Pages

Sunday, September 23, 2012

ABSDF_ ကျောင်းသားရဲဘော်ဟောင်း ဘိုဘိုရဲ့ မြောက်ပိုင်း ခရီး(၃)

 


အပိုင်း(၆)

အဲဒီနောက်မှာ ကျနော်တို့ စစ်သင်တန်းတက်ရတယ်။ စစ်သင်တန်းက ကေအိုင်အေ ထရိနင်ပါ။ ကေအိုင်
အေ ထရိနင်ဆိုတော့ KIA သီချင်းတွေကို ဆိုရတယ်။ ကျနော်တို့က ထပ်ပြောတယ်။ ကေအိုင်အေ သီချင်း
ဆိုရတာလည်းရတယ်၊ ပြသနာ မရှိဘူး။ဒါပေမဲ့ကျောင်းသားတပ်ဖြစ်လို့ကျောင်းသားသီးချင်းလည်း ဆိုသင့်
တယ်၊ဆိုရမယ်ပေါ့။ အဲဒီလိုအခြေအနေမျိုးတွေရှိတယ်။

အဲဒီလို ပါဂျောင် စခန်းမှာ အဟ လေးတွေ ရှိနေတဲ့အခြေအနေမှာ မြောက်ပိုင်း စခန်းကို ရန်ကုန်၊ မန္တလေး
က ကျောင်းသားတွေ ရောက်တာပိုများလာတယ်။ ပြောရမယ်ဆိုရင်တော့ ကိုမျိုးဝင်းအနေနဲ့က သူ့အနေ
နဲ့ ရှေ့မှာ ရောက်ခဲ့တာ မှန်တယ်။ ဒါပေမဲ့ နိုင်ငံရေးအတွေးအခေါ်နဲ့ အယူအဆပိုင်းမှာ ဆိုလို့ရှိရင် ရန်
ကုန်၊ မန္တလေး ကျောင်းသားတွေက ပိုပြီး သာတယ်။ ဘာဖြစ်လို့ လည်းဆိုတော့ကျနော်တို့က ဒီ Fieldထဲမှာ
ဖြတ်လာကြတာကိုး။

နယ်ကျောင်းသားတွေအနေနဲ့က ရန်ကုန်ကျောင်းသားတွေနဲ့ နိုင်ငံရေးပိုင်းမှာ အဟ ကွာနေတယ်။ ကွာ
တာလေးတွေ ရှိတယ်။ရန်ကုန်မှာ ဆယ်တန်းအောင်တဲ့ သူနဲ့ နယ်မှာ ၁၀ တန်းအောင်တဲ့ သူတွေ ကြားမှာ
ကွာသလို နည်းနည်းလေး ကွာနိုင်တယ်ပေါ့နော်။

အဲဒီတော့ ကျနော်တို့က စစ်သင်တန်း ဆက်မတက်တော့ဘဲနဲ့ သပိတ်မှောက်လိုက်ကြတယ်။ နောက် ဘာတောင်းဆိုသလဲ ဆိုတော့ နောက်ထပ် election လုပ်ပေးဖို့ပေါ့ အဲဒါကို တောင်းဆိုကြတယ်။

ကျနော်တို့ အောက်ခြေကျောင်းသားရဲဘော်တွေ သိခဲ့ရတဲ့ အနေအထားက…။ အဲဒီအနေအထားကပြော
ရရင်တော့….ကိုမျိုးဝင်းက မဲမရဘူး။ ဒါပေမဲ့ ပါလာတယ်။ မဲမရဘူးဆိုတာက လုံးဝ မရဘူးလို့ ပြောတာမ
ဟုတ်ဘူး။ လူကြိုက် မများဘူးလို့ ပြောတာ။

