RangonNewsDaily:: Aug 2, 2013
ဆီးရီးယားအစိုးရစစ်တပ်နှင့် တော်လှန်ရေး သူပုန်တပ်ဖွဲ့ကြား တိုက်ပွဲများပြင်းထန်နေသည့် ဟွမ်းစ်မြို့တွင် ကြာဿပတေးနေ့က လက်နက်တိုက်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၄၀ ဦးသေဆုံးကာ အခြား ၁၂၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ သူပုန်တပ်ဖွဲ့က ပစ်ခတ်သည့် ဒုံးကျည်ကျရောက်ပြီး မကြာမီ လက်နက်တိုက် ပေါက်ကွဲခြင်းဖြစ်သည်။ လူ ၄၀ သေဆုံးကြောင်း အတည်ပြုထားပြီး ဒဏ်ရာရသူများအနက် အသက်အန္တရာယ်စိုးရိမ်ရသူများ ပါဝင်သဖြင့် သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ကြောင်း သိရသည်။
ပေါက်ကွဲမှုဖြစ်ပွားသည့် လက်နက်တိုက်မှာ ဟွမ်းစ်မြို့တောင်ပိုင်းရှိ သမ္မတအာဆတ်၏ အစိုးရတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာတွင် တည်ရှိသည်။ သူပုန်တပ်ဖွဲ့က ဟွမ်းစ်မြို့ရှိ ဝါဒီအယ်လ်ဇာဟာနှင့် အယ်လ်နိုဇာ ဒေသများသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် လက်နက်တိုက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုအတောအတွင်း ဇာဟာတွင် ဒုံးကျည်ကျရောက်ထိမှန်မှုကြောင့် လူ ၆ ဦးသေဆုံးကာ ၁၃၀ ဒဏ်ရာရရှိကြောင်းလည်း ဟွမ်းစ်မြို့ရှိ အမည်မဖော်ပြသော အရာရှိတစ်ဦးက AP သတင်းဌာနသို့ ပြောကြားသည်။
ပေါက်ကွဲမှုကြောင့် ကောင်းကင်ယံတွင် ကြီးမားသည့် မီးလုံးကြီး ဖြစ်ပေါ် ခဲ့ကာ ဟွမ်းစ်ရှိ အာဆတ်ထောက်ခံသူများ အထိတ်တလန့် ဖြစ်ခဲ့ကြ ရသည်။ ဒေသခံများ၏ အဆိုအရ ပထမဆုံးအကြိမ် ပေါက်ကွဲ မှုဖြစ်ပွားပြီးနောက် တစ်နာရီကျော်ကြာအောင် ပေါက်ကွဲသံများ ဆက်လက် ကြားနေရကြောင်း သိရသည်။

ပေါက်ကွဲမှုမှာ ယခင်က သူပုန်တပ်ဖွဲ့များ
သိမ်းပိုက်ထားသော ဒါရာယာတွင် ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားသို့ သမ္မတအာဆတ်
တက်ရောက်ပြီးနောက် နာရီအတန်ကြာတွင် ဖြစ်ပွားခဲ့ခြင်း ဟုဆိုသည်။
ဆီးရီးယားတွင် ၂၀၁၁ ခုနှစ် မတ်လကတည်းက စတင်ပေါ်ပေါက်ခဲ့သော နိုင်ငံရေး
မငြိမ်မသက်မှုနှင့် ပြည်တွင်းစစ်ကြောင့် လူပေါင်း တစ်သိန်းကျော်
သေဆုံးခဲ့သည်။ ထို့အပြင် ဆီးရီးယားပြည်သူ အနည်းဆုံး ၁.၄ သန်းမှာလည်း
စစ်ဘေးဒုက္ခသည်အဖြစ် သို့ ရောက်ရှိခဲ့ကြသည်။
Planet Myanmar Network , RangonNewsDaily
kolatt (Pabedan): 2.8.2013

0 comments:
Post a Comment