Pages

Monday, February 18, 2013

၁၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မလိုလားသော ဒေသခံ တစ်ရာကျော် ဆန္ဒပြ

လူဦးရေနှစ်ထောင်ကျော် နေထိုင်သော ကျေးရွာအုပ်စုကို ၁၈ နှစ်ကြာ အုပ်ချုပ်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြန်လည်ခန့်အပ်မည်ကို မလိုလားသော ဒေသခံ လယ်သမား ၁၂၀ ကျော်ခန့်က ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ မအူပင်မြို့တွင် တရားဝင်ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ အသက် ၆၀ ခန့်ရှိ ဦးထွန်းငွေသည် မအူပင်မြို့နယ် ခနောင်ကျေးရွာ ငါးမွေးမြူရေးလုပ်ငန်းရှင် တစ်ဦးဖြစ်ပြီး ယခင်အစိုးရလက်ထက် အဆက်ဆက်ကတည်းက ကျေးရွာဥက္ကဋ္ဌ ဖြစ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးချယ်ပွဲတွင်လည်း မြို့နယ်အဆင့်မှ ခန့်အပ်ခြင်းခံရကာ ယနေ့တိုင် အုပ်ချုပ်ရေးမှူး လုပ်နေသူဖြစ်ကြောင်း ဆန္ဒပြပွဲကို ဦးဆောင်သူ လယ်သမားကြီး ဦးအောင်မင်းက ပြောသည်။

"ကျွန်တော်တို့က ဘယ်သူတက်တက်ပါ။ အပြောင်းအလဲ လိုချင်တာပါ။ ကျေးရွာအုပ်ချုပ်ရေးမှူးကိုတော့ ခေတ်ပညာတတ် ဖြစ်စေချင်တာပဲ။ အခုက အုပ်ချုပ်ရေးမှူးက သူပဲ ပြန်ဖြစ်အောင် အိမ်ခြေတန်းစီတာ၊ ဆယ်အိမ်မှူးရွေးတာကအစ မမှန်မကန်နဲ့ လုပ်နေတာတွေ တွေ့နေရလို့ ဆန္ဒပြခွင့်တင်ပြီး တရားဝင်ဆန္ဒပြတာပါ"ဟု ၎င်းက ပြောသည်။

ယနေ့ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျေးရွာသူ ကျေးရွာသား ၁၂၀ ခန့်က "ခနောင်အုပ်ချုပ်ရေးမှူး ပြန်ရွေးပေးရေး တို့အရေး၊ ဆယ်အိမ်စုမှူးများ ပြန်ရွေးပေးရေး တို့အရေး၊ ခနောင်ရပ်ကျေးအုပ်ချုပ်ရေးမှူး ပြန်ရွေးပေးရေး တို့အရေး"စသည့် ကြွေးကြော်သံ သုံးခုကို ကြွေးကြော်ကာ လှည့်လည်ခဲ့ကြသည်။

လှည့်လည်ဆန္ဒပြသူများသည် "ပြည်သူမတင်မြှောက်သော အုပ်ချုပ်ရေးမှူး အလိုမရှိ" "ဥပဒေစည်းကမ်း ဖောက်ဖျက်သော အုပ်ချုပ်ရေးမှူး အလိုမရှိ၊ တရားမျှတမှု၊ မှန်ကန်မှု မရှိသော အုပ်ချုပ်ရေးမှူး အလိုမရှိ" "ဆယ်စုမှူးပြန်ရွေးပေး" "အများပြည်သူ တင်မြှောက်သော အုပ်ချုပ်ရေးမှူး တင်မြှောက်ရေး"စသည့် စာသားများ ရေးသားထားသော စက္ကူပြားများ ကိုင်ဆောင်ကာ မအူပင်မြို့ပေါ်တွင် လှည့်လည်ကြကြောင်း ဆန္ဒပြပွဲအား မြင်တွေ့ခဲ့သော မအူပင်မြို့ ဒေသခံ ဦးရဲမင်းကလည်းပြောသည်။

ဆန္ဒပြပွဲမှာ တားဆီးခံရခြင်းမရှိဘဲ အေးချမ်းစွာပြီးဆုံးသွားပြီး မိမိတို့ ကျေးရွာသို့ စက်လှေများဖြင့် ပြန်သွားကြကြောင်း ၎င်းကပြောသည်။
 
 
RND: 18.2.2013
7Day News Journal

0 comments:

Post a Comment