အဲဒီမှာ ကိုမျိုးဝင်းအကြောင်းကို ကျနော် ပြောချင်တယ်။ ကိုမျိုးဝင်းက မိုးညှင်းနတ်စလောရွာက။ အဲဒီတုန်း
က သူ့ရွာမှာ အာအိုင်တီ ကျောင်းသားက ၂ယောက်ပဲ ရှိတယ်။ သူက သူ့ရွာမှာတော့ ပညာတတ်ပေါ့ဗျာ။ သူ့ရွာမှာတော့ သူက အာအိုင်တီကျောင်းသားလည်း ဖြစ်တော့တကယ့်ကြီးကြီးပေါ့။

သူကကွန်မန်ဒို ဖွဲ့တဲ့အခါမှာ အဲဒီမှာသူက သူ့ရွာကနေ တောခိုလာတဲ့ ကျောင်းသားတွေနဲ့ ကွန်မန်ဒိုဖွဲ့ချ
သွားတယ်။အဲဒီအခြေအနေကို တိုတိုပြောရရင်တော့ ဖွဲ့စည်းပုံမှာသူက အထွေထွေအတွင်းရေးမှူး ၁ အနေ
နဲ့ရသွားတယ်။ အဲဒီအချိန်မှာပဲ စစ်ရေးတာဝန်ခံ ကိုသံချောင်းက မျက်စိ ထိလာတယ် ရှေ့တန်းကနေထိလာ
တာ။

မျက်စိထိလာတော့ ဒု- စစ်ရေးတာဝန်ခံတယောက်ခန့်ဖို့ လိုလာတယ်။ ကိုမျိုးဝင်းကို ဒု-စစ်ရေးတာဝန်ခံ
အနေနဲ့ တင်ပေးလိုက်တယ်။

အဲဒီတော့ မအပရဲ့ ဖွဲ့စည်းပုံက အကုန်လုံး ကေအိုင်အေကို မှီးသွားခဲ့တာချည်းပဲ။ ကေအိုင်အေမှာ ဦးဘရန်
စိုင်းက ဥက္ကဋ္ဌ၊ အဲဒီအချိန်မှာ ကေအိုင်အေမှာ ဒုဥက္ကဋ္ဌက ဗိုလ်ချုပ်ထော်မန် သူက စစ်ရေးတာဝန်ခံ CS။ ဒီမှာ
က ကိုသံချောင်းက စစ်ရေးတာဝန်ခံပေါ့ ကျနော် ပြောချင်တာက သူတို့က ကေအိုင်အေ အတိုင်းကို အကုန်
လိုက်လုပ်တာ။

အဲဒီလို သွားတော့ သွားတဲ့ထဲမှာ အခြားဒေသတွေထက် ကျနော်တို့ရဲ့ မအပက တော်တော်လေး အောင်
မြင်ခဲ့တယ်။ အောင်မြင်တယ်ဆိုတာက ရှေ့တန်းတွေမှာလည်း ကျနော်တို့ အောင်မြင်တယ်။ပြည်သူက ချစ်
တယ်။ ပြည်သူလူထုက ကျောင်းသားတွေကို ချစ်တယ်။

အဲဒါက ကေအိုင်အေနဲ့ ပူးပေါင်းစစ်ဆင်ရေးတွေမှာ အောင်မြင်တယ်။ ပြည်သူလူထုရဲ့ ထောက်ခံမှု ရတယ်။

အဲဒီအချိန်မှာ ကျနော်တို့ရဲ့ မြောက်ပိုင်း ABSDF က အရမ်းတက်နေတဲ့အချိန် အောင်မြင်နေတဲ့အချိန်
တောင်ပိုင်းနဲ့တောင် မတူပါဘူး။ အဲဒီမှာ သွားနေရင်းနဲ့ကျနော် တာဝန်ထမ်းဆောင်ခဲ့ရတာ ဘယ်မှာ ထမ်း
ဆောင်ခဲ့ရလဲ ဆိုတော့ ပရိုပဂန်ဒါ (Propagator)မှာထမ်းဆောင်ခဲ့ရတာ။ ကျနော်က သင်တန်းဆင်းပြီးတာ
နဲ့ ပရိုပဂန်ဒါ တမ်းရောက်တာ။ ကျနော်က အဲဒီတုန်းက အသားဖြူဖြူနဲ့ လူကောင်ကလည်းသေးတယ် အ
သက်လည်းငယ်။ ဂစ်တာလည်း တီးတယ်။ဟိုမှာ ရောက်ရောက်ချင်း ဂစ်တာ သွားတီးတော့ဟိုမှာ ဂစ်တာ
တီးမဲ့သူလည်း မရှိဘူးဗျာ။ အဲဒါနဲ့ ကျနော်က ပရိုပဂန်ဒါကို ရောက်ရောဗျာ။

