Pages

Saturday, July 6, 2013

မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများ လိုက်နာရန် စည်းမျဉ်းများ ထုတ်ပြန်

ရန်ကုန်၊ ဇူလိုင် ၅

မြန်မာနိုင်ငံသားများ၏ ကန့်ကွက် ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရသော ပြည်တွင်းရှိ တရုတ်ကုမ္ပဏီများ လိုက်နာရမည့် ကိုယ်တိုင် အဆိုပြု စည်းမျဉ်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံရုံးက ဇူလိုင်လ ၅ ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ကျင်းပသည့် တရုတ် ကုမ္ပဏီများနှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲတွင် ထုတ်ပြန် ကြေညာခဲ့သည်။ စည်းမျဉ်းများတွင် အချက် ခြောက်ချက် ပါဝင်ပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံနေသော တရုတ် ကုမ္ပဏီများက နှစ်နိုင်ငံ အစိုးရက ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာမည်၊ စာချုပ် သဘောတူချက်၊ ခံဝန်စာချုပ်ပါ သတ်မှတ်ချက်များကို သတ်မှတ်ထားချက်များအတိုင်း တင်းတင်း ကျပ်ကျပ် လိုက်နာ ဆောင်ရွက်မည်၊ 
 
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု ဆိုင်ရာများကို စနစ်တကျ စီမံ ခန့်ခွဲ မည်၊ အလုပ်သမားများနှင့် ဝန်ထမ်းများ၏ ဘေးကင်းရေးနှင့် ကျန်းမာရေးကို နိုင်ငံတကာစံနှုန်း နှင့်အညီ ကာကွယ် စောင့်ရှောက်မည်၊ မီဒီယာများ၊ အရပ်ဘက် လူ့အဖွဲ့အစည်း များ၊ ဒေသခံ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်မည်၊ လုပ်ငန်း၏ အားသာချက်ပေါ် မူတည်၍ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး၊ နည်းပညာ ဖလှယ်ရေးများကို အားပေး ဆောင်ရွက်မည် စသည့် အချက်အလက်များ ပါဝင်သည်။

ယင်းအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး သံမှူး အပါအဝင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံး ပြုလုပ်နေသည့် တရုတ် ကုမ္ပဏီများ ဖြစ်သည့် တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု (CPI) ၊ တရုတ် ဝမ်ပေါင်ကုမ္ပဏီ (Wanbao) နှင့် တရုတ် အမျိုးသားရေနံ ကော်ပိုရေးရှင်း (CNOC) မှ မြန်မာပြည်တွင်း ဌာနေ ကိုယ်စားလှယ်များက ၎င်းတို့ ကုမ္ပဏီများ၏ စီးပွားရေး ဆောင်ရွက်ချက် များအပြင် လူမှုဘဝ တိုးတက်ရေးအတွက် ဆောင်ရွက်ချက် ကို ပြည်တွင်း၊ ပြည်ပ မီဒီယာများကို ချပြခဲ့ကြသည်။

လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို အကျိုးတူ ဆောင်ရွက်နေသော ဝမ်ပေါင် ကုမ္ပဏီသည် ဒေသခံ ပြည်သူများအတွက် ပညာရေး၊ ကျန်းမားရေး၊ လူမှု ဖွံ့ဖြိုးရေးအတွက် အထောက်အပံ့များ ပေးနိုင်ရန် ရည်ရွယ်၍ Corporate Social Responsibility (တာဝန်ယူမှုရှိသော စီးပွားရေး လုပ်ဆောင်ချက်) အစီအစဉ်အရ နှစ်စဉ် အမေရိကန်ဒေါ်လာ တစ်သန်း ထောက်ပံ့မည်ဖြစ်ကြောင်း၊ စီမံကိန်း ဆောင်ရွက် ပြီးစီးပါက ဒေသတွင်း ပြန်လည်ပြုပြင်မှုများ ပြုလုပ်နိုင်ရန် နှစ်စဉ် အမေရိကန် ဒေါ်လာ နှစ်သန်း ထောက်ပံ့မည်ဖြစ်ကြောင်း၊ ဒေသခံများတွင် နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့် သင်ကြားရေး ကျောင်းများ တည်ဆောက်ပေးရန် စီစဉ်နေကြောင်း ယင်းကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Mr.Geng Yi က ပြောကြားသည်။

“ဒီထောက်ပံ့မှုတွေက စီမံကိန်းကာလအတွက်ပဲ မဟုတ်ပါဘူး။ စီမံကိန်းပြီး တဲ့ နောက်ပိုင်းတွေမှာလည်း ခံစားခွင့်ရနေမှာပါ။ အဲဒါတွေအတွက် အာမခံပါတယ်။ မီဒီယာ မိတ်ဆွေတွေလည်း စောင့်ကြည့် ထောက်ပြနိုင် ပါတယ်” ဟု ၎င်းက ဆိုသည်။

သမ္မတဦးသိန်းစိန် ဦးဆောင်သော အရပ်သား အစိုးရ လက်ထက်တွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု များအပေါ် မြန်မာနိုင်ငံသား၏ ဆန့်ကျင် ဆန္ဒထုတ်ဖော်မှုများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။

The Voice Weekly , RangonNewsDaily
kolatt(PBDN): 6.7.2013

0 comments:

Post a Comment

 
world time