နတ်တော်ညချမ်းတစ်ခုမှချမ်းအေးမှုအောက်တွင်နံ့သာစုံတို့၏ရနံ့သင်းထုန်စွာဖြင့်ခြိမ့်ခြိမ့်သဲဆိုင်းသံဗုံသံများ
ကြား
ယိမ်းထိုး လှုပ်ရှားနေသော ခန္တာတစ်ခု။ အမျိုးအမည်ပင်မသိသည့်အမှတ်ရုပ်ထုများတည်ရှိနေရာစင်မြင့်အဆင့်ဆင့်တွင်အစီအရီ ထွန်းညှိထားသော အမွှေးတိုင်
မီးခိုးငွေ့ များ၏ လွှင့်ပါးမှုနှင့်အပြိုင် `ဒေါ်မိုးမိုး´ ၀တ်ဆင်ထားသော
ရိုးရာ ၀တ်စုံမှ ပုဝါပါးပါးက စည်းချက်ညီညီလွှင့်မျောနေသည်။
နှစ်တစ်နှစ်၏နတ်တော်လဆန်းတိုင်းတွင်ပြုလုပ်နေကြရိုးရာကန္နားပွဲများကို`ဒေါ်မိုးမိုးအပါအ၀င် နိုင်ငံတစ်ဝှမ်း

လုံးရှိ `ကန္နားစီး´ များ အားလုံး
စီစဉ်ကျင်းပခဲ့သည်မှာ သားစဉ်မြေးဆက် ရှေး ပဝေသဏီ ကတည်းကဟု ဆိုရမည်ပင်။
`ကျမအိမ်ထောင်ပြုမယ်ဆိုတော့အသက်(၂၀)ကတည်းကနတ်နဲ့လက်ဆက်ထားတဲ့အကြောင်း အိမ်ထောင်

ဖက်အမျိုးသားကိုအသိပေးလိုက်တုန်းကပြဿနာတော်တော်တက်ခဲ့တယ်။နောက်တော့မှသူက နားလည်
ပေးခဲ့တာ´ဟု ဒေါ်မိုးမိုးက ရင်ဖွင့်သည်။
အသားညိုညိုနှင့် အမြဲပြုံးရွှင်နေသည့် မျက်နာကို ပိုင်ဆိုင်ထားသော ဒေါ်မိုးမိုးသည် အသက် (၂၀)ကျော် ကတည်းကကန္နားစီးတစ်ယောက်ဖြစ်ခဲ့ပြီးအခုဆိုရင်အသက်(၅၅)နှစ်အရွယ်သို့ချည်းနင်း ၀င်ရောက်နေ