အဲဒီမှာပြောစရာရှိတာက ကိုမျိုးဝင်းနဲ့ ကျနော် စစ်ဆင်ရေး ထွက်ဖူးတယ်။ကိစ္စရပ်လေး တခုကို ကျနော်
ပြောပြချင်တယ်ဗျာ့။ အဲဒီမှာ ကျနော့် မသေရတဲ့ အကြောင်းရင်းလေး တခုရှိတယ်။ ကိုမျိုးဝင်း  ကျနော့်ကို မသတ်ရတဲ့ အကြောင်းရင်းလို့လည်း ပြောလို့ရတယ်။ ခုန ပြောခဲ့တဲ့ ကျနော်တို့ သင်တန်းတက်နေတာ
ကို သပိတ်မှောက်လိုက်တယ်။

ကျနော်တို့ လုံးဝ သင်တန်းဆက်မတက်တော့ဘူး။ ကုန်းကလည်း ဒီဘက်က ကိုမျိုးဝင်းတို့ ဒီဘက်က သင်
တန်းကုန်းပေါ့။အဲဒီတုန်းက ဒီဇင်ဘာလကြီးပေါ့။ကော်မတီရုံးကလည်း ည ၆နာရီကျော်ရင် ကော်မတီရုံးကို
 မတက်နဲ့ ပစ်မိန့်ပေးတယ်ပေါ့ဗျာ။ ပစ်မိန့်ပေးထားတယ်။ ဘယ်သူမှလည်း မတက်ဘူး။ တက်တဲ့ သူကို ပစ်လို့ရတာကို။ အဲဒီအချိန်မှာ ကျနော်တို့ကလည်း ဘားတိုက်ထဲမှာ မျိုးဝင်းမကောင်းကြောင်းတွေ ပြောကြ
တယ်။ ဟာ အဲကောင် လူပါးဝတယ်ပေါ့။ ကိုမျိုးဝင်းကလည်း အဲဒီအချိန်မှာ သူ့တပ်ကို ပြန်ခေါ်ထားတယ်။ ကျနော်က အဲလို အခြေအနေကို မကြိုက်ဘူး။

ကျနော်က ဖြစ်ချင်တာက သင်တန်းထဲက လူတွေကလည်း ကျနော့်အကိုတွေပဲ။ ကိုအောင်ကျော်တို့ ကိုရန်
ရှင်းတို့။ ကိုရဲ တို့…ဒါ ကျနော့်အကိုတွေပဲ။ကိုမျိုးဝင်းလည်းသူလည်း ကျောင်းသားပဲကျနော့်ထက်အသက်
ကြီးတယ်၊ သူလည်း အိုင်အာတီက ကျောင်းသားပဲ သူလည်းပဲ အကိုပဲပေါ့ ကျနော်အဲလို ခံစားတယ်။ စိတ်ထဲ အတူတူပဲလို့လည်း ခံစားမိတယ်ပေါ့။

