Pages

Monday, April 1, 2013

လတ်တလော ဖြစ်ပွားခဲ့သည့် အကြမ်းဖက် အဓိကရုဏ်းများ နှင့် M-Media အယ်ဒီတာအဖွဲ့ သဘောထား ဆောင်းပါး

လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ မွတ်စလင်မ်ဆန့်ကျင်ရေး အဓိကရုဏ်းကြောင့် နိုင်ငံတကာ မီဒီယာတွေ မှာတော့ မြန်မာ သတင်းတွေ ခေါင်းကြီးပိုင်းက ဦးဆောင်ခဲ့ပါတယ်။ တချို့ကလည်း တုန်လှုပ်ဖွယ်ကောင်း တဲ့ ခေါင်းစဉ်မျိုးတွေနဲ့ အဖြစ်မှန်ကို ဒဲ့ရေးကြသလို တချို့ကလည်း သွယ်ဝိုက်စွာနဲ့ အကြံပြုကြတာမျိုး ရှိပါတယ်။
သို့သော် မြန်မာပြည်တွင်း အခြေဆိုက် မီဒီယာကြီးတွေကတော့ ဒီလိုမျိုး ကြောက်မက်ဖွယ်ရာ အဓိကရုဏ်းကြီးကို ဖြစ်ရပ်မှန် အတိုင်း ခေါင်းစဉ်တပ်ဖို့ ရာ တော်တော်လေး ရွံ့နေပုံရပါတယ်။ ထိုနည်းတူ ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်ကလည်း အမေရိကန် သံအမတ်ကြီး ဒီရက်မစ်ချဲလ်ရဲ့ “violence against Muslim communities” ၊ “မွတ်စလင်မ် ဆန့်ကျင်ရေး အဓိကရုဏ်း” ဆိုတဲ့ အသုံးအနှုံးကို နားလည်မှု လွဲမှားခြင်း သာဖြစ်တယ်လို့ ဆိုပါတယ်။

အိမ်ရှင်/ဧည့်သည်ဆိုတဲ့ မှတ်ချက်အချို့ကြောင့်လည်း ပြည်တွင်းက native မြန်မာမွတ်စလင်မ်တွေ သာမက ချင်း၊ ကရင်၊ လီဆူး၊ ကချင်နဲ့ လားဟူ စတဲ့ တိုင်းရင်းသားတွေအတွက်ပါ အနည်းနဲ့ အများစိတ်ပိုင်း ဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်ခဲ့ရသလို အချို့သော ရဟန်းသံဃာတော်တွေရဲ့ အပြု သဘောဆောင် မှတ်ချက်တွေ၊ လူသားချင်းစာနာစွာ ကူညီပံ့ပိုးမှုတွေကြောင့်လည်း ကျေနပ်ပီတိဖြစ်စရာတွေ ရှိခဲ့ပါတယ်။

ပြည်ပ မီဒီယာ ပယောဂ

ပြည်ပမီဒီယာတွေအနေနဲ့ လက်တံခြေတံရှည်တဲ့ အဖွဲ့ကြီးတွေဆီကနေ ရတဲ့ အချက်အလက် တွေအပေါ်အခြေခံပြီး၊ အဖြစ်အပျက် အပေါ်မှာ ဂဃနဏနားမလည်ဘဲ ရေးသားတာတွေ၊ သတင်းထုတ်ပြန်တာတွေ ရှိနေတယ်လို့ မှတ်ချက်ပေးမှုမျိုး ရှိခဲ့ပါတယ်။ ဒီမှတ်ချက်ကတော့ အဓိကရုဏ်းဆီ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့တဲ့ ကိုမင်းကိုနိုင်ရဲ့ မှတ်ချက်နဲ့ ကွဲပြားနေပါတယ်။ အဓိကရုဏ်းတားဆီးရေးနဲ့ ဓားစာခံပြစ်မှတ်တွေကို ဘယ်သို့ဘယ်ပုံ ကာကွယ်မလဲ၊ ကူညီမလဲဆိုတာတွေက သာပြီး အဓိကကျနေတဲ့ အချိန်မှာ ဒါမျိုးမှတ်ချက်က စိတ်ပျက်ဖွယ်ပါပဲ။