ပြီဖြစ်သော်လည်း ကခုန်နေဆဲ။
သူမ၏ အမျိုးသားက လွန်ခဲ့သည့်နှစ်အနည်းငယ်က ယာဉ်မတော်တဆ ထိခိုက်မှုနှင့် ကွယ်လွန် သွားခဲ့သည်။ သူမှာတော့ သားသမီး(၃)ယောက်နှင့်အတူ ကန္နားစီး ဘဝကို မက်မောနေဆဲ ။
သာမာန်အရပ်သားတစ်ယောက်လို လွတ်လပ်စွာ နေထိုင်ခွင့်နည်းပါးသော ကန္နားစီးတစ်ယောက်၏ ဘ၀ကို တော်ယုံလူရွေးချယ်နိုင်ဖို့ ခဲယဉ်းသလို ရွေးချယ်ထားသူများအတွက် ကြုံတွေ့ရသော အခက်အခဲများကလဲ များမှ…များ။
`သားသမီးတွေ ငယ်တုန်းကဆို ကျောင်းပြန်လာတိုင်း ငိုပြီးပြန်လာတယ်၊ နတ်ကတော် သား/သမီး ဆိုပြီး လူတွေက ၀ိုင်းစလို့…တဲ့၊ ကျမ စဉ်းစားကြည့်ဖူးတယ် နတ်ကတော်ဆိုတာ မကောင်းမှုကို လုပ်တဲ့သူမှ မဟုတ်တာ၊ ဘာလို့ အဲ့လို လှောင်ပြောင်စရာ တစ်ခု ဖြစ်နေရတာလဲ၊
..တစ်ချို့က စုန်းလိုလို ကဝေလိုလိုစွပ်စွဲပြီး ကဲ့ရဲတတ်ကြသလို အလကား နေရင်းရွံကြောက်ဖြစ်နေတဲ့ သူတွေ၊ မခေါ်နိုင်မပြောနိုင်နဲ့ ရှောင်ဖယ်နေတဲ့သူတွေလဲရှိတယ်’ ဟု ဒေါ်မိုးမိုးက ပြောသည်။
သို့သော်`ရွှေ´တို့၏ တိုင်းပြည်အတွင်း ရိုးရာယဉ်ကျေးမှုအရ ယုံကြည်စွာကိုးကွယ်နေသူများ ရှိနေသရွေ့ တာဝန်ဝတ္တရားနှင့်စောင့် ထိန်းမှုများပြားလာသ၍ စည်းမျဉ်းဆောင်တာ ကျဉ်းကျပ်လှ သော `ကန္နားစီး´ (အရပ်အခေါ်-နတ်ကတော်) ဘ၀နှင့် ရှင်သန်သူ များကလဲ ရှိနေဆဲ။
စိတ်ရင်းစေတနာကောင်းလှပါသည် ဟု အရှေ့တောင်အာရှတွင် နာမည်ကြီးသော`ရွှေ´တို့၏ အသိုက်အ၀န်း၌ တိတ်တဆိတ်တွယ်ကပ်ပါလာတတ်သော`လှောင်ပြောင် နှိမ့်ချခြင်း အတတ် ပညာ´မှာ တသီးတသန့် သင်တန်းဖွင့်လှစ်သင်ကြားပေးခြင်း မရှိဖူးသော်လည်း လူမှုအသိုင်းအ၀န်း များ၌ ရှိနေဆဲ။
နတ်ကိုဗန်းပြကာ လိမ်ညာဂွင်ဆင်ရိုက်စားလုပ်တတ်သော မသမာသူများကြောင့် ရိုးရာအစဉ်အလာကို ထိန်းသိမ်းသော အစစ်အမှန် ကန္နားစီးများအဖို့ သိက္ခာကျခဲ့ရသည်မှာ အခါခါ။
ပြည်သူ့ကြေးမုံသဖွယ် အသိပညာဖြန့်ဝေပေးသော ဗွီဒီယိုဇာတ်ကားကဲ့သို့ မီဒီယာအချို့တွင်လည်း ကန္နားစီးတစ်ယောက်၏ သရုပ်ဆောင်ချက်သည် ဟာသတစ်ခု/လိမ်ညာဟန်ဆောင်သူ အဖြစ် သရုပ်ဖေါ် ခံခဲ့ရသေးသည်။
`နာမည်ကြီးမင်းသားကြီးတစ်ယောက်ရဲ့ ဇာတ်ဝင်ခန်းတစ်ခုမှာ ကန္နားစီးနေရာမှာ သရုပ်ဆောင်ပြီး ပြော သွားတဲ့ စကားတစ်ခွန်း ရှိတယ် `ငါကဒီဘ၀ကို အနေချောင်လို့ နေနေတာ´တဲ့၊ အဲ့ဒီစကား တစ်ခွန်းရဲ့ ရိုက်ခတ်မှုက ကန္နားစီးအားလုံးဟာ အဲ့လိုရည်ရွယ်ချက်နဲ့ဖြစ်နေရသလို သဘောသက်ရောက် စေ တယ်လေ´ဟု ဒေါ်မိုးမိုးက ဆိုသည်။
မြန်မာသက္ကရာဇ်တိုင်း၏ နတ်တော်လ၊ တပေါင်းလနှင့် ၀ါခေါင်လများသည် ကန္နားစီးတို့အတွက် တစ်နှစ်စာဝင်ငွေရရှိနိုင်သော ပွဲတော်ကာလများဖြစ်ပြီး အခြားအချိန်များတွင် အရေးကိစ္စများအတွက် ကန်တော့ပွဲထိုးသူနှင့် နတ်မေးသူအချို့သာ ခပ်ကျဲကျဲရှိတတ်၍ ၀မ်းဝဖို့ မပူရသော်လည်း
နောက်ခံ ထောက်ပံ့ပေးသူ မရှိက ခါးလှဖို့ တော့ မသေချာ။
ကိုးကွယ်သူ၊ ကန္နားပေးသူများအတွက်`ကန္နားစီး´ တစ်ယောက်သည် ဆရာတစ်ဆူဖြစ်နိုင်သော် လည်း စောင့်ထိန်းရမည့် ၀တ္တရားများနှင့်ရှောင်ကျဉ်ရသည့်စည်းကမ်းချက်များက လူ့အသိုင်းအ၀ိုင်း မှာ ကဲ့ရဲ့စရာတစ်ခုအဖြစ် အလိုလိုဖြစ်တည် နေတုန်းပင်။
နတ်ကိုးကွယ်မှုနှင့် ကန္နားစီးတို့၏ဘ၀ကို လက်ခံနားလည်ပေးနိုင် သူ တွေရှိသလို ခေတ် ပညာနှင့် နှိုင်း ယှဉ်ပြီး လက်မခံနိုင်စွမ်းရှိသူတွေလည်း ရှိနေဆဲ။
`ရိုးရာတော့ ရိုးရာကဏ္ဍတစ်ပိုင်းပေါ့။ မိန်းမတွေဖြစ်ပြီး အရက်သောက်တာ၊ ကခုန်တာ၊ နှုတ်ကြမ်း အာကြမ်းနှင့် ပြောတတ်ဆိုတတ်ကြတာတွေက လူ့အသိုင်းအ၀ိုင်းမှာ မသင့်တော်သလိုဖြစ်နေတယ်´ ဟု အငြိမ်းစားကျောင်းအုပ်ဆရာမကြီးတစ်ဦးက မှတ်ချက်ချသည်။
လူသားတိုင်းအတွက်ကိုယ်ရှင်သန်ရာဝါသနာနှင့်အသိုက်အ၀န်းဆိုသည်မှာပိုင်ဆိုင်ရာကံကြမ္မာနှင့်ဖန်တီးနိုင်