အဲလို ခံစားမိတော့ ဒီလိုတွေ အဖွဲ့ခွဲတာ ကျနော် စိတ်ညစ်တယ်။ မြို့ပေါ်မှာ အဖွဲ့ခွဲတာတောင် ကျနော်
တော်တာ် စိတ်ညစ်တယ်။ ခုဟာက တောထဲမှာ ဟိုပြီး စိတ်ညစ်တယ်။ အဲဒါကြောင့် ညကြီး ကော်မတီကုန်း
ကို ကျနော်က တယောက်တည်း တက်သွားတာ။ အဲဒီအချိန်မှာ ကော်မတီကုန်းမှာတာဝန်ကျတာက ဂွတိုနဲ့ ကိန်းမြင့် ဗျ၊ ကျနော်မှတ်မိတယ်။ အဲဒီအချိန်မှာ ဂွဖြစ်ရင်ဖြစ်မယ်၊ ကိန်းမြင့်ဖြစ်ရင် ဖြစ်မယ်။ ကျနော် က ည ၆နာရီတော့ ကျော်သွားပြီးသွားပြီဆိုတာမှတ်မိတယ်။

အဲဒီအချိန်မှာကော်မတီကုန်းတက်သွားတော့အဲဒီထဲက တယောက်က သေနပ်ကို ဗျောင်း ဗျောင်း ဆိုပြီး ချည်ထိုးပြီးတော့မှ ကျနော့်ကို ရပ်ဆိုပြီးတော့  စကားဝှက်လှမ်းမေးတယ်။ကျနော်က စကားဝှက်မသိဘူး
။ ဘယ်သူလဲ ဆိုတော့..ဘိုဘို လို့ ကျနော် ပြောလိုက်တယ်။ကျနော်က တကယ်တော့သိပ်သတ္တိရှိလို့တက်
သွားတာ မဟုတ်ဘူး။ ကြော က်ကြော က်နဲ့ တက်သွားတာ။

ဘိုဘိုလို့ အကျယ်ကြီး အော်ပြောတယ်။ သုံးခွန်း လှမ်းမေးတယ်။ အဲဒီသုံးခွန်းစလုံး ကျနော် ဘိုဘိုလို့ပဲ အ
ကျယ်ကြီး အော်ပြောတယ်။ ကျနော့်စိတ်ထဲမှာ ကြောက်တယ်။သုံးခါမေးလို့မှ မရတော့ ပစ်လို့ရပြီကိုး။ ကျ
နော်ကလည်း တော်တော်ကြောက်နေပြီ။

အဲဒီအချိန်မှာ ကိုမျိုးဝင်းက “ဟေ့ကောင် ခဏနေဦး လွှတ်လိုက်“ လို့ ပြောတယ်။ အဲဒီအချိန်မှာ ကိုမျိုးဝင်းက မှတ်မှတ်ရရ မီးလှုံနေတာ။ အဲဒီရဲ့ အပြင်မှာ ဂွတိုတို့၊ ကိုကိန်းမြင့်တို့ ရှိတယ်။ ကျနော် ရောက်သွားတယ်။ သူက ဘာကိစ္စလဲ လို့မေးတယ်။

“အကို အကိုလည်း ကျောင်းသားပဲ၊ဟိုမှာလည်း ကျနော့်အကို ကျောင်းသားတွေပဲ ဒါပေမဲ့ ဒီပုံဆန်ကြီးဖြစ်
နေတာ““ အဲလို ပြောရင်းပြောရင်းနဲ့ ကျနော် ခံစားလာရပြီး ငိုချင်လာတာ၊ အဲဒါနဲ့ ကျနော် ငိုရင်းနဲ့ သူ့ကို
 ပြောတယ်။

ညီတယောက်က အကိုတစ်ယောက်ကို ပြောတဲ့ ပုံဆန်ပါပဲ၊ အဲဒီလို ပုံဆန်နဲ့ ကျနော်သူ့ကို ငိုပြီး ပြောတယ်။

“ကျနော် အဲလို မဖြစ်ချင်ဘူး…ကျနော်တို့ ဒီမှာလာတာ စုစုစည်းစည်းနဲ့ သွားချင်တယ်…အဲလိုဖြစ်နေတာ မကောင်းဘူး၊ မှန်ခြင်းမှားခြင်းကိုလည်း ကျနော် မဆိုလိုချင်ဘူး…“လို့ ငိုရင်းနဲ့ ပြောတယ်။