ဘာကြောင့် လဲဆိုတော့ အဲဒီလို ပြည်ပအခြေဆိုက်မီဒီယာတွေထဲမှာ မြန်မာပြည် ဒီမိုကရေစီကြိုးပမ်းမှု တလျောက် ကူညီပံ့ပိုးခဲ့ကြတဲ့ မီဒီယာတွေ ပါနေသလို လက်ရှိမှာလည်း မြန်မာပြည်အရေး ကျွမ်းကျင်တဲ့ expert တွေကို ဖိတ်ခေါ်ဆွေးနွေး တင်ပြနေကြတဲ့ မီဒီယာတွေလည်း ပါဝင်နေလို့ပါပဲ။

မြန်မာ့အရေး ကျွမ်းကျင်သူတွေနဲ့ မျက်မြင်သက်သေ နိုင်ငံခြားသားများ

နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူတွေနဲ့ မြန်မာပြည်ရောက်ဖူးတဲ့ နိုင်ငံခြားသားတွေရဲ့ မှတ်ချက်က သေချာပြီး စိတ်ခံစားချက် မပါတဲ့ မှတ်ချက်တွေ ဖြစ်ပါတယ်။ မွတ်စလင်မ်တွေနဲ့ပတ်သတ်ရင် ခက်ထန်တင်းမာတဲ့ ရဟန်းအချို့ရဲ့ ဟောပြောချက်တွေကို ဗုဒ္ဓဘာသာဝင်အချို့က မျက်စိမှိတ်ယုံလေ့ရှိတယ်၊ အဲဒီသူတွေထဲမှာ ထူးဆန်းစွာနဲ့ပဲ ပညာတတ် အသိုင်းအ၀န်းကလူတွေပါ ပါဝင်နေတယ်ဆိုတာကို သူတို့တွေရဲ့ မှတ်ချက်တွေမှာ တွေ့ရှိရပါတယ်။

က) ဗုဒ္ဓဘာသာဘုန်းကြီးတွေရဲ့ အမုန်းတရားများစေမယ့် Hate Speech တွေကို နားရည်ဝနေတာကြောင့်၊ မိတ္ထီလာမြို့ဖြစ်စဉ်မှာ မွတ်စလင်မ် လူတန်းကြီးကို ခေါ်ထုတ်လာတုန်း ဘေးကနေ ရိုက်ရိုက်၊ သတ်ပြစ်လို့ အော်နေကြတဲ့ ဗွီဒီယိုဖိုင် ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ခ) အစ္စလာမ်ဘာသာဝင် ကိုတင်ဝင်း အကြောင်းနဲ့ အဆုံးသတ်ပြီး အတွေးများစွာ မွေးထုတ်ပေးတဲ့ ဆောင်းပါးတစ်ပုဒ် ကို မြန်မာ့အရေး ကျွမ်းကျင်သူ ANU ပရော ဖက်ဆာနှစ်ဦးဖြစ်တဲ့ Dr Andrew Walker နဲ့ Dr Nicholas Farrelly တို့ ဦးစီးတဲ့ New Mandala မှာ ဖတ်ရှုရပြန်ပါတယ်။

ဂ) ဧရာဝတီမှာ မိတ္ထီလာက ကိုယ်တွေ့ဖြစ်ရပ်ကလေးကို တင်ပြပေးခဲ့တဲ့ Geoffrey-hiller ရဲ့ ဆောင်းပါး ကလည်း ငြိမ်းချမ်းနေတဲ့ မြို့ကလေးကို သာမာန်စကားအခြေအတင်များရာကနေ ပြာကျသွားတဲ့ ဖြစ်ရပ်က ဘာကြောင့်များပါလဲ ဆိုတာ လှလှပပ ပုံဖော်ပြထားပြန်ပါတယ်။

