Pages

Friday, November 8, 2013

ဆီးဂိမ်းပြိုင်ပွဲအတွက် ရုပ်သံလိုင်း (၃)လိုင်း ထပ်တိုးထုတ်လွှင့်မည့် MRTV

RangonNewsDaily:: November . 8 .2013
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ထုတ်လွှင့်ပြသလျက်ရှိသည့် ရုပ်သံလိုင်းများအပြင် အားကစားပွဲများကိုတိုက်ရိုက် သို့မဟုတ် တည်းဖြတ် ထုတ်လွှင့်ပေးမည့် ရုပ်သံလိုင်း (၃)လိုင်းကို အခမဲ့ ထပ်မံ ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီအချိန်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့သည့် အစည်းအဝေးမှ သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် လက်ရှိထုတ်လွှင့်လျက်ရှိသည့် Analogue စနစ်မှ Digital စနစ်သို့ ပြောင်းလဲရေးလုပ်ငန်းစဉ်အပါအ၀င် ဆီးဂိမ်းအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုဆိုင်ရာ အသိပေးရှင်းလင်းပွဲတစ်ရက်ကို နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ခြင်းဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဌာနမှ သိရှိရသည်။

နည်းပညာသစ်ဖြင့် စတင်ထုတ်လွှင့်မည့် ဒေသများ ရွေးချယ်ရင်း အဆင့်အလိုက်/ ဘဏ္ဍာရေးနှစ်အလိုက် စတင်ပြောင်းလဲမှုများ အား အဆင့် ၅ ဆင့် ခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ပထမအဆင့်တွင် နေပြည်တော်ပျဉ်းမနား၊ ရန်ကုန်၊ မန္တလေးစစ်ကိုင်း စက်ရုံသုံးရုံကို SEA GAMES အမီ Digital နည်းစနစ်ဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ ပထမနှင့်ဒုတိယအဆင့်တွင် ပါဝင်သည့် လွှင့်အားကြီးမားသော စက်ရုံ ၂၅ ရုံ၏ လွှင့်အား လွှမ်းခြုံနိုင်မှု ဧရိယာသည် နိုင်ငံလူဦးရေ၏ ၆၅ ရာခိုင်နှုန်းရှိမည်ဟု သိရှိရသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ DVB-T2 Set-Top-Box (Free to Air) အလုံးတစ်သန်း ဝယ်ယူရေးအတွက် တင်ဒါခေါ်ယူခဲ့ပြီး အရည်အသွေးစစ်ဆေးရေးအဖွဲ့သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၃ ရက် မှ ၈ ရက်အထိ ကုမ္ပဏီ ၅၁ ခုမှ တင်သွင်းလာသော Set- Top- Box များကို အရည်အသွေး စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ပြည်တွင်းပြည်ပ စက်ပစ္စည်းများဝယ်ယူထုခွဲရောင်းချရေးကော်မတီမှ Short List တွင် ပါဝင်သော ကုမ္ပဏီများကို ခေါ်ယူ ဈေးဆစ်ခဲ့ကြောင်း၊ ယင်းသို့ဈေးဆစ်ရာတွင် ဈေးနှုန်းအနည်းဆုံးတင်သွင်း ခဲ့သည့် ကောင်းသန့်ကျော် ကုမ္ပဏီမှ တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၇ ဒေါ်လာနှုန်းဖြင့် အလုံးရေ ၃၃၅၀၀၀ ကို အမေရိကန်ဒေါ်လာ ၄၉၂၄၅၀၀ ဖြင့် ဝယ်ယူသွားမည် ဖြစ်ကြောင်းနှင့် ယင်းတို့အနက် ၃၀၄၉၄၄ လုံးကို နိုင်ငံတော်က အခမဲ့ ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် Digital စနစ်ကူးပြောင်းခြင်းကို အဆင့်ဆင့်စနစ် တကျ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နောက်ဆုံးအဖြစ်သတ်မှတ်ထားကြောင်း သိရှိရသည်။

အဆိုပါပွဲသို့ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းကြည်၊ ဒုတိယအင်ဂျင်နီယာ ချုပ် ဦးလှိုင်မိုးတို့မှ ရှင်းလင်းပွဲပြုလုပ်ရခြင်း၊ Analogue မှ Digital သို့ပြောင်းလဲရခြင်း လုပ်ငန်းစဉ်နှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းခဲ့သလို မီဒီယာသမားများ၏ မေးမြန်းမှုကိုလည်း ဖြေကြားခဲ့သည်။

မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် အောက်တိုဘာ ၁၅ ရက်မှ စ၍ DVB-T2 Digital နည်းစနစ်သုံး လှိုင်းနှုန်းတစ်ခု၊ လွှင့်စက်တစ်ခုတည်းဖြင့် MRTV,MITV,Farmer Channel, Hluttaw Channel, National Races Channel တို့ကို တစ်ပြိုင်တည်း ထုတ်လွှင့်ပေးလျက်ရှိသည်။

Myit Ma Kha Media , kolatt(PBDN)
RangonNewsDaily

0 comments:

Post a Comment