မျိုးဝင်းက အဲဒီမှာ တော်တော်လေးဘယ်လိုပြောမလဲ ပြီးတော့ ကျနော့်ကို ချွေးသိပ်ပြီး ပြန်လွှတ်လိုက်တယ်
။ အဲဒီကိစ္စကို ကျနော့်ကို အမှတ်ပေးခဲ့တယ်၊ နောက်ပိုင်း စစ်ကြောရေးမှာ ကျနော့်ကို အဲဒါပြန်ပြောတယ်။

ပြီးတော့ ကျနော်ကလည်းသင်တန်းမှာဒီကိစ္စကို ပြန်ပြောတယ်။သူလည်း ကျောင်းသား၊ကိုယ်လည်းကျောင်း
သားဖြစ်နေတယ် ၊ မှန်ခြင်း မှားခြင်းထက် ခုလိုမျိုး ကွဲနေတာမျိုးတွေ မဖြစ်သင့်ဘူးဆိုတာမျိုး ပြောခဲ့တယ်။


အပိုင်း(၇)

နောက်တခု ကျနော်ပြောချင်တာက စစ်ဆင်ရေးထွက်တဲ့ အကြောင်းပေါ့နော်။စစ်ဆင်ရေးထွက်မယ်ဆိုရင်
 ကျနော်တို့ကတော့ Fighter အနေနဲ့ မထွက်ရဘူး။ ကျနော်တို့သွားမယ်ဆိုရင် ရှေ့မှာ တပ်ခွဲတစ်ခွဲ အရင်
သွားရတယ်။ ကျနော်တို့က ရွာတွေဝင် ရောက်တဲ့ ရွာ တိုင်စိုက်အလံထောင် ပြီးရင် သီချင်းဆို အဲဒီပုံစံနဲ့ကျ
နော်တို့ သွားလေ့ရှိတယ်။

အဲလို သွားနေရင်းနဲ့ ကျနော်နဲ့ အတူတူ ထွက်ခဲ့တဲ့ စမ်းချောင်းအကသက ကိုဝဏကျော်က တိုက်ပွဲကျ
သွားတယ်။ သူတိုက်ပွဲ ကျသွားတော့ ကျနော်လည်း တော်တော်လေး ခံစားရတယ်။ ရှေ့တန်းထွက်ဖို့အ
တွက် တောင်းဆိုတယ်ပေါ့နော်၊ အဲဒီတပွဲမှာတော့ သူက ကျနော်တို့ကို ပေးလိုက်တယ်။

အဲဒီမှာ တခု ကွာတာက ဘာကွာလဲဆိုတော့ ကျနော်တို့ နောက်တန်းမှာတော့ အိုကေတယ်နော်။ ရှေ့
တန်းထွက်လို့ရှိရင် ရန်ကုန်-မန္တလေးက ကောင်တွေက သူတို့လောက် မထွက်နိုင်ဘူး။ သူတို့က အကြမ်း
သွားနိုင်တယ်။ ကျနော်တို့ ရန်ကုန်xမန္တလေးက ကောင်တွေက အပြောပဲ ရှိတာ သူတို့ကို မီကို မမီဘူး။ တ
ကယ်ကို ခွေခေါက်နေတာပဲ။

ကိုင်းတောကြီး မီးရှို့ထားတဲ့ အလယ်ကနေ ဖြတ်ရတာတို့ မှာ နေကပူ၊ ဘေးက ပူနဲ့ ကျနော်တို့က လမ်း
ကို မလျှောက်နိုင်တော့တာ။ တကယ်ပဲ ဘယ်လိုကို မရတာ၊ ပြီးတော့ ခါးထက်နည်းနည်းလောက်ပဲ မြင့်တဲ
့ တောင်ကဗျက်တောင် ကျနော်က မတက်နိုင်ဘူး။ ကျနော်က ကိုမျိုးဝင်း runner အနေနဲ့ လိုက်သွားတယ်။