နိုင်ငံခြားသား မြန်မာ့အရေး ကျွမ်းကျင်သူတွေ ကိုယ်တိုင် ဖော်ပြပါဆောင်းပါးတွေမှာ ဗုဒ္ဓဘာသာ ရဟန်းအချို့ရဲ့ မုန်းတီးရေးအခြေခံ အစ္စလာမ်ဆန့်ကျင်ရေး တရားတွေကို မီးမောင်းထိုး ထောက်ပြနေကြပါတယ်။

အရင်းအမြစ်ကို မထိုးဆွရဲတာ ဘာကြောင့်လဲ

နိုင်ငံတကာက မြန်မာ့အရေးကျွမ်းကျင်သူများရဲ့ မှတ်ချက်တွေပေါ်အခြေခံတဲ့ နိုင်ငံခြားမီဒီယာတွေကို မဝေဖန်ခင်၊ မြန်မာပြည်မှာ သူတို့ထောက်ပြတဲ့ ရဟန်းဟော hate speech တွေ ရှိနေသလားဆိုတာကို တိုက်ရိုက် ထောက်ပြ ပြောဆိုကြရပါမယ်။

ဒါကို ယနေ့ထိ မြန်မာပြည်က တာဝန်ရှိသူတွေရော၊ တခြားအဖွဲ့အစည်းတွေပါ မပြုလုပ်ကြသေးပါ။ ဒီလိုမျိုး လမ်းဘေး က အမုန်းတရားဖြန့်ချိရေး တရားပွဲတွေ၊ စာတမ်းဖြန့်ဝေမှု၊ စီဒီဖြန့်ဝေမှုတွေ၊ စာအုပ်စာတမ်းဖြန့်ဝေမှုတွေ ဟာ မိတ္ထီလာအဓိကရုဏ်းကြီးမစတင်မီ အမှန်တကယ်ရှိခဲ့လို့လည်း ၈၈ ခေါင်းဆောင် ကိုမင်းကိုနိုင်က သူ့အနေနဲ့ ဒီလိုမျိုး အဓိ ကရုဏ်းကြီးဖြစ်လာမယ်ဆိုတာ ကြိုတင် ခံစားမိနေတဲ့အကြောင်း ပြောပြခဲ့တာဖြစ်ပါတယ်။

ဒါ့ပြင် နိုင်ငံတကာ မီဒီယာကို အရှိန်မြင့်ပေးလိုက်တဲ့ အဖြစ်အပျက်က သတင်းထောက်တွေကို အကြမ်းဖက်သမားတွေက ရန်မူကြခြင်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး အလဲဗင်း မီဒီယာကလည်း ဘာသာရေး အဆောက်အဦကို ဖျက်ဆီးနေချိန် မှာ ဓာတ်ပုံရိုက်ခွင့်မပေးဘူးလို့ သတင်းဖော်ပြခဲ့ပါတယ်။

အဲဒီလိုမျိုး အမုန်းတရားပြန့်ပွားဖို့ လုပ်ဆောင်နေတဲ့ လူတစ်စုကို တားဆီးဖို့၊ တိုက်ရိုက်ပြစ်တင်ပြောဆိုဖို့ ဘာကြောင့် ပျက်ကွက်နေကြတာပါလဲ။

ကုလ ကိုယ်စားလှယ် မစ္စတာကင်တားနားကတော့ မွတ်စလင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေမှာ ရဲ၊ စစ်တပ်နဲ့ တခြားသော အစိုးရတာဝန်ရှိသူတွေ ကိုယ်တိုင် ရပ်ကြည့်နေတာကြောင့် အကြမ်းဖက်မှုနောက်ကွယ်မှာ အစိုးရ အဖွဲ့အစည်း အချို့ပါဝင်ပတ်သတ်နေတယ်ဆိုတဲ့ သတင်းတွေ ရရှိတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီအချက်ကို မြန်မာအစိုးရက ငြင်းဆိုပေမယ့် ကျိုးကြောင်းပြရာမှာတော့ အားနည်းချက်တွေ၊ သံသယ ပွားစရာတွေ ရှိနေသလို နိုင်ငံတကာကလည်း ဒီအဓိကရုဏ်းကြီးက ဘာကြောင့်ဖြစ်လာသလဲဆိုတဲ့အပေါ်မှာ အာရုံခံနေကြတဲ့ အချိန် အရင်းအမြစ်ကို ချပြထားတာမျိုး မရှိသေးပါ။ မြေပြင်အခြေ အနေကို တိုက်ရိုက်မြင်တွေ့ခဲ့တဲ့ ကိုမင်းကိုနိုင်နဲ့ NLD အမတ် ဦးဝင်းထိန်တို့ရဲ့ မှတ်ချက်ကလည်း ကင်းတားနားအဆိုကို ထောက်ခံနေတယ်ဆိုတာ သတိချပ်ရမှာပါ။

