skip to main |
skip to sidebar
ပြည် န၀ဒေးတံတားအောက် လူသတ်မှုနှင့် စပ်လျဉ်းပြီး စ .ရ .ဖ မှ ခေါ်ယူစစ်ဆေး မေးမြန်းခံရသူ ပြန်လည် လွတ်မြောက်
12:15 PM
Kolatt
ဧပြီ ၂၃ ရက်ညက ဖြစ်ပွားခဲ့သော ပြည် န၀ဒေးတံတားအောက် လူသတ်မှုနှင့်
စပ်လျဉ်း၍ သံသယရှိသူဟု ယူဆကာ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ စ.ရ.ဖ မှ
ခေါ်ယူစစ်ဆေး မေးမြန်းခြင်း ခံရပြီး မိသားစုနှင့် တစ်ပတ်နီးပါးကြာအောင်
အဆက်အသွယ် မရရှိဘဲ ပျောက်ဆုံးနေသူ ပြည်မြို့၊ ရွှေလက်လှ ရပ်နေ
ကိုတင်မိုးဇော်မှာ မေ ၂၂ ရက်ည၌ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာပြီ
ဖြစ်ကြောင်း သိရသည်။ ပြည်မြို့
န၀ဒေးတံတားအနီးတွင် ဖွင့်လှစ်ထားသည့် Southern Star စားသောက်ဆိုင်မှ
ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုတင်မိုးဇော်မှာ ပြီးခဲ့သည့် မေ ၅ ရက်၌
ဆွေမျိုးများရှိရာ ကျောက်ပန်းတောင်းမြို့အနီး ကံလွန်တောင်ရွာသို့ အလည်ခရီး
ရောက်ရှိနေစဉ် မေ ၁၆ ရက်၌ ကျောက်ပန်းတောင်း သတင်းတပ်ဖွဲ့ S.B မှ
တာဝန်ရှိသူနှစ်ဦး ရောက်ရှိလာပြီး မေးမြန်းစရာရှိ၍ဟုဆိုကာ လာရောက်ခေါ်ဆောင်
သွားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်မှစ၍ ၎င်းမှာ မိသားစုနှင့် အဆက်အသွယ် မရရှိဘဲ
ပျောက်ဆုံးနေရာ မေ ၂၂ ရက် ညပိုင်းတွင် ပြည်မြို့၊ စစ်ဘက်ရေးရာ
လုံခြုံရေးအဖွဲ့ စ.ရ.ဖ မှနေ၍ ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။
''မေ ၄ ရက်က ကျောက်ပန်းတောင်းက အမျိုးတွေရှိရာကို သွားခဲ့တာ၊ ၅ ရက်မှာ
ရွာရောက်တယ်။ မေ ၁၆ ရက် နေ့လယ် ၁၂ နာ ရီလောက်မှာ ကျောက်ပန်းတောင်း
သတင်းတပ်ဖွဲ့ကပါဆိုပြီး လူနှစ်ယောက်က ကျွန်တော့်ကို
စစ်မေးစရာရှိလို့ဆိုပြီး လာခေါ်သွားတယ်။ အဲဒီနောက် S.B
ရုံးမှာပဲမေးမြန်းပြီး အဲဒီရုံးမှာပဲ ညအိပ်ခဲ့ရတယ်။ ၁၇ ရက် နံနက်မှာတော့
ပြည် စ.ရ.ဖ ရုံးကိုခေါ်လာကာ ညနေ ၃ နာရီလောက် ရောက်တယ်။ အဲဒီကတည်းက တောင်ပေါ်က
စ.ရ.ဖ ရုံးမှာနေရပြီး စစ်မေးပါတယ်။ ကောင်းကောင်းမွန်မွန် ထားပါတယ်။
ဆရာဝန်နှစ်ဦး ထားပေးပြီး ကျန်းမာရေး စစ်ဆေးပေးတယ်။ အိမ်နဲ့ အဆက်အသွယ်
မလုပ်ရတာ တစ်ခုပဲ။ ဒီကြားထဲ ရပ်ကွက်ထဲက ကျွန်တော့်သူငယ်ချင်းတွေကို
ခေါ်ယူစစ်ဆေးတယ်။ နောက် ၂၂ ရက်ညမှာ ကျွန်တော့်ကို ပြန်လွှတ်ပေးခဲ့တယ်'' ဟု
ကိုတင်မိုးဇော်က ၎င်းအား ဖမ်းဆီးစစ်ဆေး မေးမြန်းခံရခြင်းနှင့် ပတ်သက်၍
ရှင်းပြပြောဆိုခဲ့သည်။
လက်ရှိတွင် နေအိမ်သို့
ပြန်လည်ရောက်ရှိလာသည့် ကိုတင်မိုးဇော်မှာ တပ်မြေသို့ ၀င်ရောက်ကျူးကျော်မှု
ပုဒ်မ ၄၄၇ ဖြင့် အမှု ရင်ဆိုင်နေရကြောင်း သိရသည်။ ယင်းအမှုနှင့် ပတ်သက်၍
''ကျွန်တော့်ကို ၄၄၇ နဲ့ ဆွဲထားတယ် ဆိုတာကို အစက မသိရဘူး။ ဒီမှာကျန်ခဲ့တဲ့
မိန်းမက ကျွန်တော်ပျောက်နေလို့ဆိုပြီး ပြည်ရဲစခန်းကို သွားစုံစမ်းမှ ဧပြီ
၂၆ ရက်က ခ.လ.ရ ၇၅ တပ်နယ်မြေကို ၀င်ရောက်ကျူးကျော်မှုဆိုပြီး ၄၄၇ နဲ့
ဆွဲထားမှန်း သိရတာ။
ကျွန်တော့်ကို ပြန်လွှတ်ပေးတဲ့၂၂ရက် ညမှာပဲ
အရာရှိတစ်ယောက်က ပြည် ၂ စခန်းမှာ ၄၄၇ နဲ့ အမှုဖွင့်ထားတဲ့အကြောင်း ပြောတယ်။
ကျွန်တော့်ကို အဖမ်းပြတယ်။ ပြီးတော့ ခံဝန်နဲ့ ချက်ချင်း
ပြန်လွှတ်ပေးလိုက်တယ်။ ၂၃ ရက်ကတော့ ကျွန်တော့်ကို လက်မှတ်လာထိုးခိုင်းတယ်။
ဒီအမှုကို သူတို့ တရားရုံးတင်မယ်။ ထောင်သုံးလ ဖြစ်ချင်ဖြစ်မယ်။
ဒဏ်ငွေနဲ့လည်း ပြီးရင်ပြီးမယ်ဆိုပြီး ပြောတယ်။ တကယ်တော့ အရင်ကတည်းက အဲဒီ
ခ.လ.ရ ၇၅ တပ်ကို သွားနေကျပါ။ အဲဒီနေ့ကလည်း ၇၅ တပ်တွင်း ရေပေးဝေရေးက
ရေကန်စောင့် ဦးအေးဖေဆီကို သွားခဲ့တာ'' ဟု ကိုတင်မိုးဇော်က ပြောကြားသည်။
Eleven Media Group , Rangonnewsdaily
RND: :25.5.2013
world time
0 comments:
Post a Comment