ကိုမျိုးဝင်းရဲ့ ကိုယ်ရံတော် တပ်စိတ်ရှိတယ်။ ကိုတောက်ပြောင်တို့ ဦးလှရွှေတို့။ သူဆိုလို့ရှိရင် ကိုမျိုးဝင်းတို
့ ရွာကပဲ၊ သူဆိုရင် ကျနော်ရဲ့ ကာဘိုင်ရော၊ ပစ္စည်းတွေရော အကုန်အားလုံး ယူသယ်ပေးတာ။ ကျနော်က လူချည်လျှောက်တာကို မလျှောက်နိုင်ဘူး ဖြစ်နေတာ။ သူတို့က အကုန်လုံး သယ်ပြီး လျှောက်ပေးကြတာ။

အဲတော့ စစ်ဆင်ရေးမပြီးဘူး ကျနော် ၃ လနဲ့ ပြန်လာရတယ်။ ဘာဖြစ်လို့လည်း ဆိုတော့သွားကိုက်လို့။ ကျနော်ဆင်သားစားတဲ့နေရာမှာဗျာ သွားကိုက်ပြီးတော့ထမင်းမစားနိုင်တော့ဘူး။ ရှေ့တန်းလည်းရောက်
နေတယ် ထမင်းလည်း မ၀င်တော့ပိုဆိုးတာပေါ့။အဲတော့၃ လနဲ့ကျနော်ပြန်ရောက်လာတယ်။ ပြန်ရောက်
လာပြီးတော့ သီချင်းပဲ ဆိုနေရတာပေါ့ဗျာ။ ကျနော်က ဂစ်တာတီးလိုက်၊ သီချင်းဆိုလိုက်နဲ့ ဒီအလုပ်တခုပဲ လုပ်နိုင်တယ်။

အဲဒီလို အခြေအနေကနေ ကျနော်တို့ကို ထောက်လှမ်းရေး ဆိုပြီးတော့ စပြီး စွပ်စွဲပြီး ဖမ်းတာက သြဂုတ်မှာ
စဖမ်းတာ။ခုနှစ်ကတော့ သေချာ မသိတော့ဘူး  ခုနှစ် သြဂုတ်လလောက် ထင်တယ်။

ဘယ်ကနေစဖြစ်တာလဲ ဆိုတော့ ကိုသံချောင်းက တိုက်ပွဲမှာ လက်သွားထိတယ်။ ဗန်းမော် တိုက်ပွဲမှာ အဲဒီ စစ်ဆင်ရေးမှာကျနော်ပါတယ်။၁၇မိုင်နားမှာဖြစ်တော့ကိုသံချောင်းလက်ထိသွားတယ်။ညာဘက်လက်လား
မသိဘူးဗျ။ အဲဒီမှာ သွားထိခဲ့တယ်။

အဲဒီမှာ ကျနော် နည်းနည်းစဉ်းစားရင်း ရောနေတာ ရှိတယ်။ အဲဒီ တိုက်ပွဲမတိုင်ခင်မှာ ကိုမျိုးဝင်းက စစ်ရေး
တာဝန်ခံဖြစ်တာလား၊ ဒီတိုက်ပွဲပြီးမှ ဖြစ်တာလား ကျနော် ရောနေတယ်။ ဒါပေမဲ့ သေချာတာကတော့ ကို
မျိုးဝင်းက စစ်ရေးတာဝန်ခံဖြစ်ခဲ့တယ်။ ပြီးတော့ ထောက်လှမ်းရေး တာဝန်ခံကလည်း ရှေ့တန်းမှာ ကျသွား
တယ်။ထောက်လှမ်းရေး တာဝန်ခံ ကိုဖေက မိုးညှင်းဘက်မှာ တိုက်ပွဲ ကျတာ။

