Pages

Tuesday, March 11, 2014

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ် ပျောက်ဆုံးခဲ့သော်လည်း ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်များ ပုံမှန်အတိုင်း သွားလာ


RangonNewsDaily: March . 11 .2014
မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး မတ်လ ၈ ရက်နေ့က ပျောက်ဆုံးမှု ဖြစ်ပွားခဲ့သော်လည်း မြန်မာနှင့် မလေးရှားသွား လေယာဉ်စီး ခရီးသည်များ ပုံမှန်အတိုင်း သွားလာလျက်ရှိကြောင်း Malaysia Airlines မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
“လေယာဉ် ပျောက်ဆုံးမှု ဖြစ်ခဲ့ပေမယ့်လည်း မလေး သွားနေကြတာတော့ ပုံမှန်ပါပဲ” ဟု ၎င်းကဆိုသည်။

ကွာလာလမ်ပူ- ရန်ကုန် ခရီးစဉ်ကို Malaysia Airlines သည် ကွာလာလမ်ပူမှ နံနက် ၁၀ နာရီ ၅ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ကို ၁၁ နာရီ ၁၅ မိနစ်တွင် တစ်ကြိမ် ရောက်ရှိကြောင်း၊ ကွာလာလမ်ပူမှ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ထွက်ခွာ၍ ရန်ကုန်ကို ၃ နာရီ တစ်ကြိမ် ရောက်ရှိကြောင်း၊ ယင်းပုံစံဖြင့် ရန်ကုန်နှင့် ကွာလာလမ်ပူ နေ့စဉ် အသွားအပြန် လေးကြိမ် ပြေးဆွဲလျက် ရှိကြောင်း Malaysia Airlines ရန်ကုန် ရုံးထံမှ စုံစမ်း သိရှိရသည်။

အာရှ၏ အကြီးဆုံး လေကြောင်း တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသပေါင်း ၈၀ သို့ ခရီးသည်ပေါင်း ၃၇,၀၀၀ ခန့်ကို နေ့စဉ် ပို့ဆောင် ပေးနေသော လေကြောင်းလိုင်း တစ်လိုင်း ဖြစ်သည့် မလေးရှားနိုင်ငံ၏ နိုင်ငံပိုင် လေကြောင်းလိုင်းမှ ဘိုးရင်း ၇၇၇ လေယာဉ်သည် မတ်လ ၈ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ပျံသန်းစဉ် ဗီယက်နမ်နိုင်ငံ တောင်ပိုင်းသို့ အရောက် အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံး သွားခဲ့သည်။

အဆိုပါ လေယာဉ် ပျောက်ဆုံးရာတွင် ခရီးသည် ၂၂၇ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၂ ဦး စုစုပေါင်း ၂၃၉ ဦး ပါဝင်ပြီး ယင်းပျောက်ဆုံးမှုကို အကြမ်းဖက်မှု ဟုတ် မဟုတ် မလေးရှား အာဏာပိုင်များက စုံစမ်းလျက်ရှိသည်။

The Voice  , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment

 
world time