မှု တစ်ဝက် ပါဝင်သော
ဘ၀ပုံစံတစ်ခုဆိုလျှင် မှားမည်မထင်။
သို့သော်…….မိမိရွေးချယ်လိုက်သော ဘ၀တစ်ခုသည် အခြားလူသားများအတွက် လှောင်ပြောင်စရာ တစ်ခု ဖြစ်နေလျှင်တော့ မလွယ်ရေးချ…မလွယ်။
အထူးသဖြင့်သာမာန်ထက်ကွဲပြားခြားနားသော အခြေအနေများတွင်လှောင်ပြောင်နှိမ့်ချခြင်းကိစ္စရပ် များက မဖြစ်မနေဖြစ်ရမည့်သဘာဝအလားစွဲမြဲစွာကျင့်သုံးနေကြသော်လည်း၊ရွှေတို့၏တိုင်းပြည်တွင် `တောင်ပြုံးပွဲ

တော်´ကဲ့သို့သော အထိမ်းအမှတ်ပွဲများကို လွတ်လပ်စွာ
ကျင်းပခွင့်ရရှိနေခြင်း ကတော့ ကန္နားစီးတို့အတွက် အားတက်စရာတစ်ခုပင်။
ဒေါ်မိုးမိုးကတော့`အနာဂတ်အတွက်စိတ်တိုင်းကျပုံသွင်းခွင့်မရနိုင်တဲ့သူမရဲ့မျိုးဆက်တာဝန်´ကိုသားသမီးတွေ

အပေါ်မလွှဲပြောင်းပေးတော့ကြောင်း ဆိုသည်။
လွန်ခဲ့တဲ့နှစ်တွေတုန်းကထက်စာရင်တော့နားလည်မှုတွေများပြားလာတဲ့ဒီခေတ်ကြီးမှာကန္နားစီးတစ်ယောက်

ကိုခွဲခြားဆက်ဆံတာမျိုးရှောင်ဖယ်တာမျိုးတွေသိပ်မရှိတော့ပါဘူး။ဒါပေမယ့်..ဘာတွေဘယ်လိုပဲ တိုးတက်
ပြောင်းလဲလာပါစေ။ရိုးရာဆိုတာတော့ဘယ်တော့မှပျောက်ပျက်သွားမှာမဟုတ်ဘူး။ရိုးရာဓလေ့တွေမပျောက်
ပျက်သေးသရွေ့တော့ ကန္နားစီးတွေလဲ ရှိနေဦးမှာ ပါပဲ´ဟု ဒေါ်မိုးမိုးက
လေသံအေးအေးဖြင့်ပြောသည်။
( မြစ်မခ )
Myit Makha Mediagroup
( မြစ်မခ )
Myit Makha Mediagroup
0 comments:
Post a Comment