အဲဒီမှာ ထောက်လှမ်းရေး section ကို ကိုမျိုးဝင်းက တိုက်ရိုက်ကိုင်တာ။ပြီးတော့ကိုမျိုးဝင်းက အဲဒီမှာ ကွန်မန်
ဒိုဖွဲ့တယ်။ သူ့လူတွေနဲ့ချည်းပဲ ဖွဲ့ချသွားခဲ့တာ။ ကိုမန်ဒိုနဲ့ ရိုးရိုး တပ်ရင်းနဲ့က ဘာကွာလဲ ဆိုတော့ ရိုးရိုး
တပ်ရင်းအနေနဲ့ ပြန်ဝင်လာပြီ ဆိုရင် လက်နက်အပ်ရတယ်။ ကေအိုင်အေမှာလည်း အဲဒီပုံအတိုင်းပဲ။ကွန်မန်
ဒိုက ၂၄ နာရီ အမြဲ သေနပ်နဲ့ အတူ ရှိနေလို့ရတယ်။ ကေအိုင်အေမှာ ကွန်မန်ဒို ကုန်းက သီးသန့်ရှိတယ်။ ကျနော်တို့ ကျောင်းသားတပ်မှာတော့ ကွန်မန်ဒို ကုန်းက သီးသန့်မရှိဘူး။ အကုန်ရောနေတာပေါ့ဗျာ၊ ဒါ
ပေမဲ့ များသောအားဖြင့် ကွန်မန်ဒိုက ရှေ့မှာပဲ နေနေရတာများတယ်။ ဗဟိုတက်တယ်ဆိုရင် ခဏပဲ၊ ပြီး
တာနဲ့ ရှေ့တန်းပြန်ထွက် အဲလိုပဲ ရှိတာကိုး။

အဲတော့ကိုမျိုးဝင်းက ကွန်မန်ဒိုကိုင်တယ်၊ ကွန်မန်ဒို ဖွဲ့တဲ့အခါမှာလည်း လုံးဝ သူ့စိတ်တိုင်းကျ သူ့ရွာထဲ
က လူတွေနဲ့ချည်း ဖွဲ့ချသွားတယ်။ သူက အဲဒီတုန်းက ဒု- စစ်ရေးတာဝန်ခံဖြစ်နေတော့ လုပ်လို့ရတာပေါ့။ တပ်ရင်းတွေမှာကြတော့ ကိုင်ရတဲ့ သေနပ်တွေက မီးကျိုးမောင်းပျက်တွေပဲ များတယ်။ ကွန်မန်ဒိုမှာတော့ တကယ့်အကောင်းတွေ ပေးထားတာ။ ထားပါတော့နော်၊ အဲဒါတွေကို သိပ်တော့ မပြောချင်ဘူး။

အဲဒီမှာ ကျနော်တို့ကို ထောက်လှမ်းရေးကို စပြီးစွပ်စွဲပြီး ဖမ်းခံရတာက…သြဂုတ်မှာ၊ ၁၉၉၁စပြီး ဖမ်းတာက ကိုစိုးမင်းအောင်ကို စဖမ်းတာ။ ကိုစိုးမင်းအောင်က ကိုရဲ..ရဲ့ ရန်လ်ဒါ။ နောက်တော့ … ထွက်ပြေးသွားတယ်
လေ။(ထလရလို့ စွပ်စွဲ ဖမ်းဆီးတာတွေ ဗျူဟာ၂ ဗန်းမော်ခရိုင်မှာ ၆ ရက် သြဂုတ်လ ၁၉၉၁ မှာ စတင်ခဲ့တာ ။ ပါဂျောင်မှာ က စိုးမင်းအောင်ရဲ့ ထွက်ချက်တွေကနေ ဆွဲယူလာပြီး ၉ သို့မဟုတ်၁ဝ ရက် သြဂုတ်လ၁၉၉၁
 ခုနှစ်မှာ စဖမ်းတာ - မနန်းအောင်ထွေးကြည်)