မြန်မာပြည်ရဲ့အလားအလာ

တစ်နှစ်အတွင်းမှာတင် အဓိကရုဏ်းတွေ စဉ်ဆက်မပြတ်ဖြစ်နေတဲ့ မြန်မာပြည်ထဲ ဘယ်သူတွေက ရင်းနှီးမြှပ်နှံဖို့ စွန့်စားရဲပါ့မလဲ။ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေနဲ့အတူ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ၀င်လာမယ့်အပေါ်မှာ ၉၆၉ ဆိုတဲ့ အဟန့်အတားကို ဘယ်သူက တာဝန်ယူပေးမလဲ။ စတဲ့မေးခွန်းတွေ စီရရီထွက်ပေါ်လာပါပြီ။ အလားအလာမကောင်းတဲ့ လက္ခဏာလို့ သုံးသပ်ကြမှာဖြစ်သလို နိုင်ငံခြားရောက် မြန်မာပြည်သား အသိပညာရှင် အတတ်ပညာရှင်တွေအနေနဲ့လည်း နိုင်ငံတွင်း ပြန်လာဖို့ စဉ်းစားစရာ ဖြစ်နေပါပြီ။

နောက်ဆုံးအဖြေ

အမ်-မီဒီယာအနေနဲ့ မြန်မာပြည်တွင်းက ဗုဒ္ဓဘာသာဘုန်းတော်ကြီးများသာမက အချို့သော ဗုဒ္ဓဘာသာဝင်များရဲ့ လူသားချင်း စာနာမှု၊ မေတ္တာ ကရုဏာရှေ့ထားပြီး ဆောင်ရွက်ကြတဲ့ စေတနာ့ဝန်ထမ်း အမှုများကို ၀မ်းမြောက်ဂုဏ် ယူစွာဖြင့် အသိအမှတ်ပြု မှတ်တမ်းတင်ပါတယ်။

ထို့အတူ ဒီလိုအရေးအခင်းကြီးမျိုး နောက်ထပ် မဖြစ်စေဖို့ အမ်-မီဒီယာက ရှုထောင့်ကဏ္ဍ တစ်ခုကနေ တင်ပြချင်တဲ့ အဖြေများ သို့မဟုတ် တောင်းဆိုမှုများကတော့ -

၁) အကြမ်းဖက်မှုမှာ ဘာသာသာသနာမရှိပါ။ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးတွေ သဘောထားထုတ်ပြန်ခဲ့ သလိုပါပဲ၊ အရေခြုံသံဃာ အချို့ကြောင့် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုကို အခြေတည်ပြီး ဘာသာသာသနာတစ်ခုကို ယိုးမယ်ဖွဲ့ဖို့ မဖြစ်နိုင်ပါ။ သို့သော် လူမျိုးဘာ သာပေါင်းစုံ ပါဝင်နေတဲ့ မြန်မာပြည်သူလူထုကြီးထဲက အုပ်စုတစ်စုကိုတော့ဖြင့် ငါးပိတုန်းကျီးချီသလို တတိတတိနဲ့ မျိုးမတုန်းသွားဖို့ရာ သဘောထား တင်းမာသူတွေ၊ သင်္ကန်းခြုံပြီး မူတစ်မျိုးထွင် နေကြတဲ့အုပ်စုတွေ၊ စတာတွေသာမက အချိန်ကိုက် ၀ါဒဖြန့်မှိုင်းတိုက် သူတွေကိုပါ ဖော်ထုတ် အရေးယူရပါမယ်။

