Pages

Friday, October 10, 2014

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော် Sun Complex တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူ(၁)ဦးသေဆုံး၊ (၁၃)ဦး ဒဏ်ရာရ

RangonNewsDaily:: October . 9 .2014
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ မြို့တော်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူ(၁)ဦး သေဆုံးကြောင်း သတင်းရရှိသည်။
::
ကွာလာလမ်ပူရှိ ဂျလန်ဘူကစ်ဘင်တန်မှ Sun Complex တွင် အောက်တိုဘာ (၉)ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှု ဖြစ်ပွားခြင်းဟု မလေးရှား မီဒီယာများက ဖော်ပြခဲ့သည်။ ပေါက်ကွဲမှုတွင် ဒဏ်ရာပြင်းထန်စွာ ရရှိသူတစ်ဦး နောက်ပိုင်းတွင် သေဆုံးသွားပြီး အခြား(၁၃)ဦး ဒဏ်ရာရရှိခဲ့သည်။

ဘာရီတာဟာရီယန် မလေးရှား သတင်းစာက ဒဏ်ရာရရှိသူများအနက် ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဖော်ပြခဲ့သည်။ ထို့အပြင် စင်ကာပူ၊ ထိုင်းနှင့် တရုတ်နိုင်ငံသား ကမ္ဘာလှည့် ခရီးသည်များလည်း ထိခိုက်မိခဲ့ကြောင်း သိရသည်။ ဒဏ်ရာရရှိသူများသည် အသက်(၂၂)နှစ်မှ (၄၀)ကြား အရွယ်တွင် ရှိကြပြီး အမျိုးသမီး (၂)ဦး ပါဝင်ကြောင်းလည်း ဆိုသည်။
::
ဒဏ်ရာရရှိသူများကို ကွာလာလမ်ပူ ဆေးရုံနှင့် အနီးရှိ တန်ရှင်း ဆေးရုံများသို့ တင်ပို့ပေးခဲ့သည်။ ရဲများက နောက်ထပ် ပေါက်ကွဲမှု တစ်ခုခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် သတင်းထောက်များကို ဘေးကင်းသည့် အကွာအဝေးထိ နောက်ဆုတ်ပြီး သတင်းယူရန် ပန်ကြားခဲ့ကြောင်း Channel News Asia သတင်းဌာနက ဖော်ပြသည်။

ကွာလာလမ်ပူ ရဲတပ်ဖွဲ့ အကြီးအကဲ တာဂျူဒင်း မိုဟာမက် အိုင်ဆာက ဒဏ်ရာရသူများတွင် ကမ္ဘာလှည့် ခရီးသည်အချို့ ပါဝင်ကြောင်း ပြောဆိုသော်လည်း အရေအတွက် အတိအကျကို အတည်ပြုချက် မပေးခဲ့ချေ။ “လောလောဆယ်ထိ ကျွန်တော်တို့ ယူဆထားတာတော့ တစ်ယောက်ယောက်က လက်ပစ်ဗုံး တစ်လုံးကို နိုက်ကလပ် ဘားခန်းရှေ့မှာ ထားသွားတာ ဖြစ်နိုင်ပါတယ်”ဟု တာဂျူဒင်းက ပြောကြားခဲ့သည်။
::
မလေးရှား ရဲတပ်ဖွဲ့သည် မပေါက်ကွဲသေးသည့် နောက်ထပ် လက်ပစ်ဗုံး တစ်လုံးကို သိမ်းဆည်းရမိခဲ့ကြောင်းလည်း သိရသည်။ အဆိုပါ လက်ပစ်ဗုံး အမျိုးအစားကို မလေးရှား စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့တွင် အသုံးပြုခြင်း မရှိဟု သိရသည်။
::
တာဂျူဒင်းက ယခုလုပ်ရပ်ကို မည်သည့်အဖွဲ့အစည်းက မည်သည့်ရည်ရွယ်ချက်ဖြင့် ကျူးလွန်သည်ကို အတိအကျ မသိရှိရသေးဟုလည်း ဆိုသည်။ အခြား ရဲအရာရှိ တစ်ဦးကမူ ဒုစရိုက်ဂိုဏ်းချင်း တိုက်ခိုက်သည့် လုပ်ဆောင်မှု တစ်ခုဟု ယူဆရကြောင်း မှတ်ချက်ပြုထားသည်။

Channelnewsasia ::--KOLATT(PBDN)
RangonNewsDaily


0 comments:

Post a Comment