အဲဒီမှာ ကိုမျိုးဝင်းတို့အဖွဲ့က ကိုစိုးမင်းအောင်ရဲ့ ထွက်ချက်တွေကိုယူသွားတာ။ အဲဒီတုန်းက ကျနော်တို့က ပွဲလုပ်နေတဲ့ အချိန်ဗျ။ ကိုစိုးမင်းအောင်ကို ဖမ်းတာကိုသိတယ်။ စစ်နေတာကိုလည် သိတယ်။ ဒါပေမဲ ကျ
နော်တို့ ဆီမှာ စစ်တာမဟုတ်ဘူး။ ကိုစိုးမင်းအောင်ကို ထောက်လှမ်းရေး ဆိုပြီးစဖမ်းတော့ ဟာဒါ ကျောင်း
သားတယောက်ပဲ ဖြစ်တယ်၊ ခုလိုမျိုး မလုပ်သင့်ဘူးဆိုတဲ့ အတွေး ကျနော့်မှာ လုံးဝ မရှိဘူး။ တကယ်ကို မ
ရှိတာ။ ဖမ်းတယ် စစ်တယ် အဲလောက်ပဲ သဘောထားတယ်။ကိုယ့် Section ကလည်း မဟုတ်ဘူး။

 ပြီးတော့မှ အဲဒီ ကိုစိုးလင်းအောင် ဆီကနေ list တွေ တက်လာတာ။ အဲဒီ List မှာ ကျနော်တို့ နာမည်တွေ ပါတယ်ဆိုတော့ ကျနော်တို့က ရီနေကြတာ။ အဲဒီမှာ list တက်လာပြီးတော့ မချို တို့ကို စဖမ်းတယ်။မချိုကို
ဖမ်းပြီလို့ ကြားတော့ ကျနော်က တော်တော်ကို ပြာတောက်သွားတာ။

ဘာလို့ လဲဆိုပြီး တော်တော်လေးကို စိတ်မကောင်းလည်း ဖြစ်သွားတယ်။ ပြာလည်း ပြာသွားတယ်။နောက် မငယ်တို့လည်းပါတယ်ကြားတော့ ပိုဆိုးသွားတယ်။မငယ်နဲ့ ကျနော်တို့က Section တခုတည်း propagator မှာ တူတူပဲ အလုပ်လုပ်နေကြတာ။

မချိုနဲ့က ကျနော်နဲ့ တော်တော်ရင်းနှီးတယ်၊ သူက ကျနော့်ကို အမြဲ မုန့်ဖိုးပေးတယ်။ တကယ်တော့ သူတို့
နဲ့က ကျနော်က မောင်နှမရင်းတွေလို ဖြစ်နေတာဗျ။ ကျနော်က ရေချိုးရမှာ ပျင်းတယ်။ ရာသီဥတုကလည်း
အေးတော့ ရေမချိုးဘူး။ သူက ကျနော်ရေချိုးချင်အောင် မုန့်ဖိုးပေးတယ်။

ဟဲ့ အမဆီက မုန့်ဖိုးယူ ပြီးရင်ရေချိုး ဆိုပြီး ကျနော် ရေချိုးအောင် လုပ်ပေးတယ်။ပြီးတော့ ဒယ်ပိုင်းလေးထဲ
မှာ ရေနွေးတယ်ပြီး ရေးချိုးဖို့ ရေနွေးပေးတယ်။

ကျနော်က အဲဒီလိုနဲ့ သူ့ဆီကနေ မုန့်ဖိုးယူ၊ ရေနွေးလည်းယူပြီး ရေးချိုးတယ်လေ။ ကျနော့်စိတ်ထဲမှာလည်း သူတို့က ကျနော့်အမတွေလိုပဲ မှတ်တယ်။ ခံစားရတယ်။ ဟိုမှာ တကယ့်အမလိုပဲ ဖြစ်နေတာကို။သူတို့က
လည်း ကျနော့်ကို မောင်ငယ်တယောက်လိုပဲ ဆက်ဆံခဲ့ကြတယ်။

အဲလိုနေတော့ မချိုကို ဖမ်းပြီဆိုတော့ ကျနော် ရှော့်ရသွားတယ်။စိတ်ထိခိုက်သွာတာဗျ။ နောက်...စစ်ကြော
ရး စစ်တဲ့အဖွဲ့ထဲမှာ ကျနော်ပါတယ်။

ရှေ့ဆက်ဖော်ပြပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)

0 comments:

Post a Comment