၂) ဘာသာသာသနာအချင်းအချင်း သဘောပေါက်နားလည်မှုမြင့် တက်စေဖို့ ၉၆၉ တရားပွဲတွေနေရာမှာ အမေရိကန် သံအမတ်ကြီး အဆိုပြုတဲ့ interfaith dialogue တွေ၊ ဖိုရမ်တွေ၊ ဒါ့အပြင် အခြေခံပညာကျောင်းများမှာပါ ကလေးများ အကြား အမြင်မကြည်လင်မှုတွေကိုကုစားပေးမယ့် အစီအစဉ်တွေနဲ့ အစားထိုးရပါမယ်။

၃) ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ လုံခြုံမှုပေးဖို့ဆိုတာ မိန့်ခွန်းပြောကြားယုံနဲ့ မဖြစ်နိုင်ပါ။ ဒါကြောင့် လက်တွေ့အကောင် အထည်ဖော်မှုတွေသာမက နောက်ကွယ်ကြိုးကိုင်လှုပ်ရှားသူတွေကိုပါ ပြည်သူ့ရှေ့ ချပြဖို့ လိုအပ်ပါတယ်။

၎)ဒါ့ကြောင့်မိတ္ထီလာအဓိကရုဏ်းစုံစမ်းစစ်ဆေးရေးကော်မတီရဲ့အစီရင်ခံစာက အဓိကအချက်အလက်များ
ကိုတိုက်ရိုက်ပြောဆိုတင်ပြတာမျိုး ဖြစ်နေပြီး နိုင်ငံတကာရဲ့ သို့လောသို့လောအခြေအနေများသာမက ပြည်သူလူထုရဲ့ ကျီးလန့်စာ စားနေရတဲ့အဖြစ်များကိုပါ ပပျောက်သွားစေမယ်လို့ မျှော်လင့်ပါတယ်။

၅) အခြေခံဥပဒေမှာ အတိအလင်းပါရှိတဲ့ နိုင်ငံသားအခွင့်အရေးနဲ့ လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ကို ချိုးဖောက်တဲ့ ဘယ်လို လုပ်ဆောင်ပြောဆိုချက်ကို မဆို ကျောသားရင်သား မခွဲခြားဘဲ တရားဥပဒေနှင့် အညီ အရေးယူဆောင် ရွက်နိုင်မယ့် တရားရေးမဏ္ဍိုင် အားကောင်းမှန်ကန်ဖို့ ဆောင် ရွက်ပေးစေ လိုပါတယ်။

၆) ယခင် အာဏာရှင် လက်ထက်မှာ “အမျိုးပျောက်မှာ စိုးကြောက်စရာ” လိုမျိုး အပုတ်ချအမြတ်ထုတ် ၀ါဒဖြန့်တဲ့ စာအုပ်စာတမ်းတွေ လက်သိပ် ထိုးဖြန့်ချိခဲ့ပါတယ်။ ယနေ့မှာတော့ အဲဒီစာအုပ်ပါ အကြောင်းအရာမျိုးတွေကို ပေါ်ပေါ်ထင်ထင် ဟောပြော တင်ပြနေတာတွေ၊ အခွေများ၊ စာအုပ် များဖြန့်ချိနေတာတွေ ပြုလုပ်နေကြပါတယ်။ ဒါကြောင့် အုပ်စုနှစ်ခုအကြား အမုန်းတရား ပွားများခြင်းမျိုးမရှိဖို့အတွက် ပြစ်မှုဆိုင်ရာဥပဒေ (ယခင် ရာဇသတ်ကြီး) အခန်း ၁၅ ဘာသာသာသနာ ဆိုင်ရာပြစ်မှုများ ပုဒ်မ ၂၉၅(က) အား လက်တွေ့ အသက်ဝင်လာစေ ဖို့ ဆောင်ရွက်ပေးစေ လိုပါတယ်။

အေးချမ်းသာယာသော လူမျိုးသာသနာပေါင်းစုံ စုစည်းရာ ဒီမိုကရေစီပြည်ထောင်စုကြီးကို လိုလားလျက်

M-Media, Rangonnewsdaily
RND:1.4.2013 

0 comments:

Post a Comment