Pages

Thursday, March 21, 2013

စစ်တွေမှ ထိုင်းသို့သွားမည့် မူဆလင် ၉၀ ကျော် မြိတ်တွင် ဖမ်းဆီးထား

ကြာသပတေးနေ့၊ မတ်လ ၂၁ ရက် ၂၀၁၃ ခုနှစ်  ကွန်းချမ်း

စံခလပူရီ (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံသို့ သွားရောက်ရန်အတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်သို့ ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ်နွှယ်ဖွား ၉၀ ကျော်ကို ယခုသီတင်းပတ်အတွင်း ဖမ်းဆီးကာ ထိန်းသိမ်းထားကြောင်း ဒေသခံများနှင့် အာဏာပိုင်များက ပြောသည်။“အားလုံး ၉၂ ယောက်။ ယောက်ျား/မိန်းမ ခွဲနေတုန်းပါ။ စစ်ဆေးဆဲပဲ ရှိပါသေးတယ်။ လဝက ဥပဒေနဲ့ပဲ အရေးယူမယ်” ဟု ခရိုင် လဝက အရာရှိတဦးက ပြောသည်။ ဒေသခံများ၏ သတင်းပေးချက်အရ အုပ်ချုပ်ရေး အဖွဲ့အစည်း၊ ဒေသခံ ရဲတပ်ဖွဲ့နှင့် တပ်မတော် ကြည်းတပ်၊ ရေတပ်တို့ ပူးပေါင်း ရှာဖွေရာမှ မတ်လ ၁၇ ရက်နေ့တွင် ၇၁ ဦး၊ ၁၉ ရက်နေ့တွင် ၈ ဦးနှင့် ၂၀ ရက်နေ့တွင် ၁၀ ဦးကျော်ကို အသီးသီး ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု မြို့နယ် ရဲစခန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းပြင် ခရီးသည်များ စီးနင်းလာသည့် မြင်းကောင်ရေ ၂၅ ကောင် အင်ဂျင်နှစ်လုံးတပ် အလျား ၅၀ ပေ၊ အနံ ၂၅ ပေရှိ သစ်သားစက်လှေ တစီးကိုလည်း မြိတ်မြို့ မဇောကျေးရွာအုပ်စု ရှမ်းထိန် ကျေးရွာအနီး ချောင်းကမ်းစပ်တွင် သိမ်းဆီးရမိသည်ဟု ဆိုသည်။

“သူတို့ထဲမှာ အမျိုးသမီး ၁၀ ယောက်လောက် ပါတယ်။ အခု ခရိုင် လဝက ကို လွှဲပေးထားပါတယ် ခင်ဗျ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ယခုနှစ်အတွင်း ရခိုင်ပြည်နယ်မှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်မည့် မူဆလင် ၈၅ ဦးကိုလည်း ဇန်နဝါရီလ ၂ ရက်နေ့က ကော့သောင်းမြို့သို့ စက်လှေဖြင့် ရောက်ရှိခဲ့ရာ ကော့သောင်း လဝက ရုံးက ရန်ကုန် လဝက ရုံးမှတဆင့် စစ်တွေ မြို့နယ်သို့ ပြန်လည် ပို့ဆောင်ခဲ့သည်။

၎င်းပြင် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင်လည်း မြိတ်မြို့နယ်သို့ ၆၀ ကျော် ရောက်ရှိခဲ့ပြီး ဒေသအာဏာပိုင်များက ဖမ်းဆီးခဲ့ကာ လဝက ဥပဒေဖြင့် အရေးယူခဲ့သည်။
Rangonnewsdaily
RND:  :21.3.2013

0 comments:

Post a Comment