Pages

Thursday, April 4, 2013

ရန်ကုန်မြို့ လသာမြို့နယ်တွင် ဘုရားမီးပူဇော်ရာမှ ဓာတ်ပုံဆိုင် မီးလောင်

ရန်ကုန်မြိုတွင်း မြို့နယ်များတွင် လူနေထူထပ်သည့် လသာမြို့နယ် ၁၇ လမ်းရှိ ဓာတ်ပုံဆိုင်တစ်ဆိုင်တွင် ဧပြီလ ၃ ရက်နေ့ နံနက် ၆ နာရီက ဘုရားမီးပူဇော်ရာမှ ဓာတ်ပုံဆိုင် ဖွင့်ထားသော တိုက်ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။အဆိုပါမြို့နယ်၏ အမှတ် (၂)ရပ်ကွက်၊ ၁၇ လမ်း (အထက်ဘလောက်) ရှိ အမှတ် ၁၈၁ ဟောင်ကောင် နှစ်ခန်းတွဲ ခြောက်ထပ်တိုက်၊ ပထမထပ် (ဘယ်) အခန်းတွင် ဖွင့်လှစ်ထားသည့် ရွှေမြန်မာဒစ်ဂျစ်တယ် ဓာတ်ပုံဆိုင်တွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာ ယင်းမီးက ဘုရားစင်ပေါ်ရှိ ရေမွှေးဘူးများသို့ မီးကူးစက်ရာမှ တစ်ဆင့် မီးလောင်ခဲ့ကြောင်း မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မီးလောင်မှုကြောင့် တီဗီတစ်လုံး၊ ပန်ကာတစ်လုံး၊ အဲယာကွန်းတစ်လုံးနှင့် ပရိဘောဂနှင့် အတွင်းပစ္စည်းများ မီးလောင် ခံရကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
"ကျွန်တော်တို့စမြင်တော့ မီးတောက်က အပြင်ကိုထွက်နေပြီ"ဟု ယင်းလမ်းတွင် နေထိုင်သူ ဦးအောင်လှက ပြောကြားသည်။

အဆိုပါမီးလောင်မှုကို မီးသတ်ယာဉ် ၁၁ စီး၊ ကွပ်ကဲမှုယာဉ် နှစ်စီး၊ မီးသတ် တပ်ဖွဲ့ဝင်ပေါင်း ၉၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ပြီး ၂၅ မိနစ်အကြာတွင် မီးငြိမ်းခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

မီးလောင်မှုကြောင့် မန်နေဂျာ ဒေါ်ဆွေဆွေဝင်းကို (ပ) ၈၇ /၁၃/ပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း လသာ မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

  The Voice Weekly,Rangonnewsdaily
RND:4.4.2013

0 comments:

Post a Comment