့် လူနာအပေါ် မမျှော်လင့်သော ဆိုးကျိုးများ ကျရောက်ခဲ့ပါက အမှန်ဘက်သို့ ပြန်ရောက်အောင် အမြန်ဆုံးဆောင်ရွက်ပေးရမည်။ လူနာအား အဖြစ်မှန်ကို အသိပေးပြီး ဖြစ်ပေါ်လာနိုင်မည့် ရေတို၊ ရေရှည် အကျိုးအကြောင်းများကို ရှင်းပြရမည်။ လိုအပ်ပါက တောင်းပန်သင့်သည်ဟု ပြဋ္ဌာန်းသတ်မှတ်ပေးထားပြီးဖြစ်သည်။
ကျန်းမာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရန်အတွက် ပြည်သူ့လွှတ်တော်တွင်လည်း တောင်းဆိုမှုများ စတင်ပြုလုပ်နေပြီဖြစ် သည်။ ကျန်းမာရေးဘတ်ဂျက်မှ အစပြု၍ ၀န်ဆောင်မှုပိုင်းဆိုင်ရာများ အပါအ၀င် ကျန်းမာရေးကဏ္ဍတွင် အစစအရာရာ မြှင့်တင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။
ကျန်းမာရေးသည် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်၍ မြန်မာ့ယဉ်ကျေးမှု ဓလေ့နှင့် ပညာရေး ချို့ယွင်းမှုများ မည်သို့ပင်ရှိစေကာမူ နွေးထွေးသည့် ဆွေးနွေးကုသမှုရရှိရန်လူနာများဘက်မှ မျှော်လင့်လျက်ရှိသလို ဆရာ

ဝန်များ အနေဖြင့်လည်း မိမိတို့
ကျမ်းသစ္စာကျိန်ဆိုခဲ့ရသော ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်သိက္ခာပိုင်း
ကို
ပိုမိုအလေးထားလာကြရန် လိုအပ်ပေသည်။
နိုင်ငံတော်ဘက်မှလည်း ဆေးပညာနှင့်အသက်မွေးဝမ်းကျောင်းမည့်ဆရာဝန်များအတွက်ဝါသနာကိုအရင်း
ခံသည့်
ကျောင်းရွေးချယ်မှု စနစ်မျိုးအား ပြောင်းလဲကျင့်သုံးမည်ဆိုပါက ၀ါသနာကို
အရင်းခံမည့် အသက်
မွေးဝမ်းကျောင်းပြု ဆရာဝန်များနှင့် နွေးထွေးစွာ
ပြုစုကုသမှု ခံယူလိုသည့် လူနာများအကြား ပိုမိုခိုင်မာ
သည့် ယုံကြည်မှု
တည်ဆောက်နိုင်မည်ဖြစ်ပေသည်။ ။
ဓာတ်ပုံ- ကျော်ဇင်သန်း
ဓာတ်ပုံ- ကျော်ဇင်သန်း
သီဟ၊ ရဲနောင်၊ ၀တ်ရည်အောင်
0 comments:
Post a Comment